သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား လူ့အခွင့်အရေးချိုးဖောက်မှု ကုလဝေဖန်


မြောက်ကိုရီးယား နိုင်ငံသားများ
မြောက်ကိုရီးယား နိုင်ငံသားများ

မြောက်ကိုရီးယား အစိုးရဟာ စစ်ရေး အင်အားကို တည်ဆောက်ပြီး ပြည်သူတွေကို ငတ်မွတ်အောင်လုပ်နေပါတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက အစီရင်ခံစာတစ်စောင်က စွပ်စွဲလိုက်ပါတယ်။ မြောက်ကိုရီးယား ပြည်သူတွေဟာ ဖိနှိပ်ချုပ်ချယ်မှုနဲ့ အဂတိလိုက်စားမှုဆိုတဲ့ စနစ်ဆိုးအောက်မှာ ပိတ်မိနေလို့ တစ်သက်လုံး ဆင်းရဲချို့ငဲ့ စွာ အသက်ရှင်နေရကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဗွီအိုအေ သတင်းထောက် Lisa Schlein က Geneva မြို့က သတင်းပေးပို့ထား တာကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ဖိနှိပ်မှုနဲ့ အဂတိလိုက်စားမှု ရောဂါဆိုး ကျရောက်နေတယ်ဆိုတဲ့ ဒီ အစီရင်ခံစာဟာ မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့သူ အယောက်၂၀၀ ကျော်ရဲ့ ကိုယ်တွေ့ အဖြစ်အပျက်တွေပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အဲဒီလူတွေကို တောင်ကိုရီးယားနိုင်ငံမှာ လူတွေ့ မေးမြန်းမှုလုပ်ထားတဲ့အချက်တွေ အပေါ်က ရတာပါ။ မြောက်ကိုရီးယားရဲ့ လူမှုရေးနဲ့ စီးပွားရေး စနစ်ဟာ နိုင်ငံတဝှမ်း ပြန်နှံ့နေတဲ့ အစိုးရ အရာရှိတွေကို လာဘ်ထိုးတဲ့စနစ်ကို အခြေခံထားတယ်လို့ ကိုယ်တိုင် ကြုံခဲ့သူ ကာယကံရှင်တွေကက ဆိုပါတယ်။ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ပြောခွင့်ရ ပုဂ္ဂိုလ် Marta Hurtago က လာဘ်ပေးလာဘ်ယူမှုဟာ မြောက်ကိုရီးယားမှာ အသက်ရှင် ရပ်တည်မှုအတွက် မရှိရင်မဖြစ် လို့ ဆိုပြီး အခုလို ပြောပါတယ်။

“လူတွေကို အတောမသတ် ဖမ်းဆီး စစ်ဆေးလို့ရနိုင်တဲ့ အနေအထားကြောင့် တာဝန်ရှိသူတွေဟာ ထောင်တွင်း လူမဆန်တဲ့ အခြေအနေကို ရှောင်ရှားချင်တဲ့ ပြည်သူတွေကို အာဏာနဲ့ ငွေ ကောင်းကောင်း ညှစ်နိုင်ပြီး မျက်နှာသာလည်းရကြပါတယ်။ ထိန်းသိမ်းခံပြည်သူတွေကို ဆက်ဆံတဲ့ ပုံစံနဲ့ ထိန်းသိမ်းခံတွေရဲ့ နေထိုင်မှု ဘဝအခြေအနေကလည်း လာဘ် ဘယ်လို ပေးသလဲ အပေါ်မှာ မူတည်နေပါတယ်။”

မြောက်ကိုရီးယား လူဦးရေရဲ့ ၄၃ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ နိုင်ငံသား ၁၁ သန်းနီးပါးဟာ အာဟာရဓါတ်ချို့တဲ့နေပြီး အငတ်ဘေးနဲ့ ရင်ဆိုင်နေကြရပါတယ်။ သူတို့တွေက အခြေခံ လိုအပ်ချက်တွေနဲ့ စားစရာတွေကို ကုန်းရုန်း ရှာဖွေနေရတဲ့အချိန်မှာပဲ အစိုးရက တိုင်းပြည်ရဲ့ အရင်းအမြစ် အများစုကို စစ်ရေးအတွက် သုံးနေတယ်ဆိုတာ အစီရင်ခံစာမှာ ပါရှိပါတယ်။ အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်ကတော့ နိုင်ငံ့ ဘတ်ဂျက်အသုံးစရိတ်ရဲ့၁၄ ရာခိုင်နှုန်းကို စစ်ရေးအတွက် သုံးတယ်လို့ ဆိုပေမဲ့ စစ်ရေးအသုံးစရိတ်က ဘတ်ဂျက်ရဲ့ ၅၀ ရာခိုင်နှုန်းလောက်အထိ ရှိတယ်လို့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း တွေကတော့ ယုံကြည်နေတယ်လို့ ကုလ ပြောခွင့်ရ Marta Hurtago က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားနဲ့ နျူးကလီးယား လက်နက် လျှော့ချဖို့ ကြိုးစားပြီး စေ့စပ် ဆွေးနွေးနေတာ တွေဟာ အရေးကြီးတယ်ဆိုတာကို ကုလ မဟာမင်းကြီး ရုံးအနေနဲ့ လက်ခံပေမဲ့ အခြေခံ လူ့အခွင့်အရေးကိစ္စဟာ စေ့စပ် ဆွေးနွေးပွဲရဲ့ အဓိက အကြောင်းအရာ ဖြစ်ရမယ် လို့လည်း Marta Hurtago က VOA ကို ပြောပါတယ်။

“ဒီ နျူးကလီးယားကိစ္စရပ်တွေနဲ့ နျူးကလီးယား ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားစိုက် အသုံးချနေရတဲ့ ငွေတွေ၊ ဦးနှောက်တွေနဲ့ စွမ်းအားတွေ ကိုသာ ပြည်သူ ပြည်သားတွေရဲ့ လူနေမှု အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်ဖို့ အသုံးချမယ်ဆိုရင် အခြေအနေက အခုလို မဟုတ်ဘဲ တစ်မျိုး ဖြစ်နေမယ်ဆိုတာ သိပ်ထင်ရှားပါတယ်။”

ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ မြောက်ကိုရီးယားနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဥပဒေတွေကို အကြီးအကျယ် ပြောင်းလဲဖို့ တိုက်တွန်းထားပါတယ်။ အစီရင်ခံစာပါ အချက်အလက်တွေကို သုံးသပ် အကဲခတ်ပြီးတဲ့နောက် သာမန် လူနေမှု ဘ၀ လိုအပ်ချက်တွေကို ရရှိဖို့ ကြိုးစားရုံသက်သက်နဲ့ နိုင်ငံသားတွေကို ဖမ်းဆီး ထိန်းသိမ်း အရေးမယူသင့်သလို ခြိမ်းခြောက် ငွေညှစ်တာလည်း မလုပ်သင့်ပါဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Michele Bachelet က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG