သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဒုံးခွင်းဒုံးစနစ်ကို တန်ပြန်တဲ့ ဒုံးစမ်းသပ်မှု မြောက်ကိုရီးယားပြုလုပ်


မြောက်ကိုရီးယား မစ်ဇိုင်းဒုံးစမ်းသပ်မှု
မြောက်ကိုရီးယား မစ်ဇိုင်းဒုံးစမ်းသပ်မှု

မြောက်ကိုရီးယားက ရေငုပ်သင်္ဘောစခန်းတခု အနီးကနေ ပစ်လွှတ်လိုက်တဲ့ နောက်ဆုံးအကြိမ် မစ်ဇိုင်းဒုံးစမ်းသပ်မှုဟာ၊ အမေရိကန်က လက်ဦးမှုရယူပြီး တိုက်ခိုက်မယ့် အန္တရာယ်နဲ့ တောင်ကိုရီးယားမှာ တပ်ဆင်နေတဲ့ အမေရိကန်ရဲ့ အဆင့်မြင့် THAAD ဒုံးခွင်းဒုံးစနစ်ကို တန်ပြန်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

မြောက်ကိုရီးယား အရှေ့ဖက်ကမ်းရိုးတန်းမှာရှိတဲ့ တောင်ပိုင်း Hamgyong ဒေသက Sinpo ရေတပ်စခန်း အနီး ကုန်းပေါ်ကနေ ပဲ့ထိန်းတပ်ဒုံးတစင်း ဒီကနေ့ အစောပိုင်းမှာ ပစ်လွှတ်လိုက်တာကိုတော့ အမေရိကန်နဲ့ တောင်ကိုရီးယား တို့က ထောက်လှမ်း သိရှိခဲ့ကြတာပါ။ စမ်းသပ်ခဲ့တဲ့ဒုံးဟာ KN-15 အမျိုးအစား တာလတ်ပစ် ပဲ့ထိန်းဒုံး ဖြစ်နိုင် တယ်လို့လည်း ကနဦး ဆန်းစစ်လေ့လာချက်တွေ က ဖော်ပြ ကြပါတယ်။ မြောက်အမေရိက လေကြောင်းရန် ကာကွယ်ရေးတပ်ဖဲ့ွ NORAD ကတော့ မြောက်ကိုရီးယား က စမ်းသပ်ခဲ့တဲ့ ပဲ့ထိန်းဒုံးဟာ မြောက်အမေရိကတိုက်ကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်မရှိကြောင်း ပြောပါတယ်။

မြောက်ကိုရီးယားက ပဲ့ထိန်းတပ်ဒုံးတစင်းကို အရှေ့ဖက်ပင်လယ်ပြင်ထဲ ပစ်လွှတ်ခဲ့ပြီး၊ ကီလိုမီတာ ၆၀ လောက်အထိ ရောက်ခဲ့ကြောင်းလည်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။ မြောက်ကိုရီးယားရဲ့ ဒီကနေ့ မစ်ဇိုင်းဒုံးစမ်းသပ်မှုဟာ လောင်စာရည်သုံး ပထမမျိုးဆက် ပဲ့ထိန်းဒုံးတွေအစား၊ မပစ်လွှတ်ခင် အချိန်အထိ ကြိုတင်ထောက်လှမ်း သိရှိနိုင်ဖို့ ခက်ခဲတဲ့ လောင်စာအခဲသုံး တာလတ်ပစ် အဆင့်မြင့်ပဲ့ထိန်းဒုံးတွေကို ပြောင်းလဲ အသုံးပြုလာနေတဲ့ လက္ခဏာတခု အဖြစ်နဲ့လည်း ကျွမ်းကျင်သူတွေ မြင်နေကြပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယား ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးမယ့် တရုတ်သမ္မတ Xi Jinping နဲ့ အမေရိကန်သမ္မတ Donald Trump တို့ရဲ့ တွေ့ဆုံမှုမတိုင်ခင် ၂ ရက်အလိုမှာပဲ မြောက်ကိုရီးယား က မစ်ဇိုင်းဒုံးစမ်းသပ်မှု လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG