သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်နေရာ ဘယ်ဘက်က ရနိုင်သလဲ


ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေတဲ့မြင်ကွင်း။ (အောက်တိုဘာ ၂၇၊ ၂၀၁၅)
ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေတဲ့မြင်ကွင်း။ (အောက်တိုဘာ ၂၇၊ ၂၀၁၅)

(Zawgyi / Unicode)

လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့မှာ ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ စတင်မှာ ဖြစ်ပါတယ်။ ဒီညီလာခံမှာ မြန်မာစစ်ကောင်စီက ခန့်အပ်တဲ့ ကိုယ်စားလှယ်နဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရကို ကိုယ်စားပြုမယ့် ယခင် NLD အစိုးရခန့် သံအမတ်ကြီးတို့ နှစ်ဦးအနက် ဘယ်သူက တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုခြင်း ခံရနိုင်ပါသလဲ။ အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Christina Finks ကို ဦးကျော်ဇံသာ ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးကျော်ဇံသာ - Christina Finks ခင်ဗျာ၊ မြန်မာနိုင်ငံ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ မြန်မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ် အရွေးခံရဖို့ ယုံကြည်မျှော်လင့်နေကြပါတယ်။ ဖြစ်လာနိုင်ပါသလား။

Christina Finks - “ဟုတ်ကဲ့ NUG ကိုယ်စားလှယ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နေရာရဖို့ အလားအလာရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီ မြန်မာကိုယ်စားလှယ်နေရာကို ဘယ်ဘက်ကိုမှ မပေးဘဲ ချန်လှပ်ထားနိုင်တဲ့ အလားအလာလည်း ရှိနေပါတယ်။ နိုင်ငံပြင်ပကို ရောက်နေတဲ့ အစိုးရ ဒါမှမဟုတ် အဝေးရောက်အစိုးရ ကိုယ်စားလှယ်တွေကို ကုလသမဂ္ဂမှာ နေရာပေးခဲ့တဲ့ အစဉ်အလာတွေ အတိတ်က ရှိခဲ့ဖူးပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက Haiti နဲ့ Sierra Leone နိုင်ငံတွေရဲ့ကိစ္စမှာ ဒီလို လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကိုယ်စားလှယ် စိစစ်ရေး ကော်မတီအနေနဲ့ ဆုံးဖြတ်ချက် တစုံတရာမချဘဲ ကိုယ်စားလှယ်နေရာကို ကွက်လပ်ထားတဲ့ ကိစ္စမျိုးလည်း ရှိပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေ အတွင်းမှာပဲ ကမ္ဘောဒီးယားနဲ့ အာဖဂန်နစ္စတန် ကိစ္စတွေမှာ အဲဒီလို ဖြစ်ခဲ့တာပါ။”

ဦးကျော်ဇံသာ - ဒီ ကိုယ်စားလှယ်ရွေးချယ်တဲ့ အဆုံးအဖြတ်က Credential Committee လို့ခေါ်တဲ့ ကိုယ်စားလှယ်စိစစ်ရေးကော်မတီ တခုတည်းအပေါ်မှာ မူတည်နေပါသလား။

Christina Finks - “နောက်တဆင့် ရှိပါသေးတယ်။ ပထမဦးဆုံးကတော့ စိစစ်ရေးကော်မတီက ဆုံးဖြတ်ပါတယ်။ ဥပမာအားဖြင့် စစ်ကောင်စီကို နေရာပေးမလား၊ NUG ကို နေရာပေးမလားဆိုတာ သူတို့က ဆုံးဖြတ်ပါလိမ့်မယ်။ အဲဒီနောက် ဒီကော်မတီရဲ့ ဆုံးဖြတ်ချက်ကို လက်ခံမလား၊ ငြင်းပယ်မလားဆိုတာ ကုလ အထွေထွေညီလာခံမှာ ဆုံးဖြတ်နိုင်ခွင့် ရှိပါတယ်။ ဒါကြောင့် အမှန်တကယ်အားဖြင့် အဆင့် ၂ ဆင့်ရှိတယ်လို့ ပြောရမှာပါ။”

ဦးကျော်ဇံသာ - ပထမအဆင့်ဖြစ်တဲ့ စိစစ်ရေးကော်မတီရဲ့ အဆုံးအဖြတ်ကိစ္စမှာ တရုတ်၊ ရုရှား စတဲ့နိုင်ငံတွေက စစ်ကောင်စီနဲ့ ပတ်သက်ပြီး သူတို့အကျိုးစီးပွားတွေ ရှိနေတဲ့အတွက် စစ်ကောင်စီကိုပဲ ဆက်လက် အသိအမှတ်ပြုနိုင်တယ်လို့ တွက်ဆနေသူတွေလည်း ရှိပါတယ်။

Christina Finks - “အစိုးရတွေဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သူတို့ရဲ့ အကျိုးစီးပွား တခုတည်းကိုသာ ကြည့်တာမဟုတ်ပါဘူး။ ဒီထက်ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရတဲ့ အစဉ်အလာ ရှိပါတယ်။ ဥပမာအားဖြင့် NUG ကို ကုလသမဂ္ဂမှာ နေရာပေးလိုက်မယ်ဆိုရင် နောင်အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အဝေးရောက်အစိုးရတွေရဲ့ ပြဿနာမှာလည်း ဒီလိုအကျပ်အတည်းမျိုး ပေါ်လာနိုင်တယ်ဆိုတာ ထည့်သွင်းစဉ်းစားကြရပါတယ်။”

ဦးကျော်ဇံသာ - ဒီလိုကိစ္စမျိုးမှာ အဆုံးအဖြတ်ပေးဖို့အတွက် နိုင်ငံတကာ ဥပဒေတွေမှာ ပြတ်ပြတ်သားသား ဖော်ပြထားတဲ့ ပြဋ္ဌာန်းချက်တွေ ရှိပါသလား။ ရှိတယ်ဆိုရင် အဲဒီပြဋ္ဌာန်းချက်နဲ့ ကိုက်ညီတာဟာ စစ်ကောင်စီလား၊ NUG လား ခင်ဗျား။

Christina Finks - “တိကျခိုင်မာတဲ့ ပြဋ္ဌာန်းချက်တော့ မရှိပါဘူး။ လက်တွေ့ ကျင့်သုံးနေကြတာမျိုးတွေတော့ ရှိပါတယ်။ အစိုးရတရပ်သည် နယ်မြေကို ထိန်းချုပ်နိုင်တယ်၊ မြို့တော်ကို ထိန်းချုပ်နိုင်တယ်ဆိုရင် Credential Committee ကိုယ်စားလှယ်စိစစ်ရေး ကော်မတီကရော အထွေထွေညီလာခံကပါ အသိအမှတ်ပြုပါတယ်။ အခိုင်အမာ ရေးထားတာတော့ မဟုတ်ပါဘူး။ ဒါက စံသတ်မှတ်ချက်ပါ။ ဘာကြောင့်လဲဆိုရင် အစိုးရတွေအနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ တည်ငြိမ်မှုရှိစေချင်လို့ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ကျမ အရင်ပြောခဲ့သလိုပဲ ခြွင်းချက်တွေလည်း ရှိပါတယ်။ ဘယ်လိုလဲဆိုတော့ နယ်မြေနဲ့ နိုင်ငံ့မြို့တော်ကို ထိန်းချုပ်နိုင်တယ်ဆိုပေမယ့် အာဏာသိမ်းတက်လာတဲ့ အစိုးရတချို့ကို (Haiti and Sierra Leone) တို့ကိစ္စမှာတော့ အသိအမှတ် မပြုခဲ့ကြပါဘူး။”

ဦးကျော်ဇံသာ - ဆိုတော့ နောက်ဆုံးပြောရမယ်ဆိုရင် ဒီကိစ္စမှာ ယတိပြတ် အဖြေမရှိဘူးဆိုတဲ့ သဘောပေါ့ ဟုတ်လား။

Christina Finks - “ဟုတ်ပါတယ်။ တိကျတဲ့အဖြေ မရှိသေးပါဘူး။ ဖြစ်နိုင်တာ အခြေအနေ ၃ ခု ရှိပါတယ်။ NUG ကို ရွေးကောင်းရွေးပါလိမ့်မယ်၊ စစ်ကောင်စီကို ရွေးကောင်း ရွေးပါလိမ့်မယ်။ အခုလောလောဆယ်မှာကို ဘယ်သူ့မှ မရွေးပဲထားတဲ့ ကုလသမဂ္ဂအဖွဲ့တချို့ ရှိနေပါတယ်။ ဒါကြောင့် အများဆုံး ဖြစ်နိုင်ခြေရှိတာက ဘယ်ကိုယ်စားလှယ်ကိုမှ မရွေးဘဲ ထားနိုင်ပါတယ်။”

-------------------------

(Unicode)













XS
SM
MD
LG