သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနှစ်ပြည့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ သံရေး၊ တမန်ရေး အခြေအနေ


NUG
NUG

(Zawgyi / Unicode)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခဲ့တာ ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၆ ရက်နေ့မှာ တနှစ်ပြည့်မြောက်ခဲ့ပါပြီ။ NUG တနှစ်ပြည့် သတင်းစာရှင်းလင်းပွဲကို ဧပြီ ၁၆ ရက်နေ့က NUG ရဲ့ ဝန်ကြီးနှစ်ဦး ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။ သတင်းမီဒီယာတွေမှာတော့ NUG သတင်းစာရှင်းလင်းပွဲရဲ့ အကြောင်းအရာတွေ ရေးသားဖော်ပြတာ သိပ်မတွေ့ရပါဘူး။

မီဒီယာတွေမှာ အဓိက ဦးစားပေး ဖော်ပြကြတာကတော့ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ရဲ့ NUG အစိုးရဖွဲ့စည်းမှု တနှစ်ပြည့်မိန့်ခွန်းတွေပဲ ဖြစ်ပါတယ်။ ယာယီသမ္မတ ဒူဝါလရှီးလက "အာဏာသိမ်းစစ်ကောင်စီဟာ တိုင်းပြည်တခုလုံးကို ထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ကျေးလက်ဒေသ အတော်များများကို ထိန်းချုပ်ထားနိုင်တယ်" လို့ သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားတာကို ဗွီအိုအေသတင်းမှာ ဧပြီ ၁၆ ရက်နေ့က ဖော်ပြထားတာ တွေ့ရပါတယ်။

ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေးကို တင်သွင်းတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း တနှစ်ပြည့် အစီရင်ခံစာမှာ "တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ပံ့ကူညီမှုနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်မဟာဗျူဟာတပ်ဖွဲ့ ပ.က.ဖ တွေဟာ တနိုင်ငံလုံးရဲ့ ၁၅ ရာခိုင်နှုန်းကို လွှမ်းမိုးထားနိုင်ပြီဖြစ်သလို တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်တွေကလည်း နိုင်ငံရဲ့ ၃၀ ရာခိုင်နှုန်းကို စိုးမိုးထားပြီလို့" ဘီဘီစီသတင်းမှာ ဧပြီ ၁၈ ရက်နေ့က ဖော်ပြထားပါတယ်။

ရိုက်တာသတင်းဌာနကတော့ မြန်မာအာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရည်ရွယ်ချက်ဟာ ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ်ကို အမျိုးသားညီညွတ်ရေးအစိုးရ တနှစ်ပြည့်ချိန် ဧပြီ ၁၆ ရက်နေ့မှာ ရေးသားတာ တွေ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များနဲ့ လွှတ်တော်ခေါင်းဆောင်များ၊ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အင်အားစုများ၊ တိုင်းရင်းသားလူမျိုးစုများရဲ့ ရည်ရွယ်ချက်ဟာ စစ်တပ်အုပ်စိုးမှုကို အဆုံးသတ်ပြီး ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး ဖြစ်တယ်လို့ ဆောင်းပါးအစမှာ ဖော်ပြထားပါတယ်။

ဆောင်းပါးရဲ့ အနှစ်ချုပ်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်တွေ ပါဝင်တယ်။ NUG အစိုးရကို နိုင်ငံတကာက တရားဝင်အစိုးရအဖြစ် ထောက်ခံ အသိအမှတ်ပြုဖို့ NUG က တောင်းဆိုတယ်။ NUG အစိုးရဟာ ဖက်ဒရယ်တပ်မတော်တခု ဖွဲ့စည်းဖို့ ရည်ရွယ်ထားတယ်။ လာမယ့် ဧပြီ ၂၄ ရက်နေ့ ဂျကာတာမှာ ပြုလုပ်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ကောင်စီ ပါဝင်ရေး၊ မပါဝင်ရေးဟာ ထိပ်သီးအစည်းအဝေး စီစဉ်သူတွေအတွက် အကျပ်အတည်း ဖြစ်နေတယ်ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။

ရိုက်တာက ဖော်ပြတဲ့ ဆောင်းပါးမှာ NUG အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုရေးနဲ့ နိုင်ငံတကာထောက်ခံမှု ရရေးဟာ အဓိကရည်ရွယ်ချက် ဖြစ်တယ်ဆိုတဲ့ အချက်ပါဝင်တာကို တွေ့ရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဧပြီလ ပထမပတ်အတွင်းက အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာတဲ့ NUG အစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကို ဗွီအိုအေမြန်မာပိုင်းက သံတမန်ရေးဆိုင်ရာ အသိအမှတ်ပြုမှု အားရစရာ ရှိပါသလားလို့ မေးမြန်းရာမှာ အခုလို ဖြေကြားတာကို တွေ့ရပါတယ်။

"NUG အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့မှာ အများကြီး အခက်အခဲ ရှိပါတယ်။ ဒါက ဘာလဲဆိုတော့ နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းနဲ့ သူတို့ အသိအမှတ်ပြုမှုပေါ့။ အဲဒါကြောင့်မို့လို့ ကျနော်တို့ စိတ်ဓာတ်ကျစရာ မလိုပါဘူး။ အစိုးရအဖြစ် အသိအမှတ်မပြုပေမဲ့ အစိုးရကဲ့သို့ ဆက်ဆံမှုက အားလုံးမြင်တဲ့အတိုင်းပါပဲ။ ကျနော်တို့ရဲ့ Delegation ကို NUG ရဲ့ Delegation အဖြစ် တရားဝင်တွေ့ဆုံတယ်။ တကယ့်ကို ကျနော်တို့ရဲ့ ပြောကြားချက်၊ တောင်းဆိုချက်တွေကို လေးစားတယ်၊ လိုက်နာတယ်၊ အကောင်အထည်ဖော်တယ်။ ဒါက ပြောမယ်ဆိုရင် အစိုးရအဖြစ် အသိအမှတ်မပြုသေးပေမဲ့ အစိုးရကဲ့သို့ ဆက်ဆံတယ်၊ တွေ့ဆုံတယ်။ ဒီလိုတွေ့ဆုံမှုတွေ နောက်ထပ် ထပ်ပြီး ဖြစ်လာပါလိမ့်မယ်။ ကျနော်တို့ဘက်က နောက်ပိုင်းမှာ အမေရိကန်နိုင်ငံကို လာပြီးတော့ တွေ့ဆုံမယ့် NUG ကိုယ်စားလှယ်အဖွဲ့တွေကို သူတို့ ကြိုဆိုတယ်။ NUG ကနေ တင်ပြမယ့် အချက်တွေကို လက်ကမ်းကြိုဆိုတယ်။"

NUG အစိုးရ ပေါ်ပေါက်လာပြီး တနှစ်တာကာလအတွင်းမှာ ဥရောပပါလီမန်နဲ့ လွှတ်တော်တချို့က NUG ကို အစိုးရအဖြစ် အသိအမှတ်ပြုခဲ့ကြတာ ရှိပေမဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အစိုးရတွေအနေနဲ့ NUG ကို အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုတာ မရှိသေးပါဘူး။ ဒါပေမယ်လို့ အမေရိကန်၊ ဗြိတိန်တို့လို နိုင်ငံကြီးတွေ အပါအဝင် နိုင်ငံအချို့ဟာ NUG နဲ့ အစိုးရအဆင့် ဆက်သွယ်မှု၊ ဆွေးနွေးမှုတွေကတော့ မကြာခဏဆိုသလို တွေ့နေရပါတယ်။

ဒီနေရာ တခုသတိပြုရမှာက အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ အခန်းကဏ္ဍပါ။ အမေရိကန် အပါအဝင် နိုင်ငံတကာ အစိုးရတွေက NUCC ရဲ့ အခန်းကဏ္ဍကို စိတ်ဝင်တစား စောင့်ကြည့်လေ့လာနေကြပါတယ်။ NUG ကို အစိုးရအဖြစ် အသိအမှတ်ပြုရေးဟာ NUCC၊ ဖက်ဒရယ်ပဋိညာဉ်တို့နဲ့ ဆက်စပ်နေတယ်ဆိုတာကို သတိပြုကြရမှာ ဖြစ်ပါတယ်။

"ပလေယာသစ်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF၊ LDF၊ CDF၊ KNDF စသဖြင့်) တွေရဲ့ အခန်းကဏ္ဍကို ထည့်မစဉ်းစားဘဲ ဒီနိုင်ငံရဲ့ ပြဿနာတွေ ပြေလည်မှုရနိုင်မှာ မဟုတ်ပါဘူး" လို့ ISP-Myanmar က စစ်အာဏာသိမ်းမှု တနှစ်ပြည့် ချိန်ထိုးအကဲဖြတ်အပ်သည့် ရှုထောင့်သုံးရပ်မှာ ထောက်ပြထားပါတယ်။

စစ်ကောင်စီဟာ တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်ထားပြီး အပြတ်ချေမှုန်းမယ်လို့ ကြွေးကြော်ထားပါတယ်။ ကြွေးကြော်ထားတဲ့အတိုင်း ရက်စက်စွာ ဖိနှိပ်၊ ချေမှုန်းနေဆဲပါ။ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကိုလည်း လိုက်နာ အကော်အထည်ဖော်မှု မရှိသေးပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းဟာ လတ်တလော ပြေလည်ရေး၊ အဖြေထွက်ရေးဟာ ဖြစ်နိုင်ဖွယ် မရှိသေးဘူးလို့ ဆိုရမှာပါ။ NUG အစိုးရအနေနဲ့ ရေတိုဆောင်ရွက်ချက်များကို အားပြုရင်း ရေရှည်မဟာဗျူဟာများကို စနစ်တကျ ပြင်ဆင် ချမှတ်နိုင်မယ်ဆိုရင် တိုင်းရင်းသား ပြည်သူတွေ မျှော်လင့်နေတဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်ပါတယ်။ ရှင်းလင်းတိကျတဲ့ ရေတို၊ ရေရှည် မဟာဗျူဟာများ ချပြ စည်းရုံးနိုင်မှသာ NUG အစိုးရကို အမေရိကန် အပါအဝင် နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှုကို ရရှိနိုင်မှာ ဖြစ်ကြောင်းပါခင်ဗျား။

------------------------------

(Unicode)














XS
SM
MD
LG