သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူ လက်နက် စမ်းသပ်မှုတားဆီးရေးစာချုပ် အတည်ပြုရေး ဆွေးနွေး


 ပြည်ထောင်စုလွှတ်တော်
ပြည်ထောင်စုလွှတ်တော်

နျူ ကလီးယားလက်နက်စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ်ကို အတည်ပြုဖို့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးက ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်း တင်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နျူ ကလီးယား လက်နက်ဖျက်သိမ်းရေးကိစ္စရပ်တွေမှာ တက်တက်ကြွကြွ ပါဝင်ခြင်းအားဖြင့် ဆေးဖက်၊ စွမ်းအင်နဲ့ စိုက်ပျိုးရေးဂဏ္ဍတွေမှာ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူ တွေရရှိမှာဖြစ်တယ် လို့လည်း နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ကိုအောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။

နိုင်ငံတော် သမ္မတက ပေးပို့ထားတဲ့ နျူးကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ်ကို မြန်မာနိုင်ငံမှာ အတည်ပြုဝင်ရောက်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်က ပြည်ထောင်စုလွှတ်တော်မှာ မနေ့က ရှင်းလင်းတင်ပြခဲ့တာပါ။နျူးကလီးယားလက်နက်ကင်းမဲ့ရေးသဘောထားနဲ့ ရပ်တည်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ ဘာကြောင့် အခုလို အတည်ပြုဖို့ လိုအပ်တာလည်း ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါ်အေးအေးစိုးက အခုလို ပြောပါတယ်။

“ကုလသမဂ္ဂအထွေထွေညီလာခံမှာလည်း ကျမတို့က ဒီလက်နက်ဖျက်သိမ်းရေးကော်မတီပေါ့ အစီအစဉ် မှာလည်း နျူးကလီးယားလက်နက်ကင်းမဲ့တဲ့ဇုံအနေနဲ့ အာဆီယံ အနေနဲ့လည်း တင်တယ်။ ကျမတို့ဘာသာကျမတို့လည်း အမြဲတမ်းနျူးကလီးယားလက်နက်နဲ့ ပတ်သက်ရင် တက်တက်ကြွကြွပါဝင်တယ်လေ။”

နျူးကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင် ရေးစာချုပ် (Comprehensive Nuclear-Test-Ban Treaty –CTBT) ကို မြန်မာနိုင်ငံအနေနဲ့ ၁၉၉၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီစာချုပ်လက်မှတ်ရေးထိုးတားတဲ့ နိုင်ငံပေါင်း ၁၈၃ နိုင်ငံထဲက ၁၆၄ နိုင်ငံကသာ အတည်ပြု ပါဝင်ထားပြီး မြန်မာနိုင်ငံအနေနဲ့လည်း CTBT စာချုပ်ကို အတည်ပြုပါဝင်မယ်ဆိုလျင် ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ အဏုမြူစွမ်းအင်သုံးစွဲရေးကဏ္ဍမှာ အထောက်အကူဖြစ်မယ်လို့လည်း ဒေါ်အေးအေးစိုးက အခုလိုပြောပါတယ်။

“ကျမတို့က တနည်းတလမ်း ဒီစာချုပ်အသက်ဝင်လာရင်တော့ နျူးကလီးယားပညာကို နည်းပညာဘက်သုံးတာတို့ စိုက်ပျိုးရေး သုံးတာတို့ သုသေသနလုပ်ငန်းတွေအတွက် သုံးတာတို့ အဲဒီလုပ်ငန်းတွေမှာ ကျမတို့ သုံးခွင့်ရလာမှာပေါ့လေ။ လျှပ်စစ်လည်းအဲဒီလိုပဲ လျှပ်စစ်စွမ်းအားထုတ်တာလည်း အဲဒီဘက်တွေလည်း သုံးခွင့်ရမှာပေါ့လေ။”

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းတုန်းကတော့ အရင် စစ်အစိုးရဟာ နျူးကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုပြီး စွပ်စွဲမှုတွေထွက်ပေါ်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး နျူးကလီးယားဗုံးစမ်းသပ်ဖေါက်ခွဲတာတွေ မစ်ဇိုင်းဒုံးကျည် ပစ်လွှတ်စမ်းသပ်တာတွေ လုပ်ဆောင်နေတဲ့ မြောက်ကိုရီးယားနိုင်ငံကိုလည်း အဲဒီအချိန်က စစ်အစိုးရထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းဦးဆောင်တဲ့အဖွဲ့ ၂၀၀၈ ခုနှစ်မှာ သွားရောက်ခဲ့ပါသေးတယ်။ တပ်မတော်အရာရှိတဦးဖြစ်ခဲ့တဲ့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က အခုလိုသုံးသပ်ပြောဆိုပါတယ်။

“မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးစဲနိုင်ငံ တခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ နျူးကလီးယား လုံခြုံမှုဟာ အင်မတန်မှ အရေးကြီးပါတယ် ။ နျူးကလီးယားလုံခြုံမှုမရှိပဲနဲ့တော့ နျူးကလီးယားနဲ့ ပတ်သက်ပြီးတော့မှ လုပ်ဖို့ဆိုတာ တော်တော်လေး အချိန်ယူရမယ့်အနေအထားမျိုးဖြစ်ပါတယ်။ တချိန်တခါတုန်းကပေါ့လေ ဒီနျူးကလီးယားကို မြန်မာစစ်တပ်အနေနဲ့ စစ်အစိုးရလက်ထက်က ဒီရည်ရွယ်ချက်ကတော့ သုသေတနတို့ စွမ်းအင်ကိစ္စတို့တွေမှာပြောသော်လည်း တကယ့်လက်တွေ့နောက်ကွယ်က ရည်ရွက်ချက်က မြောက်ကိုရီးယားကဲ့သို့ ဒီလိုရည်ရွက်ချက်မျိုးရှိခဲ့ပါတယ်။”

နျူးကလီးယားလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံ ၄၄ နိုင်ငံအနေနဲ့ နျူးကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ်ကို လက်မှတ်ရေးထိုး အတည်ပြု ဝင်ရောက်လာမှာသာ ဒီစာချုပ် အသက်ဝင်လာမှာ ဖြစ်ပါတယ်။အဲဒီလိုနိုင်ငံတွေအနေနဲ့ စာချုပ်ကို အတည်ပြုပါဝင်လာရေး မြန်မာနိုင်ငံအနေနဲ့နိုင်ငံတကာမိသားစုနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG