သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးရေး အပေါ် ဘဝင်မကျမှုတချို့


အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့စင်္ကာပူနိုင်ငံမှာ တေ့ွဆုံကြဖို့ ရက်ပိုင်းပဲလိုတော့ချိန်မှာ မြောက်ကိုရီးယားရဲ့ ဒေသတွင်း Nuclear အန္တရာယ်ဟာ ဒီထိပ်သီးတွေ့ဆုံပွဲကြောင့် ပျောက်ပျက်သွားမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယား အတိုက်အခံ Conservative ပါတီခေါင်းဆောင်တွေက ပြောနေကြပါတယ်။ တချိန်ထဲမှာပဲ ထိပ်သီးဆွေးနွေးမှုအတွင်း မြောက်ကိုရီးယား လူ့အခွင့်အရေးကိစ္စကို ထည့်သွင်းဆွေးနွေးဖို့ တိုက်တွန်းမှုတွေလည်းရှိနေကြပါတယ်။ ဂျပန်ဝန်ကြီးချုပ်ကလည်း သူတို့နိုင်ငံရဲ့စိုးရိမ်မှုနဲ့ပါတ်သက်လို့ ထည့်သွင်းဆွေးနွေးဖို့ ဝါရှင်တန်အထိလာပြီး တိုက်တွန်းနေတဲ့အကြောင်းကို VOA သတင်းထောက်တွေရဲ့သတင်းတွေကို မစုမြတ်မွန်က စုစည်းတင်ပြထားပါတယ်။

သမ္မတ Donald Trump နဲ့ Kim Jong Un တို့ June လ ၁၂ ရက်နေ့ကျရင် စင်္ကာပူနိုင်ငံမှာ တေ့ွဆုံကြတဲ့အခါ မြောက်ကိုရီးယားရဲ့ Nuclear လက်နက်အစီအစဉ်ကို အဆုံးသတ်ရေးသဘောတူညီမှုရအောင် ဆွေးနွေးကြမှာဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားကို စီးပွားရေးမက်လုံးနဲ့ လုံခြုံရေးအာမခံချက်တွေပြန်ပေးမယ်လို့ မျှော်လင့်ရပါတယ်။ ၁၉၅၃ ခုနှစ်ထဲကရှိတဲ့ ကိုရီးယားစစ်ပွဲပြီးဆုံးကြောင်း စစ်ပြေငြိမ်းရေးသဘောတူစာချုပ်နေရာမှာ တရားဝင်ငြိမ်းချမ်းရေးသဘောတူညီချက်နဲ့ အစားထိုးကောင်း ထိုးနိုင်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အနေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားဆီက လုံခြုံရေးအာမခံချက်ရဖို့ Nuclear ကင်းစင်အောင်လုပ်ပါမယ်ဆိုတဲ့ ကတိအတုကိုပဲ ပေးလိမ့်မယ်လို့ တောင်ကိုရီးယားနိုင်ငံက အဓိကအတိုက်အခံ Conservative သဘောထားအမြင်ရှိတဲ့ Liberty Korea Party ခေါင်းဆောင် Hong Joon-pyo ကပြောကြားခဲ့ပါတယ်။

"ညှိုနှိုင်းမှုတွေကနေ ရလာဒ်ကောင်းတွေရလာမယ်လို့ ကျွန်တော်ကတော့ သိပ်အကောင်းမမြင်ပါဘူး။ မြောက်ကိုရီးယားအစိုးရ သက်ဆိုးရှည်ဖို့ တခုတည်းနည်းလမ်းက Nuclear အစီအစဉ် ဆက်ရှိနေဖို့ပဲ ဖြစ်ပါတယ်။ Nuclear အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီ ပြုပြင်ပြောင်းလဲဖို့ လမ်းဖွင့်လိုက်ပြီဆိုတာနဲ့ Kim Jong Un အစိုးရပြိုပျက်သွားမှာပါ။"

မြောက်ကိုရီးယားရဲ့ ကုန်သွယ်ရေး ၉၀% လောက်ကိုပိတ်ဆို့ပြီး စစ်ရေးအရဆောင်ရွက်မယ်ဆိုတဲ့ သမ္မတ Trump ရဲ့ အပြင်းထန်ဆုံးဖိအားမူဝါဒကို တောင်ကိုရီးယားနိုင်ငံက Conservative ဝါဒီတော်တော်များများက အခိုင်အမာထောက်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ Nuclear အစီအစဉ် ပြန်လုပ်လို့မရအောင် လုံးဝဖျက်သိမ်းပြီး စုံစမ်းစစ်ဆေးနိုင်မယ့် သဘောတူညီချက်ရဖို့ တောင်းဆိုချက်တွေကို လျှော့ပေါ့ကောင်း လျှော့မယ်လို့ အမေရိကန်အစိုးရဖက်က ပြောလာတဲ့အပေါ် သဘောမကျကြပါဘူး။ အမေရိကန်အနေနဲ့ အမေရိကန်ပြည်ထောင်စုကို တိုက်ရိုက်ခြိမ်းခြောက်နေတဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံး အစီအစဉ် အမြန်ဆုံးအဆုံးသပ်ရေးသဘောတူမှုကိုသာ ရအောင်လုပ်ပြီး ဒေသတွင်း Nuclear ခြိမ်းခြောက်မှုရန်ကို နောက်မှရှင်းမယ်ဆိုတာမျိုးလုပ်မှာကို Liberty Korea Party ဥက္ကဋ္ဌ Hong Joon-pyo ကစိုးရိမ်နေပါတယ်။

"အမေရိကန်မှာ လွှတ်တော်သက်တမ်းဝက် ရွေးကောက်ပွဲတွေလုပ်တော့မယ်။ ပြည်တွင်းနိုင်ငံရေးအခြေအနေကလည်း ရှုပ်ထွေးနေတော့ အမေရိကန်အတွက် မြောက်ကိုရီးယားနဲ့ သဘောတူညီမှုမြန်မြန်ဆန်ဆန်ရနိုင်မယ့် နည်းလမ်းက ဒါပဲရှိတယ်လို့ ပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။"

တောင်ကိုရီးယားမှာလည်း ဒေသန္တရရွေးကောက်ပွဲတွေကို Trump နဲ့ Kim ထိပ်သီးစည်းဝေးပွဲအပြီးရက်ပိုင်းအကြာမှာ ကျင်းပတော့မှာပါ။ မြောက်ကိုရီးယား Nuclear နဲ့ Missile ဒုံးအစီအစဉ်တွေ လုံးဝအဆုံးမသတ်မချင်း လူ့အခွင့်အရေးအခြေအနေတွေ မတိုးတက်မချင်း လျှော့ပေါ့မှုတွေ မလုပ်သင့်ဘူးလို့ အတိုက်အခံပါတီဖက်က ပြောနေပေမဲ့ တောင်ကိုရီးယားပြည်သူအများစုကတော့ မြောက်ကိုရီးယားနဲ့ ပြေလည်အောင်ကြိုးစားနေတဲ့ သမ္မတ Moon Jae-in အစိုးရအပေါ် ထောက်ခံကြတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြကြပါတယ်။

ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးမှတ်တမ်းအဆိုးဆုံးနိုင်ငံတွေထဲမှာ မြောက်ကိုရီးယားပါဝင်ပါတယ်။ အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ တေ့ွဆုံမှုက မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေးအခြေအနေကို လျှော့တွက်ရာ မရောက်ဘူးလို့ မြောက်ကိုရီးယားလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tomás Ojea Quintana က VOA ကိုပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားလူ့အခွင့်အရေးနဲ့ပါတ်သက်ရင် အမေရိကန်က ပြတ်ပြတ်သားသားရပ်တည်ဆောင်ရွက်တဲ့အတွက် သမ္မတ Trump နဲ့ Kim Jong Un တို့ဆွေးနွေးပွဲမှာ လူ့အခွင့်အရေးကိစ္စ ထည့်ဆွေးနွေးမယ်လို့ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ Nuclear ကင်းစင်ရေးညှိုနှိုင်းတဲ့အခါ လူ့အခွင့်အရေးပြဿနာကို မဖြေရှင်းရင် ရေရှည်ခံတဲ့ သဘောတူညီမှု ရမှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomás Ojea Quintana ကပြောပါတယ်။

"လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တယောက်အနေနဲ့ ကျွန်တော့်ရဲ့ သဘောထားကတော့ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးမှုတွေပါဝင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ဆွေးနွေးမှုရဲ့အစိတ်အပိုင်းတခုဖြစ်ပါတယ်။ လူ့အခွင့်အရေး. လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးဆိုတာ အားလုံးဆက်နွယ်နေတာပါ။ အခုအခြေအနေမှာလည်း ဒါကို ကျွန်တော်တို့ သက်သေပြလို့ရနိုင်ပါတယ်။"

မြောက်ကိုရီးယားကြောင့် လုံခြုံရေးစိုးရိမ်နေတဲ့ ဂျပန်နိုင်ငံကတော့ မြောက်ကိုရီးယားရဲ့ Nuclear နဲ့ပဲ့ထိန်းဒုံးအစီအစဉ်တွေကို အဆုံးသတ်စေချင်တဲ့အပြင် ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်နှစ်ပိုင်းတွေတုန်းက မြောက်ကိုရီးယားတို့ ပြန်ပေးဆွဲသွားတဲ့ ဂျပန်လူမျိုးတွေကိစ္စကိုလည်း ဂျွန်လ ၁၂ ရက် ထိပ်သီးဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးစေလိုပါတယ်။ မြောက်ကိုရီးယားနဲ့ပါတ်သက်လို့ ဂျပန်ရဲ့ စိုးရိမ်မှုတွေကို ဝန်ကြီးချုပ် Shinzo Abe ကြာသပတေးနေ့က ဝါရှင်တန်မြို့တော်မှာ သမ္မတ Trump နဲ့လာရောက်ဆွေးနွေးခဲ့ပါတယ်။ အမေရိကန် မြောက်ကိုရီးယားထိပ်သီးဆွေးနွေးပွဲကနေ ပိုပြီးငြိမ်းချမ်းတည်ငြိမ်မှုနဲ့ အရှေ့မြောက်အာရှမှာ သိသာတဲ့ အပြောင်းအလဲကြီးတွေဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ် Abe ကဆွေးနွေးပွဲအပြီး သမ္မတ Trump နဲ့ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG