သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားရဲ့ မြန်မာ့အရေးစိတ်ဝင်စားမှု


တောင်ကိုရီးယားနိုင်ငံ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု။ (ဓါတ်ပုံ မခိုင်ခိုင်မိုးထက်)
တောင်ကိုရီးယားနိုင်ငံ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု။ (ဓါတ်ပုံ မခိုင်ခိုင်မိုးထက်)
တိုက်ရိုက် လင့်ခ်

တောင်ကိုရီးယား အာဏာရပါတီထဲက မြန်မာ့အရေးကို စိတ်ဝင်စားကြတဲ့ လွှတ်တော်အမတ်တွေဟာ မြန်မာပြည်သူတွေကို အားပေးဖို့ မြန်မာနိုင်ငံကို သွားဖို့အထိ ကြိုးစားခဲ့ကြပေမယ့်၊ ပြည်ဝင်ခွင့်ဗီဇာ မရခဲ့ကြပါဘူး။ တောင်ကိုရီးယားက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ကူညီပံ့ပိုးဖို့အတွက်လည်း သူတို့ဘက်ကပဲ ဆက်သွယ်တွေ့ဆုံမှုတွေ စလုပ်ခဲ့တယ်လို့ မြန်မာ့အရေးလှုပ်ရှားသူ လူငယ် မခိုင်ခိုင်မိုးထက် က ပြောပါတယ်။ သူကတော့ လူမှုကွန်ယက်ပေါ်မှာ Myanmar Girl in Korea ဆိုပြီးနာမည်ကြီးတဲ့ Social influencer တယောက်လည်းဖြစ်ပါတယ်။ တောင်ကိုရီးယား လွှတ်တော်အမတ်တချို့နဲ့ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့တဲ့ မခိုင်ခိုင်မိုးထက်ကို မစုမြတ်မွန်က ဆက်သွယ်မေးထားပါတယ်။

မေး ။ ။ မခိုင်မိုးထက် VOA မြန်မာပိုင်းအစီအစဉ်က ကြိုဆိုပါတယ်ရှင့်။ အာရှနိုင်ငံတွေထဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပြည်သူတွေဘက်ကနေ တက်တက်ကြွကြွ ရပ်တည်နေတဲ့ နိုင်ငံက တောင်ကိုရီးယားနိုင်ငံ ဖြစ်ပါတယ်။ တောင်ကိုရီးယား လွှတ်တော်အမတ်တွေဆိုရင်လဲ ဒီမိုကရေစီအရေး ဆန္ဒပြပွဲတွေမှာ သူတို့ကိုယ်တိုင်ပါဝင်ပြီးတော့ မိန့်ခွန်းပြောတာတွေ ရှိတယ်။ ညီမတို့ဆိုရင်လဲ တောင်ကိုရီးယား လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ပါတယ်။ ဆိုတော့ အခုလက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ တောင်ကိုရီးယား နိုင်ငံရေးသမားတွေရဲ့ စိတ်ဝင်စားမှုအခြေအနေကို အရင်ဆုံး ပြောပြပေးပါရှင့်။

ဖြေ ။ ။ မင်္ဂလာပါရှင့်။ သူတို့က မြန်မာပြည်အရေးကို စိတ်ဝင်စားတယ်ဆိုတာ ညီမတို့အနေနဲ့ သွားပြီးတော့ တောင်းဆိုရလောက်အောင်အထိ မဟုတ်ဘူး။ သူတို့ိကိုယ်တိုင်က တကယ်စိတ်ဝင်စားတာ။ ညီမတို့ လွှတ်တော်အမတ်တွေနဲ့ တွေ့ခဲ့တာဆိုရင် ညီမတို့က တွေ့ခွင့်ပေးပါဆိုပြီးတော့ တောင်းဆိုခဲ့တာ မရှိခဲ့ဘူး။ သူတို့ကိုယ်တိုင်က ဒီလိုမျိုး တောင်းဆိုချင်တယ်ဆိုရင် တွေ့မလားဆိုပြီးတော့ အရင်မေးတယ်။ ပြီးတော့ ညီမတို့က ဒေဂျွန်ဘက်မှာ အပတ်တိုင်းစုတယ်။ တနင်္ဂနွေနေ့တိုင်း စုပြီးတော့ ဆန္ဒပြမှုတွေ လုပ်ကြတယ်။ အဲဒီအခါမှာ သူတို့သိသွားတဲ့အခါမှာ သူတို့ဘာကူညီပေးရမလဲ၊ ကူညီချင်တယ်ဆိုပြီးတော့ လွှတ်တော်အမတ်တွေရဲ့ အတွင်းရေးမှူးကိုယ်တိုင်က ဆက်သွယ်တယ်။ ငါတို့ ကူညီချင်တယ်၊ တွေ့ကြမယ်။ လူငယ်တွေစုပြီးတော့ လာတွေ့ပါ။ သူတို့လည်း ဆန္ဒပြပွဲတွေကို လိုက်ခဲ့မယ်ဆိုပြီး သူတို့ကိုယ်တိုင်က တကယ့်ကို အားကြိုးမာန်တက်နဲ့ လာပြီးတော့ ခေါ်တယ်၊ သူတို့နဲ့တွေ့ဖို့ ပြောတယ်။

အဲဒီနေ့ကဆိုရင် အရမ်းလေးစားဖို့ကောင်းတာ လွှတ်တော်အမတ်က အဲဒီနေ့က ဒေဂျွန်မှာ အရမ်းအေးတယ်။ ရာသီဥတု အရမ်းအေးတဲ့အချိန်မှာ (၂) နာရီလုံးလုံး အင်္ကျီပါးပါးလေးနဲ့ပဲ ညီမတို့နဲ့အတူတူ ဆိုင်းဘုတ်ကြီးကိုင်ပြီးတော့ ရပ်နေပေးမယ်။ သူတို့မပြန်ဘူး။ နောက်ဆုံးပိတ်မှာ သွားမေးကြည့်တဲ့အခါ သူတို့ပြန်ရင် လူငယ်တွေ ပြန်သွားမှာစိုးလို့တဲ့ မပြန်ဘဲနဲ့ အဆုံးအထိ အဲဒီလွှတ်တော်အမတ်ကိုယ်တိုင် အဆုံးအထိ ရပ်တည်ပေးခဲ့တယ်။

မေး ။ ။ အခုလတ်တလော မကြာခင်တုန်းကပဲ မခိုင်ခိုင်မိုးထက်ဆိုရင် ကိုရီးယားလွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့တာ ရှိပါတယ်ဆိုတော့ တွေ့ဆုံခဲ့တဲ့ လွှတ်တော်အမတ်တွေက ဘယ်နှစ်ယောက်ကို တွေ့ဆုံခဲ့ပြီးတော့၊ ဘယ်ပါတီတွေကလဲ ဆိုတာကိုလည်း သိချင်ပါတယ်။ နောက်ပြီးတော့ သူတို့နဲ့ တွေ့ဆုံတဲ့အခါ ဘာတွေဆွေးနွေးခဲ့ပါသလဲရှင့်။

ဖြေ ။ ။ ညီမတွေ့ဆုံခဲ့တာတော့ ကမ်မြောင်းဟိုအမတ်နဲ့ ချောင်ချန်မင်းအမတ်တို့ နှစ်ယောက်ကိုတော့ ရုံးခန်းအထိ သွားပြီးတော့ တွေ့ဆုံခဲ့တယ်။ ကမ်မြောင်းဟိုအမတ်က -- ဒီမိုကရက်တစ် အနိုင်ရပါတီ - လက်ရှိ အစိုးရပါတီက အမတ်ဖြစ်တယ်။ သူက နိုင်ငံခြားရေးနဲ့ ဆက်စပ်တဲ့ ဝန်ကြီးဌာနကလို့ ပြောပါတယ်။ ချန်ချောင်မင်းအမတ်ကတော့ သူကတော့ ဒေဂျွန်မြို့ဇာတိဖြစ်တဲ့အတွက်ကြောင့် ဒေဂျွန်မြို့မှာ လှုပ်ရှားမှုပြုတဲ့အခါမှာ သူ့အနေနဲ့ ကူညီချင်တဲ့အတွက်ကြောင့်မို့ ဆက်သွယ်လာတာပါ။ အခြားအမတ်တွေကြတော့ ညီမတို့ မြန်မာသံရုံးရှေ့မှာ အီဂျယ်ဂျောင်အမတ်ကတော့ အမျိုးသမီးအမတ်။ သူနဲ့အတူတူ အခြားအမျိုးသားအမတ် (၅) ယောက်လောက်နဲ့ (၆) ယောက်လောက် မြန်မာသံရုံးရှေ့မှာ သတင်းစာရှင်းလင်းပွဲလည်း လုပ်ကြတယ်။ ညီမကို တွေ့တဲ့အခါမှာ တကယ်ကို ဖက်လဲတကင်းပဲ သူတို့တွေ သူတို့တွေ ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံကို ပြည်ဝင်ခွင့်ရအောင်အထိ ကြိုးစားနေတယ်ဆိုတာကို ပြောကြတယ်။ ညီမတို့ ပထမဦးဆုံး တွေ့ခဲ့တဲ့ အမတ်နဲ့ တွေ့တုန်းက တောင်းဆိုခဲ့တာတွေက ဘာတွေလဲဆိုတော့ CRPH အတွက် အဓိကထား တောင်းဆိုခဲ့တယ်။ CRPH ကို အသိအမှတ်ပြုပေးဖို့ UN မှာလည်း မြန်မာဘက်ကနေ ထောက်ခံပေးဖို့။ ပြီးတော့ စစ်အာဏာရှင်တွေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပေးဖို့။ အဓိကတော့ မြန်မာပြည် ဒီမိုကရေစီ မရမချင်း မြန်မာနိုင်ငံ စစ်အာဏာရှင်တွေ လုပ်နေတဲ့ လုပ်ငန်းစုတွေမှာ ကိုရီးယားလုပ်ငန်းတွေရဲ့ investment က အရမ်းအရေးကြီးတယ်။ မြန်မာနိုင်ငံထဲမှာ လေးခုမြောက် အကြီးဆုံး ကိုရီးယား ဖြစ်တယ်။ အဲဒီမှာ အကြီးဆုံးက ကြားထားတာက POSCO, Inno City – တောင်ဥက္ကလာဘက်မှာ ဆောက်နေတာရယ်၊ ပြီးတော့ Pan-Pacific တို့ ဖြစ်တယ်။ အဲဒီလုပ်ငန်းစုတွေက စစ်တပ်နဲ့ လက်တွဲနေတာတွေကို ရပ်တန့်ပေးဖို့။ တခါတည်း ထွက်သွားပေးဖို့ မဟုတ်ဘဲ။ ဒီအချိန်မှာ ခေတ္တရပ်တန့်ပေးဖို့ စစ်အာဏာရှင်လက်ထဲကို ပိုက်ဆံအလုံးအရင်းနဲ့ ဝင်သွားမယ့်ဟာကို အခုအချိန်မှာ ရပ်ထားပေးဖို့ တောင်းဆိုခဲ့တယ်။

နောက်ပြီးတော့ မြန်မာပြည်မှာ CDM လုပ်နေတဲ့ ဝန်ထမ်းတွေကိုလည်း အခုကြားနေရတာက ကိုရီးယားရဲ့ microfinancing ပိုင်းတွေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းတွေက လည်ပတ်နေဆဲ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အရမ်းအခက်အခဲတွေ ဖြစ်နေတယ်။ ဒါတွေကို ရပ်တန့်သင့်တယ်လို့ ပြောကြတယ်။ အဲဒီအခါမှာ မြန်မာနိုင်ငံမှာရှိတဲ့ ကိုရီးယားလုပ်ငန်းစုတွေလည်း လောလောဆယ် CDM မှာ အကယ်လို့ ပါဝင်လို့ ရနိုင်မယ်ဆိုရင် ပါဝင်ပေးဖို့ တောင်းဆိုခဲ့ပြီး၊ ကိုရီးယားမှာရှိတဲ့ မြန်မာလုပ်သားတွေကို အခုလောလောဆယ်မှာ ဗီဇာပြည့်သွားပြီးတော့ မြန်မာနိုင်ငံကို ပြန်ရမှာတွေ ရှိတယ်။ ဒါပေမဲ့ အခြေအနေတွေက အရမ်းတင်းမာနေတဲ့အတွက်ကြောင့် မပြန်ချင်တဲ့လူတွေလည်း ရှိတယ်။ အဲဒါကြောင့် အဲဒီလူတွေအတွက် ဆက်လက်နေထိုင်ခွင့် ဗီဇာတွေပေးဖို့ တောင်းဆိုခဲ့တယ်။ ညီမတို့ တနင်္လာနေ့မှာ တင်ပြခဲ့တယ်၊ သောကြာနေ့မှာ သူတို့တခါတည်း ဖြေရှင်းပေးခဲ့တယ်။ အရမ်းမြန်တယ်။ လုပ်ပေးတာ။ အဲဒီအမတ်နဲ့ နောက်တခေါက် ထပ်တွေ့တော့လဲ ညီမတောင် မပြောရသေးဘူး၊ သူက အရင်ပြောတယ် - ဗီဇာကိစ္စတွေကို ဖြေရှင်းဖို့ လွှတ်တော်တင်ပြပြီးတော့ ဖြေရှင်းလို့လွယ်တာကို ဖြေရှင်းလိုက်ပြီ။ POSCO ကိစ္စလည်း လွှတ်တော်ထဲ တင်ပြထားပြီးပြီ။ ဒီဘက်ကနေ တန်ပြန်စစ်ဆေးမှုတွေ ပြန်လုပ်သွားမယ်။ အကယ်၍ တကယ်ရှိတယ်ဆိုရင် သူတို့ အကောင်းဆုံး ဆောင်ရွက်သွားပါမယ်ဆိုပြီးတော့ သေချာကို ပြောခဲ့ပါတယ်။

မေး ။ ။ ညီမ အခုနပြောခဲ့သလို POSCO ကတော့ မြန်မာနိုင်ငံမှာ ရွှေဂတ်စ် သဘာဝဂတ်စ် တူးဖော်ရေးလုပ်ငန်းကို လုပ်နေတဲ့ ကိုရီးယားရဲ့ သံမဏိလုပ်ငန်းကြီး။ အဲဒီလုပ်ငန်းကြီးက စစ်တပ်ကို တဘက်တလမ်းကနေ ဝင်ငွေရှာပေးသလို ဖြစ်နေတာကြောင့် ဒီလုပ်ငန်းကို ရပ်ထားပါဆိုပြီးတော့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း တောင်းဆိုနေတယ်ဆိုတော့ အဲဒီသလိုမျိုး သူတို့တောင်းဆိုနေသလိုမျိုး ညီမတို့လည်း တောင်းဆိုခဲ့တယ်ဆိုတော့ တကယ်ပဲ လက်တွေ့ဖြစ်လာအောင်လို့ အခုနပြောတဲ့ ကိုရီးယားအမတ်တွေကတဆင့် အစိုးရကနေ ဖိအားပေးလာနိုင်အောင် ဘယ်လိုမျိုး ဆက်ပြီးတော့ လုပ်သွားဖို့ အစီအစဉ် ရှိပါသလဲ။

ဖြေ ။ ။ လောလောဆယ်တော့ သူတို့အစိုးရလည်း တတ်နိုင်သရွေ့ အများကြီး ကူညီပေးနေတယ်။ ညီမတို့အနေနဲ့ တခေါက်တင်ပြထားတယ်။ လောလောဆယ်တော့ သူတို့ ဘယ်လိုတွေ ဆက်ပြီးဆောင်ရွက်မလဲဆိုတာကို စောင့်ကြည့်ဖို့ပဲ လိုတယ်။ ထပ်ပြီးတော့ တွန်းအားပေးဖို့လဲ ညီမတို့ဘက်က အဆင်မပြေဘူး။ သူတို့ဘက်က မလုပ်ပေးနေတာလဲ မဟုတ်ဘူး၊ တောက်လျှောက်လုပ်ပေးနေတယ်၊ ကြိုးစားပေးနေတယ်။ သူတို့လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးနေတယ်။

မေး ။ ။ အခုရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံကို သွားဖို့အတွက် ကိုရီးယားလွှတ်တော်အမတ်တွေက ဗီဇာတင်တာ။ မြန်မာသံရုံးကနေ သူတို့ကို ဗီဇာ မပေးဘူး။ အဲဒီအတွက်လဲ သူတို့တွေ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တယ်။ အဲဒီလို မြန်မာနိုင်ငံကို သွားဖို့ကြိုးစားတဲ့ အမတ်စုစုပေါင်းက ဘယ်နှစ်ယောက် ရှိပြီးတော့၊ ဘယ်ပါတီတွေကိ သွားဖို့ကြိုးစားကြတာလဲဆိုတာကို သိပါသလားရှင့်။

ဖြေ ။ ။ အနိုင်ရ လက်ရှိအစိုးရပါတီကပဲ ကြိုးစားတာ ဖြစ်ပါတယ်။ အီဂျယ်ဂျုန်းအမတ်အပါအဝင် အခြားအမတ် (၅) ယောက်လောက် ရှိမယ်။ စုစုပေါင်း အမတ် (၆) ယောက်ကနေ ကြိုးစားကြတာ ဖြစ်တယ်။ မတ်လ (၂၂) ရက်နေ့မှာ ဝင်ခွင့်မရဘူး။ မရဘူးဆိုတာ ထွက်လာတယ်။ (၂၃) ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ထလုပ်တယ်။ ငါတို့တောင်းဆိုတာက မြန်မာနိုင်ငံတွင်းမှာရှိတဲ့ သူတို့နိုင်ငံသားတွေရဲ့ လုံခြုံမှုနဲ့ လုပ်ငန်းတွေရဲ့ လုံခြုံမှုတွေအတွက် သွားမယ်ဆိုတဲ့အတွက် တောင်းဆိုတာကို မြန်မာဘက်က ပယ်ချခဲ့တယ်။ ဒါပေမဲ့ မြန်မာအစိုးရအနေနဲ့ ကိုရီးယားလုပ်ငန်းရှင်တွေနဲ့ ကိုရီးယားလူမျိုးတွေကို လုံခြုံမှုပေးပါမယ်ဆိုတဲ့ ကတိပေးပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအတွက် သူတို့ဘက်က အကျိုးရှိလိုက်တယ် ဆိုပေမယ့်လဲ သူတို့နောက်မဆုတ်ဘူး၊ မြန်မာ့အရေးအတွက် အဆုံးအထိ လုပ်ပေးသွားမယ်။ ဒီမိုကရေစီ ရရှိတဲ့အထိ ပြည်သူတွေဘက်က ရပ်တည်ပေးမယ်ဆိုပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

မေး ။ ။ ညီမပြောသလိုပဲ သတင်းစာရှင်းလင်းပွဲမှာ သူတို့ပြောတာက မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြနေကြတဲ့ ပြည်သူတွေနဲ့ ပူးပေါင်းအားဖြည့်ချင်တဲ့ အတွက်ကြောင့်မို့ သူတို့သွားချင်တာ။ အခုတော့ သွားခွင့်မရပေမယ့်လဲ တောင်ကိုရီးယားနိုင်ငံကနေ ဆက်ပြီးတော့ အားပေးလှုပ်ရှားသွားမယ်ဆိုတော့ သူတို့ဆက်ပြီးတော့ ဘယ်လိုအစီအစဉ်တွေနဲ့ လှုပ်ရှားသွားမယ်ဆိုတာကို ညီမတို့ သိပါသလားရှင့်။

ဖြေ ။ ။ ညီမတို့က ပြောမယ်ဆိုရင် နိုင်ငံရေးကို ထဲထဲဝင်ဝင် သိတယ်လူမဟုတ်တော့၊ သူတို့ ဘာတွေလုပ်မယ်ဆိုပြီးတော့ ခန့်မှန်းလို့တော့ မတတ်ဘူး။ ဒါပေမဲ့ သူတို့အနေနဲ့ ဖြည်းဖြည်းချင်း လုပ်ဆောင်ရတာ လွယ်ကူရာကနေ စပြီးတော့ လုပ်ဆောင်ပေးသွားလိမ့်မယ်လို့ ထင်ပါတယ်။ ပြီးရင် သူတို့အနေနဲ့ ဟိုတနေ့က အမတ် ပြောသွားပုံအရဆိုရင် တော်လှန်ရေးမပြီးဆုံးခင် တော်လှန်ရေးပြီးနောက်မှာလဲ မြန်မာနိုင်ငံ ထူထောင်ရေးအပိုင်းမှာလည်း သူတို့ပါဝင်တဲ့အထိ အားဖြည့်ဖို့အထိ စဉ်းစားထားတယ်။ အဲဒီနောက်ပိုင်းမှာ ဒီမှာလာနေတဲ့ ပြည်သူတွေအတွက် သူတို့လုပ်နိုင်တဲ့အပိုင်းမှာ ဆက်လက်ပြီးတော့ ကူညီသွားမယ်လို့ ပြောပါတယ်ရှင့်။

မေး ။ ။ တောင်ကိုရီးယားနိုင်ငံမှာ လွှတ်တော်အမတ်တင် မဟုတ်ဘူး၊ အစိုးရကလည်း မြန်မာနိုင်ငံက စစ်အာဏာသိမ်းတာကို လက်မခံဘူးဆိုတာကို ပြသပြောနေပါတယ်။ ဒါပေမဲ့ ကိုရီးယားအများစု၊ ပြည်သူလူထု အများစု သဘောထားကို ဘယ်လိုမြင်ရသလဲရှင့်။

ဖြေ ။ ။ ပြည်သူလူထု အများစုကတော့ အစိုးရနဲ့ ထပ်တူပါပဲ။ များသောအားဖြင့် မြန်မာတွေနဲ့အတူ မြန်မာပြည်ကို ထောက်ခံကြတယ်။ မြန်မာလူမျိုးတွေနဲ့အတူတူ ရပ်တည်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂွမ်ဂျူးမှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ အခုမြန်မာမှာဖြစ်တဲ့ ပုံစံက တော်တော်လေးကိုဆင်တယ်။ အဲဒီအခါကြတော့ လူကြီးပိုင်းတွေက တော်တော်လေးကိုပဲ ကိုယ်ချင်စာတရား ထားကြတယ်။ သူတို့ဖြစ်ခဲ့တဲ့ ပုံစံ၊ ခံစားခဲ့ရတာကို သိတဲ့အတွက်ကြောင့်မို့ မြန်မာလူငယ်တွေ ခံစားနေရတာတွေ၊ မြန်မာမှာ ထိခိုက်မှုတွေ ရှိနေတာကို -- ငါတို့ တောင်ကိုရီးယား စစ်တပ်ကြီးက ဝင်ပြီးတော့ တိုက်ပေးရင် ကောင်းမယ်ဆိုပြီး ပြည်သူတွေကအစ အားကြိုးမာန်တတ်နဲ့ အဲဒီလို လုပ်စေချင်လိုက်တာဆိုပြီး ပြောတဲ့လူတွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး မဖြစ်တဲ့လူတွေလည်း ရှိတယ်။ တချို့ကြတော့ YouTube မှာ တချို့ပေါ့။ တချို့ YouTuber တွေကြတော့ Followers များဖို့အတွက် သူတို့ရဲ့ Viewers များဖို့အတွက် အဓိကထားတဲ့လူတွေ ရှိတယ်။ အဲဒီလူတွေကြတော့ အမေစု မကောင်းကြောင်းတွေ၊ အစိုးရကို ထောက်ခံတယ်ဆိုတဲ့အကြောင်းတွေ။ အဓိကတော့ တရုတ်ထောက်ခံတဲ့လူ များတာပေါ့။ အဲဒီလူမျိုးတွေက မဟုတ်မမှန် သတင်းတွေ တင်တာတွေများတယ်။ ညီမတို့အနေနဲ့ Social Influencer လည်း ဖြစ်တာကြောင့် အဲဒီလိုမျိုး ရှင်းဖို့အတွက် YouTube မှာ အခုဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုက ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို ပြန်ရှင်းပြရတာတွေလည်း အများကြီးပဲ။ သိသွားတဲ့ လူတွေကြတော့ ငါတို့ မြန်မာကို ထောက်ခံတယ်။ မြန်မာလူမျိုးတွေ နိုင်ကိုနိုင်ရမယ် ဆိုတာမျိုးတွေ ရှိသလိုမျိုး၊ နည်းနည်းအားပေးတဲ့လူ အနည်းစုတော့ ရှိတယ်ရှင့်။

မေး ။ ။ အခုပြောခဲ့သလို တောင်ကိုရီးယားနိုင်ငံမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ စိတ်ဝင်စားမှု ရလာအောင် နောက် ဒီမိုကရေစီအရေး တောင်းဆိုသူတွေဘက် ပိုပြီးရပ်တည်လာအောင်လို့ ညီမတို့အနေနဲ့ ဘာတွေဆက်လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါသလဲရှင့်။

ဖြေ ။ ။ ညီမတို့က အခုဆိုလို့ရှိရင် ညီမတို့တွေ့ခဲ့တဲ့ ကမ်မြောင်းဟိုအမတ်က သူက ကတ်သလစ်ဘာသာဝင် ဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ဘုန်းတော်ကြီးတွေနဲ့ မိတ်ဆက်ပေးခဲ့တယ်။ ကိုရီးယားမှာက ကတ်သလစ်ဘာသာဝင်တွေက တော်တော်ကို အရေးပါအရာရောက်တယ်။ ထိရောက်တယ်လို့ ပြောရမယ်။ သူတို့တွေရယ်၊ ရုပ်သံလွှင့်ဌာနရယ်၊ YouTube တွေမှာ ညီမတို့ကို ဖိတ်ခေါ်တယ်။ သွားပြီးတော့ မြန်မာအကြောင်းတွေကို ပြောပေးရတယ်။ အဲဒီအခါ ကတ်သလစ်ဘာသာဝင်တွေက မြန်မာအကြောင်းကို အရမ်းစိတ်ဝင်စားလာကြတယ်။ ပြီးတော့ ဘုန်းတော်ကြီးတွေက မြန်မာပြည်မှာ ဒီလိုမျိုးဖြစ်တဲ့ အခြေအနေတွေအတွက် ဆုတောင်းပေးရုံတင်မဟုတ်ဘဲနဲ့ သူတို့ တကယ်လိုအပ်တဲ့ အကူအညီတွေကို ပေးကြမယ်ဆိုပြီးတော့ ညီမတို့ Myanmar Youth Organization in Korea က ထောင်ထားတဲ့ ညီမတို့ ရန်ပုံငွေကောက်တဲ့ ညီမဘဏ်အကောင့်ကို သူတို့ကြေညာပေးတယ်။ သူတို့ရဲ့ ကတ်သလစ်ဘာသာ သက်ဝင်သူတွေ အကုန်လုံးက CDM အတွက် ငွေကြေးတွေ ထောက်ပံ့ပေးတယ်။ ညီမအကောင့်ထဲကို ရောက်လာကြတယ်။ အဲဒါတွေကို ညီမ သေချာစုထားတယ်။ စာရင်းလုပ်ထားတယ်။ မြန်မာဘက်က လိုအပ်တဲ့လူတွေကို ဆက်သွယ်မိရင် ဆက်သွယ်မိသလောက် ချက်ချင်းပြန်ပြီးတော့ ထောက်ပံ့သွားမယ်။ အများကြီး သူတို့လုပ်ပေးနေတယ်။ ညီမတို့ ဆက်လက်ပြီးတော့ အဲဒီလိုလူမျိုးတွေနဲ့ ချိတ်ဆက်ပြီး YouTube တွေ၊ TV Channel တွေမှာ တောက်လျှောက်ပြောပြသွားပါမယ်။

မစုမြတ်မွန် ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။ မခိုင်ခိုင်မိုးထက်ရှင့်။ အခုလိုမျိုး VOA ကို ဖြေပေးတယ်အတွက်။

ဖြေ ။ ။ ကျေးဇူးတင်ပါတယ်ရှင့်။


==Unicode==




















ဆက်စပ်သတင်းများ ...

XS
SM
MD
LG