သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီယားခေါင်းဆောင် ရုရှားနယ်စပ်မြို့ရောက်ရှိ


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း (ဧပြီ၊ ၂၄၊ ၂၀၁၉)
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း (ဧပြီ၊ ၂၄၊ ၂၀၁၉)

ရုရှားသမ္မတ Vladimir Putin နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမယ့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ ရုရှားနိုင်ငံ အရှေ့စွန်းပိုင်းက နယ်နိမိတ်ထဲကို ရောက်ရှိလာပါပြီ။

ဒီခရီးစဉ်ဟာ ရုရှားနိုင်ငံနဲ့ နီးကပ်စွာ ဆက်ဆံရေးအတွက် ကနဦး ခြေလှမ်းတရပ်ဖြစ်တယ်လု့ိ Kim က ပြောပါတယ်။ Vladivostok ဆိပ်ကမ်းမြို့ကို ဒီကနေ့ ရောက်ရှိလာတဲ့ ခေါင်းဆောင် ကင်မ်ကို ပြုံးပြုံးရွှင်ရွှင်တွေ့ရပြီး သူ့ကို ရုရှား တာဝန်ရှိသူတွေက စစ်တီးဝိုင်းနဲ့ ကြိုဆိုခဲ့ကြပါတယ်။

ခေါင်းဆောင်ကင်မ်ဟာ လက်နက်အပြည့် တပ်ဆင်ထားတဲ့ သူ့ရဲ့ အဝါရောင်လိုင်းတွေပါတဲ့ အစိမ်းရောင် မီးရထားနဲ့ Vladivostok မြို့မှာ ခရီးတထောက်နားဖို့ ရောက်ရှိလာတာပါ။

Khasan နယ်စပ်မြို့မှာ အရင်ဆုံး ဝင်နားတဲ့ အချိန်မှာတော့ ဒါဟာ သူ့ရဲ့ နောက်ဆုံး ရုရှားခရီးစဉ်ဖြစ်မှာမဟုတ်သလို မြောက်ကိုရီးယားနဲ့ ရုရှားဆက်ဆံရေး တိုးမြှင့်ဖို့ ပထမဆုံး ခြေလှမ်းတရပ်ဖြစ်တယ်လို့ ခေါင်းဆောင် ကင်မ်က ပြောဆိုကြောင်း ရုရှားဒေသတွင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မနက်ဖြန်ကြာသပတေးနေ့မှာ သမ္မတ Vladimir Putin နဲ့ ခေါင်းဆောင် ကင်မ်တို့ တွေ့ဆုံတဲ့အခါ စီးပွါးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

အထူးသဖြင့် မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ Donald Trump နဲ့ ကင်မ်တို့ရဲ့ ဆွေးနွေးပွဲ ပျက်ပြားသွားပြီးတဲ့နောက် မြောက်ကိုရီးယားအပေါ် နိုင်ငံတကာက ဆက်ပြီးချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ဖြေလျှော့နိုင်ရေး ဆွေးနွေးမယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် အာဏာရလာတဲ့ ခေါင်းဆောင် ကင်ဟာ မနှစ်ကမှ ပြည်ပခရီးစတင်ခဲ့တာပါ။ ခုရုရှားခရီးစဉ်ဟာ ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်တဦးနဲ့ တွေ့ဆုံမယ့် ခေါင်းဆောင်ကင်ရဲ့ နောက်အကျဆုံး ဆွေးနွေးပွဲတရပ်လည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG