သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းမဟာမိတ်ပြောခွင့်ရနဲ့ ဗွီအိုအေ အင်တာဗျူး


မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA တပ်များ (TNLA News & Information Department)
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA တပ်များ (TNLA News & Information Department)

မြန်မာတပ်မတော်နဲ့ လက်ရှိတိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ MNDAA ကိုးကန့်တပ်အပါအဝင် TNLA၊ AA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ကြောင်း ကြေညာပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာရေး အစိုးရနဲ့ တပ်မတော်က စိတ်ရှည်သည်းခံပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သဘောထားကြေညာချက်ထုတ်ပြန်ထားပါတယ်။

လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့ မတ်လ (၆)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ တပ်မတော်ရဲ့ ကြေညာချက်အပေါ်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ တုံ့ပြန်ချက်သိရအောင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ပြောခွင့်ရသူလည်းဖြစ် TNLA တအာင်းပလောင်တပ် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို စပြောပါတယ်။

“ ကျနော်တို့ကိုပဲ ခွဲခြားပြီးတော့မှ လက်နက်စွန့်ရမယ်၊ လက်နက်အပ်ရမယ်ဆိုတဲ့ကတိပေးမှ အခုပြောနေတဲ့ ဘာမှသေချာမှုမရှိသေးတဲ့ သူတို့ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါလို့ရမယ်လို့ ပြောနေတာက ဒါက မြန်မာတပ်မတော်ရဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားတဲ့ ဆန္ဒ၊ တန်းတူညီမျှမှုမရှိဘူးလို့ ကျနော်တို့ မြင်တယ်။

မေး။ ။အဲဒီထုတ်ပြန်ချက်ထဲမှာပါတဲ့ တပ်မတော်က သူတို့ ကိုင်စွဲထားတဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ကရော တကယ်ပဲ အလုပ်ဖြစ်မယ်လို့ ထင်ပါသလား။

ဖြေ။ ။ မြန်မာ့တပ်မတော်က သူတို့ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်နဲ့ပဲလုပ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ကိုမရပ်နိုင်ဘူး။ ဘယ်လိုမှ ပြည်ထောင်စု တိုင်းရင်းသားညီညွှတ်ရေးတွေလုပ်ပြီးတော့မှ ဆောင်ရွက်နိုင်မယ့် ခြေလှမ်းမဟုတ်ဘူးလို့ ကျနော်တို့ မြင်ပါတယ်။ ပြည်တွင်းစစ်ကို ရပ်ပြီးတော့ တကယ်ငြိမ်းချမ်းရေး ရဖို့ဆိုရင်တော့ မြန်မာ့တပ်မတော်အနေနဲ့ လက်ရှိအစိုးရရဲ့ မူဝါဒ၊ လက်ရှိအစိုးရအောက်မှာနေပြီးတော့ ငြိမ်းချမ်းရေးကိစ္စတွေဆောင်ရွက်ဖို့ ကျနော်တို့ မြင်ပါတယ်။

မေး။ ။တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာ မတ်လ (၆)ရက်နေ့ကMNDAA ကိုးကန့်တပ် တွေကနေ နေရာပေါင်း ၇ နေရာကို တပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်၊ ဒါက တကယ်ပဲ အနိုင်တိုက်နိုင်မယ်လို့ ထင်လို့ ဝင်တိုက်တာပါလား။

ဖြေ။ ။ ကျနော်တို့ကို မြန်မာ့တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာလည်းပြထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကိုးကန့်ရဲ့ တပ်မဟာ ၂၁၁ ဒီလောက်ကိုင်ရဲ့ အပေါ်ဘက် မိုင်၂၀ လောက်ကွာတဲ့နေရာမှာ ကျနော်တို့ကို အပြင်းအထန်ထိုးစစ်ဆင်နေတယ်၊ အဲဒီမှာ ရွာသားတွေအကုန်လုံးပြေးနေရပြီ လက်နက်ကြီးတွေ ၁၁၀၊ ၁၀၅ ပြီးတော့ လေကြောင်စစ်ဆင်ရေးတွေလည်းတောက်လျှောက် ၁ လကျော်ကျော် အပြင်းအထန်ချနေတာ၊ ဘယ်သူမှ ဘာမှ မသိကြဘူး ကျနော်တို့က စစ်ဒဏ်ကို အလူးအလှိမ့်ခံနေရတယ်။ ဒါကြောင့် ကျနော်တို့က အခုစစ်ဆင်ရေးကို ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

မေး။ ။အဲဒီတော့ ဒီတိုင်းရင်းသားပြည်သူတွေပါ စစ်ဘေးဒုက္ခခံနေရတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေပေါ့နော် ဗိုလ်မှူးတို့ဘက်မှာရော တာဝန်ရှိတယ်လို့ မထင်ဘူးလားရှင့်။

ဖြေ။ ။ တိုက်ပွဲဖြစ်ကြပြီဆိုတော့ ၂ ဘက်စလုံးမှာ တာဝန်ရှိပါတယ်။ ကျနော်တို့လည်း ဒေသခံပြည်သူလူထုတွေကို အတတ်နိုင်ဆုံးတော့ ဘေးကင်းဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားကြတယ်။ ကျနော်တို့လည်း လူထုအတွက်အများကြီး စိတ်မကောင်းဖြစ်တယ်။ ဒါပေမယ့် အခုက အတတ်နိုင်ဆုံး အငြိမ်းချမ်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းလို့မရတဲ့အနေအထားမှာ ဖြစ်နေပါတယ်။

မေး။ ။ အခုအခြေအနေက တော်တော်လေးဆိုးနေတယ်ပေါ့နော် မြန်မာစစ်တပ်ကလည်း ထိုးစစ်တွေနဲ့ အပြင်းအထန်ပြန်တိုက်နေတယ်။ အခု ဗိုလ်မှူးတို့ ရည်ရွယ်ထားတဲ့ ၂ဘက် တွေ့ဆုံဆွေးနွေးရေး၊ နိုင်ငံရေးအရ ဆွေးနွေးရေးကလည်း ဖြစ်မလာသေးဘူး ဒီလိုတိုက်ပွဲတွေလိုမဟုတ်ပဲနဲ့ တခြားလမ်းကြောင်းရောမရှိဘူးလား ။

ဖြေ။ ။ နံပတ်၁ ပြောချင်တာက NCA ကျနော်တို့ နဂိုက ဆွေးနွေးတဲ့ NCA က တကယ့်အပစ်အခတ်ရပ်စဲဖို့ ။ ဒါပေမယ့် ဒီ NCA ကို မြန်မာ့တပ်မတော်က ပြုပြင်ပြောင်းလဲလိုက်တဲ့ NCA အရ NCA ထိုးခဲ့တဲ့ အဖွဲ့တွေတောင်မှ မြန်မာ့တပ်မတော်က တိုက်ပွဲတွေဖြစ်နေတာ။ NCA က တကယ့်လက်တွေ့ စစ်ပွဲတွေ ရပ်အောင် လုပ်နိုင်တဲ့ NCAမဟုတ်ဘူး ဒါကြောင့် ကျနော်တို့မြင်တာက တကယ့်တိုက်ပွဲ့ ဖြစ်နေတဲ့အဖွဲ့အစည်းတွေနဲ့ လက်ရှိအစိုးရနဲ့ မြန်မာ့တပ်မတော်ကလည်း လက်ရှိအစိုးရစကားကို နားထောင်ပြီးတော့ လက်ရှိအခြေအနေကို ဆွေးနွေးပြီးမှ အပစ်ရပ်ဖို့လိုပါတယ်။ ဒါက ကျနော်တို့ပြောနေတဲ့ ပန်ခမ်းထိပ်သီးညီလာခံကနေ ကျနော်တို့ပြောနေတဲ့ လမ်းကြောင်းအသစ်ကို ရှာဖို့လိုတယ်။ အခု NCAက အလုပ်မဖြစ်တော့ဘူး။ ဒီလိုအလုပ်မဖြစ်တာကလည်း မြန်မာ့တပ်မတော်ရဲ့ မူ သဘောထားတွေကြောင့်ဖြစ်ပါတယ်။ နောက်တချက်ကျတော့ ကျနေ်ာတို့က တွေ့ဆုံချင်တယ် ၊ ဆွေးနွေးချင်တယ်။ အရင်တုန်းကဆိုကျနော်တို့ ဒီ NCAထိုးနိုင်တယ်လို့ ကျနော်တို့ပြောပေမယ့်လည်း မြန်မာ့တပ်မတော်က ကျနော်တို့ကို လက်နက်ချမှ လက်နက်အပ်မယ်လို့ ကတိပေးမှသာလျှင် ပါလို့ရမယ်လို့ပြောတယ်။ ဟိုတနေ့တုန်းက ဗိုလ်ချုပ်မြတ်ထွန်းဦးပြောတာအရဆိုရင် ကျနော်တို့ကို ဘယ်အဆင့်မှ ပေးမပါနိုင်ဘူး ဆွေးနွေးပွဲမှာတောင်မှ မပါနိုင်ဘူး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာမပါနိုင်ဘူးလို့ ယတိပြတ်ပြောလိုက်ပြီးသား။ အဲဒါပြောလိုက်တဲ့ တပြိုက်နက်တည်းမှာလည်း ကျနော်တို့ ထိုးစစ်တွေဆင်နေတယ်၊ ကျနော်တို့က ဘာမှ လုပ်လို့မရတော့ ကျနော်တို့က ဒီလိုပဲ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ကို ကျနော်တို့က အလူးအလှိမ့်ခံနေရတာပါ။ ကျနော်တို့လည်း မတတ်နိုင်ဆုံး ကျနော်တို့က အခုလို စစ်ရေးလှုပ်ရှားမှုတွေပြန်လုပ်ရတာ ဖြစ်ပါတယ်။

မေး။ ။ တရုတ်အစိုးရက မကြာသေးခင်ရက်ပိုင်းက သူတို့ သတင်းစာရှင်းလင်းပွဲမှာ အခု တရုတ်မြန်မာနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေကိုပြောသွားတယ်။ အဲဒါကို ချက်ချင်းရပ်ပြီးတော့ အပစ်ရပ်စဲရေးအတွက် ဆွေးနွေးကြပါလို့ သူတို့ဘက်က တိုက်တွန်းထားပါတယ်။ ဒီအပေါ်မှာရော ဒီမြောက်ပိုင်းမဟာမိတ်သဘောထားကရော ဘယ်လိုရှိပါသလဲရှင့်။

ဖြေ။ ။ ဟုတ်ကဲ့ပါ ကျနော်တို့မြင်တာကတော့ တရုတ်အစိုးရအနေနဲ့ ဒီထက်ပိုပြီးတော့မှ ထိထိရောက်ရောက်ပြောဖို့လိုတယ်လို့ ၊ လုပ်လည်းလုပ်ဖို့လိုတယ်လို့ ကျနော်တို့အနေနဲ့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုတိုက်ပွဲတွေက တောက်လျှောက်ပစ်နေတဲ့ လက်နက်ကြီးတွေဆိုရင် တရုတ်ဘက်ကို ကျပါတယ်။ မနေ့ကလည်း တော်တော်များများကျပါတယ်၊ ဒါတရုတ်လူထုအတွက်လည်း တော်တော်အန္တရာယ်များပါတယ်။”

မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ပြောခွင့်ရသူလည်းဖြစ် TNLA တအာင်းပလောင်တပ် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG