သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ပဲ့ထိန်းဒုံးတစင်းပစ်လွှတ်


မြောက်ကိုရီးယားစစ်တပ်ကင်းစခန်းမှာ မြောက်ကိုရီးယားစစ်သည်တဦးကို ဇွန်လ ၂၆ ရက်နေ့က တွေ့မြင်ရစဥ်။ (ဇွန် ၂၆၊ ၂၀၂၄)
မြောက်ကိုရီးယားစစ်တပ်ကင်းစခန်းမှာ မြောက်ကိုရီးယားစစ်သည်တဦးကို ဇွန်လ ၂၆ ရက်နေ့က တွေ့မြင်ရစဥ်။ (ဇွန် ၂၆၊ ၂၀၂၄)

ပဲ့ထိန်းတပ် ဒုံးကျည်တစင်းကို မြောက်ကိုရီးယားက သူ့ရဲ့အရှေ့ဘက်ပင်လယ်ပြင်ထဲ ပစ်လွှတ်လိုက်ကြောင်း တောင်ကိုရီးယားက ပြောပါတယ်။ တနင်္လာနေ့ မနက်မှာပစ်လွှတ်တာဖြစ်တယ်လို့ တောင်ကိုရီးယား ပူတွဲဦးစီးချုပ်များအဖွဲ့က ပြောပါတယ်။ အသေးစိတ်ကိုတော့ မပြောပါဘူး။

တနင်္ဂနွေနေ့တုန်းကတော့ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေး လေ့ကျင့်ကြတာကို မြောက်ကိုရီးယားက အာရှပုံစံနေတိုးအဖွဲ့လို့ ခေါ်ခဲ့ပြီး အရေးပါတဲ့အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ တနင်္ဂနွေနေ့က သတိပေးခဲ့တာပါ။ သုံးရက်ကြာစစ်ရေးလေ့ကျင့်မှု အဆုံးသတ်လိုက်ပြီး တရက်အကြာမှာ မြောက်ကိုရီးယားက ခုလို သတိပေးလိုက်တာဖြစ်ပါတယ်။

မြောက်ကိုရီးယားအပေါ် ဆန့်ကျင်ရန်စလာတာကို ရှုတ်ချလိုက်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာ ပြောတာကို နိုင်ငံတော်ပိုင်သတင်းဌာန KCNA က တနင်္ဂနွေနေ့က ဖော်ပြပါတယ်။ အမေရိကန်နဲ့ နောက်လိုက်တွေက စစ်ရေးအုပ်စုဖွဲ့ပြီး ခိုင်မာအောင်လုပ်လာတာကို မြောက်ကိုရီးယားက အရေးမယူမှာ၊ ခွင့်လွှတ်မှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်က ဆိုခဲ့ပါတယ်။

တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်တို့ဟာ ပဲ့ထိန်းတပ်ဒုံးကျည်နဲ့ လေကြောင်းရန် ကာကွယ်ရေး၊ ရေငုပ်သင်္ဘော တန်ပြန်စစ်ဆင်နွှဲရေးနဲ့ ဆိုင်ဘာစစ် ကာကွယ်ရေးတွေကို ပူးတွဲလေ့ကျင့်ခဲ့ကြတာဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီယားခြိမ်းခြောက်မှုနဲ့ ဒေသတွင်း တရုတ်ဩဇာတက်လာတာကို ရင်ဆိုင်နေရချိန်မှာ ညီညွတ်ရေးကို ပြသတဲ့အနေနဲ့ နှစ်စဥ်ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ မနှစ်က ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG