သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ကွပ်မျက်တဲ့နေရာ ၃၀၀ ကျော် ဆိုးလ်အလူ့အခွင့်ရေးအဖွဲ့ ဖေါ်ထုတ် 


တောင်နှင့် မြောက် ကိုရီးယား Demilitarized Zone (DMZ) နေရာ
တောင်နှင့် မြောက် ကိုရီးယား Demilitarized Zone (DMZ) နေရာ

မြောက်ကိုရီးယားနိုင်ငံအတွင်း လူမြင်ကွင်းမှာ စီရင် ကွပ်မျက်လေ့ရှိတဲ့ ရာနဲ့ ချီတဲ့ နေရာတွေကို ဖော်ထုတ်နိုင်ပြီလို့ ဆိုးလ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Transitional Justice Working Group က ပြောပါတယ်။

အဲဒီ နေရာ ၃၂၃ နေရာ အတိအကျ ဘယ်မှာရှိသလဲဆိုတာကိုတော့ မြောက်ကိုရီးယား အစိုးရက ခြေရာဖျောက်ပစ်မှာ စိုးရိမ်တာကြောင့် မပြောပေမယ့် မြစ်တွေ၊ လယ်ကွင်းတွေနဲ့ တောင်ကုန်းတွေအပြင် ဈေးတွေနဲ့ စာသင်ကျောင်းတွေလည်း ပါတယ်လို့ ဆိုပါတယ်။ အဲဒီ အဖွဲ့ရဲ့ အစီရင်ခံစာမှာ လူ ၁၀ ယောက်ကို ကွပ်မျက်ရေးအဖွဲ့က သေနတ်နဲ့ တစ်ပြိုင်နက်တည်း ပစ်သတ်တဲ့အကြောင်း ပါရှိပြီး ရာချီတဲ့ လူတွေ ရှေ့မှာ ကွပ်မျက်ရတဲ့ အဓိက အကြောင်းရင်းက လူတွေစိတ်ထဲ အကြောက်တရားတွေ ဖြစ်ပေါ်အောင်လို့ ဆိုပါတယ်။ ဒီလို ကွပ်မျက်တဲ့အဖြစ်အပျက်တွေ အခု နောက်ပိုင်းမှာ လျော့နည်းလာပေမယ့် လျှို့ဝှက် ကွပ်မျက် ခံရသူတွေ ပိုများလာသလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အဲဒီလို ကွပ်မျက်ခံရတဲ့ လူတွေထဲမှာ အုပ်ချုပ်သူ အခွင့်ထူးခံ ပုဂ္ဂိုလ်တွေလည်း ပါဝင်ခဲ့ရာမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကမ်ဂျုံအွန်းရဲ့ ဦးလေးတော်စပ်သူလည်း ၂၀၁၃ ခုနှစ်မှာ ကွပ်မျက်ခံခဲ့ရပါတယ်။ အလားတူပဲ အမေရိကန်နဲ့ မြောက်ကိုရီးယား နျူးကလီးယားကိစ္စ ဆွေးနွေးပွဲ မအောင်မမြင် ဖြစ်ခဲ့လို့ ဆွေးနွေးပွဲမှာ ပါဝင် ပတ်သက်ခဲ့သူ မြောက်ကိုရီးယား အရာရှိတစ်ချို့ အခုလ အတွင်းမှာ ကွပ်မျက်ခံခဲ့ရ တယ်လို့လည်း တောင်ကိုရီးယား မီဒီယာ တစ်ချို့က ရေးသားခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ဒီသတင်းတွေကို အတည်ပြုနိုင်ဖို့ ခက်ပါတယ်။ တခါတလေမှာ မြောက်ကိုရီးယားမှာ အကွပ်မျက်ခံရတယ်လို့ တောင်ကိုရီးယား သတင်းတွေမှာ အဖေါ်ပြ ခံရသူဟာ မသေပဲ ပြန်တွေ့ရတတ်လို့ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG