သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား စားနပ်ရိက္ခာ ခေါင်းပါး


ဆယ်စုနှစ်အတွင်း သီးထွက်အနည်းဆုံးဖြစ်တဲ့ မြောက်ကိုရီးယားက လူ ၁၀ သန်းကျော်အတွက် စားနပ်ရိက္ခာပြတ်လပ်မှု အကြီးမားဆုံး ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂက သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။

ဥတုရာသီပြောင်းလဲမှု ပြဿနာနဲ့ လောင်စာဆီ၊ မြေသြဇာ နဲ့ တခြား သီးထွက်ကောင်းဖို့ လိုအပ်တဲ့ အရာတွေ အလုံအလောက်မရှိတာကြောင့် ဒီနှစ် သီးထွက် တန် ၅ သန်းအောက် ရောက်သွားတဲ့အကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP နဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့အစည်း FAO တို့ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာစာမှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း သီးထွက်က တန် ၅ သန်းအောက် တခါမှ မကျခဲ့ဖူးပါဘူး။ မိုးခေါင်တာနဲ့ ဆောင်းတွင်းရေခဲဒဏ်ကို ခံနိုင်အောင် အုပ်ပေးမယ့် နှင်းလည်း မကျတာကြောင့် ဇွန်လမှာ ကောက်ရိတ်သိမ်းနိုင်ဖို့ အလားအလာလည်း မကောင်းလှပါဘူး။

နိုင်ငံရဲ့ ၄၃ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ ၁၁ သန်းလောက်ဟာ နှစ်စဉ် အာဟာရ ချို့တဲ့နေတဲ့အကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။ စားစရာနည်းရတဲ့အထဲ စားရတဲ့အစားအစာတွေကလည်း အာဟာရပြည့်မီမှု နည်းတယ်လို့ ဆိုပါတယ်။

တချို့တွေဆို ကြက်ဥနဲ့ တခြားပရိုတင်းဓာတ်ပါတဲ့ အစာတွေကို တနှစ်မှာ တခါတလေပဲ စားရတာကြောင့် ပရိုတင်းဓာတ်ချို့တဲ့နေတာကို စစ်တမ်းတွေအရ သိရကြောင်း WFP ပြောခွင့်ရ Steve Taravella က VOA ကို ပြောပါတယ်။

ဘယ်လောက် စားရတာထက်စာရင် အာဟာရဓာတ်ပေါင်းစုံရအောင် အစာမျိုးစုံစားနိုင်ဖို့ အခုချိန်မှာ အရေးကြီးကြောင်း သူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG