မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ နောက်တကြိမ် ထိပ်သီးဆွေးနွေးပွဲ ဘယ်မှာ လုပ်မလဲဆိုတာကို ညှိနှိုင်းနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
“မြောက်ကိုရီးယားနဲ့ အမေရိကန် ဆက်ဆံရေးဟာ အင်မတန်ကို ကောင်းမွန် နေပါတယ်။ ဒုံးကျည်တွေနဲ့ ခြိမ်းချောက်တာတွေလည်း မရှိတော့ပါဘူး။ ဆက်ဆံရေးဟာ ကောင်းမွန်နေပြီး တခြား မပြေလည်စရာကိစ္စလည်း မရှိပါဘူး။ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့လည်း တိုက်ရိုက် မဟုတ်တဲ့နည်းနဲ့ စကားပြောပြီးပါပြီ။ ကျနော် သမ္မတ စဖြစ်တဲ့ အချိန်တုန်းက မြောက်ကိုရီးယားနဲ့ စစ်ဖြစ်မယ့်ဘက်ကို ဦးတည်နေခဲ့တာပါ။ အခုတော့ ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ အပြန်အလှန် ဆွေးနွေးမှုတွေ ရှိလာနေပါပြီ။ အင်မတန် ကောင်းပါတယ်။”
ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကင်ဂျုံအွန်းဆီက ကြီးမြတ်တဲ့ စာတစောင်ကို သူရရှိခဲ့တယ်လို့ သမ္မတထရမ့်က ပြောပေမယ့် အသေးစိတ်ကို ပြောဆိုခြင်း မရှိပါဘူး။ ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ဘယ်နေရာမှာ ထပ်မံတွေ့ဆုံမယ်ဆိုတာကို ညှိနှိုင်းနေတယ်လို့ Camp David သမ္မတအပန်းဖြေစခန်းကို မထွက်ခွါခင် သမ္မတ ထရမ့်က သတင်းထောက်တွေကို ပြောသွားပါတယ်။
ကင်ဂျုံအွန်းက သူ့တိုင်းကိုပြောကြားတဲ့ နှစ်သစ်ကူးမိန့်ခွန်းထဲမှာ အမေရိကန်ရဲ့ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရှိနေသေးတာကြောင့် နူကလီးယားအရေးနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားရဲ့ချည်းကပ်ပုံ ချည်းကပ်နည်းတွေ ပြောင်းဖို့လိုတယ်လို့ ပြောဆိုခဲ့အပြီး ၊ သမ္မတထရမ့်ဆီကို ကင်ဂျုံအွန်းက စာတစောင် ပေးပို့ခဲ့တာဖြစ်ပါတယ်။ ထရမ့်နဲ့ ကင်ဂျုံအွန်းတို့ရဲ့ ပထမဆုံးအကြိမ် သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို စင်္ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက ကျင်းပခဲ့တာပါ။ အဲလိုတွေ့ဆုံချိန်က မြောက်ကိုရီးယား နျူကလီးယားအစီအစဉ်ကို ဖျက်သိမ်းသွားမယ်လို့ ကတိပေးခဲ့ပါတယ်။