အတင်းမာဆုံးအမေရိကန် ဆန့်ကျင်ရေးမူဝါဒကို အကောင်အထည်ဖော်မယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ကပြောကြောင်း မြောက်ကိုရီးယားနိုင်ငံတော်ပိုင် မီဒီယာက တနင်္ဂနွေနေ့မှာ ဖော်ပြလိုက်ပါတယ်။
ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တက်လာဖို့ တလမလိုတော့တဲ့ အချိန်မှာ ခုလိုပြောလိုက်တာပါ။ သူ့ရဲ့ ပထမ သမ္မတသက်တမ်းတုန်းက မြောက်ကိုရီးယား နျူကလီးယား အစီအစဥ်ကို ဆွေးနွေးဖို့ ထရမ့်ဟာ Kim Jong Un ကို သုံးခါ တွေ့ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒုတိယ သမ္မတသက်တမ်းမှာတော့ ထရမ့်အနေနဲ့ ယူကရိန်း နဲ့ အရှေ့အလယ်ပိုင်းကို အဓိကထားရမှာမို့ ကင်မ်နဲ့ ထရမ့် ထိပ်သီး အစည်းအဝေးက ဖြစ်နိုင်ခြေနည်းတယ်လို့ ကျွမ်းကျင်သူများစွာက သုံးသပ်ကြပါတယ်။
ရုရှား ရဲ့ ယူကရိန်း ကျူးကျော်စစ်ကို မြောက်ကိုရီးယားက ပံ့ပိုးနေတာကလည်း သံတမန်ရေးလမ်းကြောင်း ပြန်ဖော်ဖို့ ခက်တယ်လို့ ယူဆကြတာပါ။ အမေရိကန် နိုင်ငံဟာ ကွန်မြူနစ်ဆန့်ကျင်ရေးကို နိုင်ငံတော်မူဝါဒအဖြစ်ထားရှိတဲ့ အဖောက်ပြန်ဆုံးသောနိုင်ငံတော်ဖြစ်ပြီး အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တို့ရဲ့ လုံခြုံရေး မိတ်ဘက်ဖွဲ့မှုဟာ ကျူးကျော်ရေး နျူကလီးယား စစ်အုပ်စုအဖြစ် တိုးချဲ့နေတယ်လို့လည်း သောကြာနေ့မှာ ပြီးသွားတဲ့ မြောက်ကိုရီးယား အလုပ်သမားပါတီရဲ့ ၅ ရက်ကြာ မျက်နှာစုံညီ အစည်းအဝေးမှာ Kim Jong Un က ပြောခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းဌာန KCNA က ဖော်ပြပါတယ်။
Forum