သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား န ျူကလီးယားခြိမ်းခြောက်မှုမရှိတော့ဟု ကန်သမ္မတပြောဆို


မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ စကာၤပူမှာ တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကန်ကို ပြန်လာပြီ ဖြစ်တဲ့ အမေရိကန် သမ္မတ Donald Trump က မြောက်ကိုရီးယားရဲ့နျူးကလီးယား ခြိမ်းခြောက်မှု မရှိတော့ဘူးလို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။

ခရီးရှည်ကြီးကနေ ပြန်လည်ရောက်ရှိကြောင်း၊ သူတာဝန်ယူခဲ့တဲ့နေ့ထက်ကို အခုအချိန်မှာ အားလုံးအနေနဲ့ ပိုပြီး ဘေးကင်းလုံခြုံမှုကို ခံစားနိုင်ပြီ ဖြစ်ကြောင်း သမ္မတက တွစ်တာမှာ ရေးသားခဲ့တာပါ။ ကင်ဂျုံအွန်းနဲ့ တွေ့ဆုံမှုက စိတ်ဝင်စားဖွယ်ကောင်းပြီး အပြုသဘော ဆောင်တဲ့ အတွေ့အကြုံဖြစ်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံဟာ အနာဂတ်မှာ အလားအလာကောင်းတယ်လို့လည်း သမ္မတက ရေးသားခဲ့ပါတယ်။ စကာၤပူမှာ မနေ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက ကိုရီးယား ကျွန်းဆွယ်မှာ လုံး၀ နျူးကလီးယား ကင်းစင်ရေး အတွက် သဘောတူခဲ့သလို အမေရိကန် သမ္မတ Trump ဘက်ကတော့ တောင်ကိုရီးယားနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို ဆိုင်းငံ့မယ်လို့ မမျှော်လင့်ဘဲ ပြောဆိုလိုက်ပါတယ်။

မနေ့ အင်္ဂါနေ့က ခေါင်းဆောင် နှစ်ဦးတို့ လက်မှတ်ရေးထိုးခဲ့ကြတဲ့ သဘောတူညီချက်မှာတော့ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား ဖျက်သိမ်းရေးကို လုပ်မယ့် အချိန်နဲ့ ဘယ်လို ပုံစံ လုပ်မလဲ ဆိုတဲ့ အသေးစိတ် အချက်အလက်တွေတော့ မပါသလို အမေရိကန်ဘက်က မြောက်ကိုရီးယားကို ပေးမယ်ဆိုတဲ့ လုံခြုံရေး အာမခံချက်က ဘာလဲ ဆိုတာလည်း တိတိကျကျ မပါရှိပါဘူး။ သဘောတူညီချက်မှာ အသေးစိတ် အချက်အလက်တွေ မပါတာကို ဝေဖန်သူတွေက ထောက်ပြပြီး အမေရိကန် သမ္မတ အနေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ နာရီအတော်အကြာ ဆွေးနွေးမှုတွေ အတွင်း ဘာမှ မယ်မယ်ရရ မရခဲ့ဘဲ ပေးခဲ့ရတာက ပိုများနေသလားဆိုတဲ့ အပေါ် မေးခွန်းထုတ်ကြပါတယ်။

သမ္မတ Trump ကတော့ ဒီသဘောတူညီချက်က မြောက်ကိုရီးယားရဲ့ နျူးကလီးယား ခြိမ်းခြောက်မှုကို ကိုင်တွယ်တာမှာ အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်ပြီး မြောက်ကိုရီးယား အစိုးရ အနေနဲ့လည်း ဒီသဘောတူညီချက်တွေ အတိုင်း မကြာခင်မှာ စတင်ဆောင်ရွက်ဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG