[Zawgyi]
မြန်မာနိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီး၊ ခုခံစစ် ဆင်နွှဲဖို့ NUG အမျိုးသား ညီညွတ်ရေးအစိုးရက တိုက်တွန်းလိုက်တဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်းတွေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်နေပါတယ်။
ခုခံစစ်ဆင်နွှဲဖို့ ကြေညာလိုက်တဲ့အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၇ လလောက်အတွင်း အကြမ်းဖက် နှိမ်နင်းမှုတွေအပေါ် နိုင်ငံတကာက တုံ့ပြန်ဖို့ ပျက်ကွက်နေတဲ့အပေါ် NUG နဲ့ လူထုကြားမှာ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အခြေအနေကိုလည်း နားလည် သဘောပေါက်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ပြောဆိုလိုက်တာပါ။
အထူးအကြံပေးကောင်စီ အဖွဲ့ဝင်တဦးဖြစ်တဲ့ Chris Sidoti ကတော့ အကြမ်းဖက်လုပ်ရပ်ဟာ မြန်မာပြည်သူတွေ ဘေးဒုက္ခကြုံနေရတဲ့ အကြောင်းရင်းဖြစ်ပြီး၊ အဖြေမဟုတ်တဲ့အကြောင်း ပြောပါတယ်။ လို့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။ NUG ရဲ့ ဆုံးဖြတ်ချက်ကို စာနာနားလည်ပေမဲ့ နောက်ဆက်တွဲ ကြုံရမယ့် ရလဒ်တွေအပေါ် စိုးရိမ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။
အထူးအကြံပေးကောင်စီ အဖွဲ့ဝင် နောက်တဦးဖြစ်တဲ့ Marzuki Darusman ကလည်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အထူးကိုယ်စားလှယ်ရဲ့ မကြာသေးခင်က အပစ်ရပ်ဖို့ တိုက်တွန်းချက်ဟာ လက်တွေ့ပြဿနာကို ဖြေရှင်းရာမှာ အထောက်အကူ မဖြစ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။
NUG ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ မြန်မာစစ်အာဏာပိုင်တွေကတော့ မကြာခင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပမယ့် အချိန်မှာ နိုင်ငံတကာ အာရုံစိုက်မှုရအောင် ကြိုးပမ်းတဲ့ လုပ်ရပ်အဖြစ် တုံ့ပြန်ထားတာပါ။ NUG ရဲ့ ကြေညာချက်အပေါ် ဒေသတွင်းနဲ့ အနောက်နိုင်ငံ တချို့ကလည်း စိုးရိမ်တဲ့ သဘောထားတွေကို ပြောဆိုထားကြပါတယ်။
[Unicode]