သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-မြောက်ကိုရီးယားဆွေးနွေးပွဲ အောင်မြင်မှု မြန်မာကြိုဆို


အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ရဲ့ သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲ အောင်အောင်မြင်မြင်ပြီးဆုံးသွားပြီး ရလဒ်ကောင်းတွေ ထွက်ပေါ်လာတဲ့အပေါ် မြန်မာနိုင်ငံက ကြိုဆိုလိုက်ပါတယ်။ ဒီ ထိပ်သီးအစည်းအဝေးကို စင်္ကာပူနိုင်ငံမှာ ကျင်းပနိုင်တဲ့အတွက် ဒါဟာ အာဆီယံနိုင်ငံတွေရဲ့ အောင်မြင်မှု အဖြစ်မှတ်ယူကြောင်းလည်း ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့မနက် စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ရဲ့ ဆွေးနွေးပွဲဟာ အောင်အောင်မြင်မြင်ပြီးဆုံးခဲ့သလို အချက် ၄ချက်ပါ သဘောတူညီချက်တရပ်ကိုလည်း နှစ်ဘက်ခေါင်းဆောင်တွေအကြား လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

နှစ်ပေါင်း၇၀နီးပါးကြာ တင်းမာခဲ့တဲ့ နှစ်နိုင်ငံအကြားမှာ ဆက်ဆံရေးအသစ် ထူထောင်လိုက်နိုင်တဲ့အပေါ် မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးစိုးဟန်က ကြိုဆိုလိုက်ပါတယ်။

“ မထင်မှတ်ထားတဲ့ကိစ္စကြီးတခုပေါ့နော်။ အခုလို ခေါင်းဆောင်၂ဦးကြား ဆွေးနွေးပွဲအောင်မြင်စွာကျင်းပနိုင်တယ်။ ဒါအပြင် အရေးကြီးတဲ့သဘောတူညီချက်တွေလည်း လက်မှတ်ထိုးနိုင်တာကတော့ ကျနော်တို့ မြန်မာနိုင်ငံအပါအဝင် တကမ္ဘာလုံးက ကြိုဆိုကြရမယ့်ကိစ္စပဲဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့လည်း ဒီလို အစည်းအဝေးအောင်မြင်တာရယ်၊ အစည်းအဝေးက ရလဒ်ကောင်းတွေ ရရှိတာကို မြန်မာအစိုးရအနေနဲ့ ကြိုဆိုသွားမယ်ဆိုတာ ကြေညာချက် ထုတ်ပြန်ဖို့လည်း ရှိနေပါတယ်။ လုပ်နေပါပြီ။ ”

နှစ်ဘက်အကြားရရှိတဲ့ MIA ခေါ် ကိုရီးယားစစ်ပွဲအတွင်းပျောက်ဆုံးသွားသူတွေ အရေး အပြင် ကိုရီးယားကျွန်းဆွယ်မှာ အနုမြူလက်နက်လုံးဝဖျက်သိမ်းရေးကိစ္စ သဘောတူညီချက်ရတဲ့အပေါ် အားရကြောင်းလည်း သုံးသပ်ပြောဆိုပါတယ်။

“ အခုဒီမှာတော့ ကျနော်တို့ ကြည့်လိုက်သလောက်တော့ Comprehensive Aggrement ပေါ့နော်။ ဒီထဲမှာ ကျနော်တို့ ကျန်တဲ့အချက်အလက်တွေအပြင် နှစ်နိုင်ငံအကြားဆက်လက်ဆောင်ရွက်ရမယ့် MIA လို ကိစ္စမျိုးတွေအပြင် အဓိက နိုင်ငံတကာကနေပြီးတော့ မျှော်လင့်တကြီးစောင့်စားနေတဲ့ Complete Denuclearization in Korea Peninsula ပေါ့နော်။ ဒါလေးက ဒီ commit လုပ်ခဲ့တယ်။ ဒါက အင်မတန်အရေးကြီးတဲ့အချက်လို့ ကျနော်တို့ မြင်ပါတယ်။ ”

သမိုင်းဝင် အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို စင်္ကာပူနိုင်ငံမှာ ကျင်းပနိုင်ခဲ့တဲ့အတွက် ဒါဟာ အာဆီယံဒေသအတွက် အောင်မြင်မှုဖြစ်ကြောင်းလည်း ဆက်ပြောပါတယ်။

“ ကျနော်တို့အနေနဲ့ တစ်အချက်ပေါ့နော် ဒီအစည်းအဝေးကို Historic Summit သမိုင်းဝင် အစည်းအဝေးကို ကျနော်တို့ အာဆီယံနိုင်ငံတနိုင်ငံကနေ ကျင်းပပြုလုပ်ရရှိတာလည်း အာဆီယံအတွက် ဂုဏ်တက်စေတဲ့အချက်အဖြစ် ကျနော်မြင်ပါတယ်။ ဒီအတွက်လည်း ကျနော်တို့ အာဆီယံရဲ့ လက်ရှိ ဥက္ကဌဖြစ်တဲ့ စင်္ကာပူကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။ စင်္ကာပူတခုတည်းမဟုတ်ဘဲနဲ့ အာဆီယံရဲ့ အောင်မြင်မှုတခုလည်း ဖြစ်တယ်လို့ ကျနော်တို့ မှတ်ယူပါတယ်ခင်ဗျ။ ”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ အမေရိကန်နဲ့ မြောက်ကိုရီးယားထိပ်သီးဆွေးနွေးပွဲဟာ ဒုတိယကမ္ဘာ စစ်နောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးအတွက် ကြီးမားတဲ့ သမိုင်းအချိုးအကွေ့တခုဖြစ်ကြောင်း သုံးသပ်ပြောဆိုလိုက်ပါတယ်။

အရင်က ဒီလို ထိပ်သီးဆွေးနွေးပွဲတွေ မရှိခဲ့ပေမဲ့ နှစ်နိုင်အကြား သဘောတူညီချက်တချို့ ရခဲ့ဖူးကြောင်းနဲ့ ဒီသဘောတူညီချက်တွေဟာ အကောင်အထည်ဖော်မှုနဲ့ နိုင်ငံတကာ ဝန်းရံမှုတွေအားနည်းခဲ့တာကြောင့် မအောင်မြင်တာတွေ ရှိခဲ့ကြောင်း ထောက်ပြပါတယ်။

လက်ရှိ ရရှိတဲ့သဘောတူညီချက်တွေ အကောင်အထည်ဖော်နိုင်ရေးအတွက် ဒေါက်တာရန်မျိုးသိမ်းက အခုလို ပြောဆိုပါတယ်။

“ ဒီနေ့ လက်မှတ်ရေးထိုးတဲ့သဘောတူညီချက်နဲ့ပတ်သက်ပြီးတော့ပေါ့လေ ရေရှည်အမြင်ရှိရှိ နိုင်ငံတကာရဲ့ ဝန်းရံမှု နောက်ပြီးတော့ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ရုရှ ဒီနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အဲဒါတွေက အင်မတန်မှ အရေးကြီးတယ်လို့ မြင်တယ်။”

ဒါအပြင် ယုံကြည်မှုနဲ့ နားလည်မှုတည်ဆောက်ရေးဟာ အရေးပါတယ်လို့ ရှုမြင်ကြောင်းလည်း ဆက်ပြောပါတယ်။

“နောက်ပြီးတော့ ဒီ မြောက်ကိုရီးယားနဲ့ အမေရိကန်အကြား သဘောတူညီချက်တွေကို ဖော်ဆောင်တဲ့နေရာမှာ နှစ်နိုင်ငံစလုံးဟာ အင်မတန်မှ ထိလွယ်ရှလွယ်ပြီးတော့ သိမ့်မွေ့တဲ့ကာလတခုကို ဖြတ်သန်းရမှာဖြစ်တဲ့ အတွက်ကြောင့် နှစ်ဖက်အကြားမှာ ယုံကြည်မှု၊ နားလည်မှုကို မြင့်မြင့်မားမားတည်ဆောက်နိုင်ဖို့ အရေးကြီးတယ်လို့ မြင်တယ်။ယုံကြည်မှုနားလည်မှု လွဲချော်မှုတွေ ကြုံတွေ့လာတဲ့အခါမှာ စားပွဲဝိုင်းမှာ တွေ့ဆုံ ဆွေးနွေး အဖြေရှာနိုင်ဖို့က အဓိကကျတယ်လို့ မြင်တယ်။ လွန်ခဲ့တဲ့ကာလတွေမှာ သဘောတူညီချက်တွေ ပျက်ယွင်းခဲ့ရတဲ့ အဓိက အကြောင်းရင်းကတော့ ယုံကြည်မှု နားလည်မှု တည်ဆောက်တဲ့အပိုင်းမှာ အားနည်းခဲ့တယ်။ နောက် ယုံကြည်မှုနားလည်မှုလွဲချော်တဲ့အခြေအနေမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ဖို့ နှောင့်နှေးခဲ့တယ်လို့ အဲလို သုံးသပ်ပါတယ်။”

ဒီနေ့ရရှိတဲ့ သဘောတူညီချက်ထဲမှာတော့ အမေရိကန်နဲ့ မြောက်ကိုရီးယားဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး နှစ်နိုင်ငံပြည်သူတွေရဲ့ သဘောဆန္ဒနဲ့အညီ ဆက်ဆံရေးသစ်ကို ထူထောင်ဖို့ ဆုံးဖြတ်ကြောင်းလည်း ပါဝင်ပါတယ်။ လောလောဆယ်မှာ အမေရိကန်က ပိတ်ဆို့မှုတွေ ရုတ်သိမ်းမှာ မဟုတ်ပေမဲ့ တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တာတွေ ရပ်ဆိုင်းဖို့လည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG