သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Notre Dame ဘုရားကျောင်း ၅ နှစ်အတွင်းပြန်ဆောက်ဖို့ ပြင်သစ်သမ္မတ ကတိပြု


ပြင်သစ်နိုင်ငံရဲ့ အထင်ကရ အထိမ်းအမှတ် ဖြစ်တဲ့ ပါရီမြို့လယ်က Notre Dame Cathedral ဘုရားကျောင်းကြီး မီးအကြီးအကျယ် လောင်ကျွမ်း ပျက်စီးသွားခဲ့တာ အတွက် ၅ နှစ်အတွင်း ပြန်လည်တည်ဆောက်ပေးမှာ ဖြစ်ကြောင်း ပြင်သစ်သမ္မတ Emmanuel Macron က အင်္ဂါနေ့မှာ ကတိပေး ပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့ နိုင်ငံတော် ရုပ်သံလွှင့် မိန့်ခွန်းပြောကြားရာမှာ သမ္မတ Macron က ဒီမီးလောင်ကျွမ်းခဲ့ရတဲ့ သက်တမ်း ၈၅၀ ရှိပြီဖြစ်တဲ့ ဘုရားကျောင်းကြီးကို နဂိုထက်ပိုလှအောင် တည်ဆောက်ပေးမှာ ဖြစ်ပြီး အခုလို အဆောက်ဦးကြီး မီးဘေးဒဏ်ခံရမှုကို ပြည်သူတွေညီညွတ်လာစေမယ့် အခွင့်အလန်းတခု အဖြစ် ပြောင်းလဲပစ်ကြဖို့ပါ ပန်ကြားလိုက်ပါတယ်။

မီးငြိမ်းသွားပြီဖြစ်တာကြောင့် အပျက်အစီး ပမာဏကို ကျွမ်းကျင်သူတွေ ဆန်းစစ်နေကြပါတယ်။ အဆောက်အဦး ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပိသုကာ ပညာရှင်တွေက အဆောက်အဦးအနေထား ပျက်ယွင်းမှုဘယ်လို ရှိနေတယ်ဆိုတာကို တိုင်းတာနေကြသလို မီးကြွင်း မီးကျန်တွေကို ပါ ငြိမ်းသတ်နေကြတယ်လို့ ပါရီမီးသတ်ဌာန ပြောခွင့်ရ Gabriel Plus ကပြောပါတယ်။

ပါရီမြို့လယ်က နာမည်ကျော် ဘုရားကျောင်းကြီးမှာ မီးကြောင့် ပျက်စီးမှုက အတော်ကြီးမားနေပေမယ့် Notre Dame ဘုရားကျောင်းကြီးရဲ့ အထင်ကရ မျှော်စင်ကြီး ၂ ခုနဲ့ ကျောက်တိုင်တွေ မပျက်စီးရအောင် မီးသတ်သမားတွေ ကြိုးစားပေးခဲ့တယ်လို့ ပါရီမီးသတ်တပ်ဖွဲ့ အကြီးအကဲ Jean-Claude Gallet က ပြောပါတယ်။ ဘုရားကျောင်းပြောခွင့်ရ Andre Finot ကတော့ ဘုရားကျောင်း အတွင်းပိုင်းက သစ်သားတွေ ပျက်စီးနိုင်ချေရှိတယ်လို့ ပြောပါတယ်။

မီးဘယ်လိုစတင် လောင်ကျွမ်းရတယ် ဆိုတာကို အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ပြင်သစ်သတင်းတွေမှာတော့ အခုမီးလောင်ကျွမ်းမှုဟာ ဘုရားကျောင်း အဆောက်အဦီး ပြန်လည်ပြုပြင်မွန်းမံမှုတွေနဲ့ ဆက်စပ်မှုရှိနေ နိုင်တယ်လို့ မီးသတ်သမားတွေက ပြောကြောင်း ဖေါ်ပြထားပါတယ်။ စုံစမ်းစစ်ဆေးသူ ၅၀ လောက်ဟာ မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ကြိုးစားနေကြပြီး ဘုရားကျောင်း ပြုပြင်မွန်းမံရေးလုပ်ဆောင်နေတဲ့ ကုမ္ပဏီ ၅ ခုက အလုပ်သမားတွေကို မေးမြန်း စစ်ဆေးနေတယ်လို့ ပါရီ အစိုးရရှေ့နေ Remy Heitz က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG