သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Kim သမိုင်းဝင်ဆွေးနွေးပွဲ ပြည်တွင်း ပြည်ပ တုံ့ပြန်


အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ကြား စင်္ကာပူမှာ အင်္ဂါနေ့က သမိုင်းဝင်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပူးတွဲသဘောတူညီမှု ရခဲ့တဲ့အပေါ် နိုင်ငံတကာက သတိနဲ့ကြိုဆိုတုံ့ပြန်နေကြပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ Nuclear ကင်းစင်ပပျောက်ရေးကို ၂ ဖက်သဘောတူခဲ့ကြပေမဲ့ ခေါင်းဆောင် ၂ ယောက်လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်ထဲမှာ ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတဲ့ အသေးစိတ်အချက်တွေ ပါဝင်ခြင်း မရှိပါဘူး။ ဒါကြောင့် အမေရိကန်လွှတ်တော်အမတ်တွေကိုယ်တိုင်က အခြေအနေကိုစောင့်ကြည့်သွားဖို့လိုတယ်လို့ ပြောနေကြပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

သမ္မတ Donald Trump နဲ့ Kim Jong Un တို့ June လ ၁၂ ရက်နေ့က စင်္ကာပူနိုင်ငံမှာ သမိုင်းဝင်တေ့ွဆုံခဲ့ပြီးနောက် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားနိုင်ငံကြား ဆက်ဆံရေးသစ်တည်ထောင်ရေး။ ကိုရီးယားကျွန်းဆွယ်မှာ ရေရှည်တည်ငြိမ် ငြိမ်းချမ်းတဲ့စနစ်ကို အမေရိကန်နဲ့မြောက်ကိုရီးယား အတူတွဲအားထုတ် တည်ဆောက်သွားရေး။ April ၂၇ ရက် Panmunjom ကြေညာချက်အတိုင်း ကိုရီးယားကျွန်းဆွယ်မှာ လုံးဝ Nuclear ကင်းစင်ပပျောက်သွားရေးကို ထပ်မံကတိပြုရေးနဲ့ ကိုရီးယားစစ်ပွဲအတွင်းက ပျောက်ဆုံးနေတဲ့ အမေရိကန်တွေ စစ်သုံ့ပန်းတွေကို ရှာဖွေရေး။ တွေ့ရှိသူတွေကို အမြန်ဆုံးအမေရိကန်ပြန်ပို့ရေး စတာတွေကို Trump နဲ့ Kim တို့ လက်မှတ်ထိုးသဘောတူခဲ့ကြပါတယ်။

မြောက်ကိုရီးယားရဲ့ Nuclear နဲ့ Missile ဒုံးအစီအစဉ်ကို ပြန်အသုံးပြုလို့မရတော့တဲ့ အခြေအနေရောက်တဲ့အထိ ဖျက်သိမ်းနိုင်ဖို့ ထိပ်သီးစည်းဝေးပွဲကို အဓိကကျင်းပတာဖြစ်ပါတယ်။ ဒါပေမဲ့ ပူးတွဲကြေညာချက်ထဲမှာ ဒီဖျက်သိမ်းရေးကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်အချက်တွေ ဘာမှပါဝင်ခြင်းမရှိပါဘူး။ နောက်ထပ်ညှိနှိုင်းဆွေးနွေးမှုတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ မြောက်ကိုရီးယားဖက်က သင့်တော်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်ကြား အတတ်နိုင်ဆုံး အစောဆုံး ဆက်ဆွေးနွေးသွားမယ်လို့သာ ဖော်ပြထားပါတယ်။ ဒီအပေါ်မှာ နိုင်ငံတကာကလည်း အမြင်အမျိုးမျိုးနဲ့ တုံ့ပြန်နေကြပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့တွေ့ဆုံမှုဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ကိုရီးယားကျွန်းဆွယ်မှာ Nuclear ကင်းစင်ရေးအတွက် အရေးကြီးတဲ့မှတ်ကျောက်တခုအဖြစ် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် António Guterres က ကြိုဆိုပါတယ်။

အခုရရှိလိုက်တဲ့သဘောတူညီချက်ကိုရော အရင်သဘောတူညီချက်တွေကိုပါ အကောင်အထည်ဖော်တဲ့နေရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိတ်ရှည် ပံ့ပိုးမှုလိုအပ်တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားကြောင်း ပြောခွင့်ရသူ Stéphane Dujarric ကပြောကြားခဲ့ပါတယ်။

"အင်မတန်အရေးပါတဲ့ အခွင့်အလမ်းကို သက်ဆိုင်သူအားလုံး အမိအရဆုပ်ကိုင်ဖို့ အတွင်းရေးမှူးချုပ်က တိုက်တွန်းပါတယ်။ ဆက်လက်တိုးတက်မှုတွေအပေါ် သူ့အနေနဲ့ အပြည့်အဝထောက်ခံဖို့အဆင်သင့်ရှိတယ်ဆိုတာကိုလည်း ထပ်ပြီး ပြောကြားပါတယ်။"

EU ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini ကလည်း ငြိမ်းချမ်းရေးအတွက် သံတမန်ရေးနည်းလမ်းနဲ့သာ ဆောင်ရွက်နိုင်မယ်လို့ ပြောကြားကြိုဆိုခဲ့ပါတယ်။

"သံတမန်ရေးနည်းလမ်းနဲ့ ဆွေးနွေးမှုကသာလျှင် ရှေ့ဆက်သွားနိုင်ဖို့ နည်းလမ်းတခုတည်းဖြစ်တယ်ဆိုတာ ဒီကနေ့သူတို့ ၂ ယောက်ရဲ့ ထိပ်သီးဆွေးနွေးမှုက သက်သေပြနေပါတယ်။ အခုကိစ္စမှာတော့ ကိုရီးယားကျွန်းဆွယ်သာမက ဒိထက်ထက်ကျော်လွန်တဲ့ နေရာတွေအထိ ရေရှည်ငြိမ်းချမ်းရေးရဖို့ဖြစ်ပါတယ်။"

သံတမန်ရေးနည်းလမ်းနဲ့ဆောင်ရွက်မှုတွေက ရေရှည်ခံတဲ့ ရလာဒ်ကောင်းတွေရပေမဲ့ တခါတလေမှာ စိန်ခေါ်မှုတွေရှိသလို လိုက်နာဆောင်ရွက်ဖို့ အခက်ခဲဆုံး အခြေအနေတွေ ရှိတတ်တယ်ဆိုကိုလည်း EU အကြီးအကဲက ထောက်ပြခဲ့ပါတယ်။ India နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးကတော့ သမ္မတ Trump နဲ့ Kim Jong Un တို့ကြား သဘောတူညီမှုကနေ အာရှဥရောပမှာ ခေတ်သစ်တခုဖြစ်လာတော့မယ်လို့ ဆိုခဲ့ပါတယ်။

"စင်္ကာပူမှာရရှိခဲ့တဲ့ သဘောတူညီမှုတွေ။ နားလည်မှုတွေက ရေရှည်ခံမယ်။ အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အာရှဥရောပမှာ အခြေအနေသစ်တွေ ဖြစ်ပေါ်လာတော့မှာဖြစ်ပါတယ်။"

ခုလိုနိုင်ငံတကာက တုံ့ပြန်မှုတွေ ထွက်ပေါ်နေသလို အမေရိကန်လွှတ်တော်အမတ်တွေကြားမှာလည်း ထိပ်သီးဆွေးနွေးပွဲနဲ့ပါတ်သက်လို့ သဘောထားအမြင်အမျိုးစုံ ထုတ်ဖော်ခဲ့ကြပါတယ်။ အထက်လွှတ်တော်မှာ သက်တမ်းအရှည်ဆုံး Republican ခေါင်းဆောင် Mitch McConnell က ထိပ်သီးဆွေးနွေးပွဲအတွက် Trump အစိုးရကို ထောက်ခံကြိုဆိုခဲ့ပေမဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံတဲ့နေရာမှာ အမြဲသတိရှိဖို့လိုတယ်ဆိုတာကိုလည်း ခုလို ပြောကြားခဲ့ပါတယ်။

"မြောက်ကိုရီးယားဖက်က ရည်ရွယ်ချက်အတိုင်း လိုက်နာဆောင်ရွက်မှု မရှိဘူးဆိုရင်တော့ အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတွေဖက်က အပြင်းထန်ဆုံး ဖိအားပေးတဲ့ မူဝါဒကို ပြန်ပြီးကျင့်သုံးဖို့ ပြင်ဆင်ထားရပါမယ်။"

အထက်လွှတ်တော် လူနည်းစုခေါင်းဆောင်ဖြစ်တဲ့ Democrat ခေါင်းဆောင် Chuck Schumer ကတော့ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ရခဲ့တဲ့ သဘောတူညီချက်ထဲမှာ အသေးစိတ်အချက်အလက်တွေ ဘာမှ မပါတဲ့အတွက် စိုးရိမ်တယ်လို့ ပြောပါတယ်။

"ပူးတွဲကြေညာချက်က တော်တော်လေးတိကျရေရာမှုမရှိတာက သိပ်ကိုစိုးရိမ်ဖို့ကောင်းပါတယ်။ အမေရိကန်ဖက်က ဘာရခဲ့သလဲဆိုတာ မရှင်းလင်းဘူး။ အတည်ပြုလို့မရနိုင်ပါဘူး။ မြောက်ကိုရီးယားဖက်ကတော့ ရေရှည်လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရလာဒ်တွေရသွားပါတယ်။ ဥက္ကဋ္ဌ Kim ကိုတွေ့ဆုံခြင်းအားဖြင့် ရက်စက်ဖိနှိပ်တဲ့အာဏာရှင်အစိုးရကို နိုင်ငံတကာအလယ်မှာ တရားဝင်ဖြစ်အောင် သမ္မတ Trump က လုပ်ပေးလိုက်တာ ဖြစ်ပါတယ်။"

အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားကြား ပုံမှန်လုပ်လေ့ရှိတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးကို ရပ်ကောင်းရပ်မယ်လို့ သမ္မတ Trump ကြေညာခဲ့တာကိုလည်း ဒါဟာ အမေရိကန်ဖက်က အကြီးအကျယ်အလျှော့ပေးမှုဖြစ်တယ်လို့ လေ့လာသူတချို့ကသုံးသပ်နေကြပါတယ်။

အင်္ဂါနေ့က ထိပ်သီးတွေ့ဆုံမှုဟာ လက်ရှိရာထူးတာဝန်ထမ်းဆောင်နေဆဲ အမေရိကန်သမ္မတယောက်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှုဖြစ်ပါတယ်။ ဒီတေ့ွဆုံပွဲအတွက် ၂ ယောက်လုံးက တယောက်ကို တယောက်ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြပြီး Kim Jong Un ကိုအိမ်ဖြူတော်ကို ဖိတ်ကြားမယ်လို့ သမ္မတ Trump ကပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG