(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရေး နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အနီးကပ် ကူညီ ကြိုးပမ်းသွားမယ်လို့ တောင်ကိုရီးယား သမ္မတအိမ်တော်က ပြောပါတယ်။
ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင်အသိအမှတ်ပြုထောက်ခံဖို့ လူ ၂ သိန်း ၆ သောင်းကျော် လက်မှတ်ရေးထိုး ပေးပို့တောင်းဆိုတဲ့စာကို တောင်ကိုရီးယားနိုင်ငံအစိုးရက အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။
ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရတို့နဲ့ ပတ်သက်ဆက်နွယ် ပေါ်ပေါက်လာတဲ့ NUG ကို တရားဝင် သံတမန်ရေးအရ အသိအမှတ်ပြုဖို့ တောင်ကိုရီးယားအစိုးရကို လူ ၂ သိန်း ၇ သောင်းနီးပါး စာရေးသား လက်မှတ်ရေးထိုး တောင်းဆိုထားတယ်လို့လည်း တောင်ကိုရီးယားသမ္မတအိမ်တော် ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့အကြောင်း ကိုရီးယားကလာတဲ့ သတင်းတွေမှာ ရေးထားပါတယ်။
မြန်မာနိုင်ငံမှာ အခြေအနေတွေ ပြန်ပြီးတည်ငြိမ်အေးချမ်းလာဖို့ တောင်ကိုရီးယားအစိုးရအနေနဲ့ ထောက်ပံ့ကူညီမှုတွေ ဆက်ပြီး လုပ်ဆောင်ပေးသွားမယ်လို့ တောင်ကိုရီးယားအစိုးရကပြောပါတယ်။ ဒါ့အပြင် NUG အပါအဝင် တခြား အဓိက တာဝန်ရှိသူတွေနဲ့လည်း တောင်ကိုရီးယားအနေနဲ့ ပုံမှန် အဆက်အသွယ် ရှိနေမယ်လို့လည်း ပြောပါတယ်။
............................................................................
(Unicode)