သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ဝင်မစွက်ဖို့ သမ္မတပူတင်ကို သမ္မတအိုဘားမား သတိပေးခဲ့


အမေရိကန်သမ္မတ Barack Obama က သမ္မတ အိမ်ဖြူမှာ နှစ်စဉ်ပြုလုပ်တဲ့ နှစ်ချုပ် သတင်းစာရှင်းလင်းပွဲ။ ( ဒီဇင်ဘာ ၁၆၊ ၂၀၁၆)
အမေရိကန်သမ္မတ Barack Obama က သမ္မတ အိမ်ဖြူမှာ နှစ်စဉ်ပြုလုပ်တဲ့ နှစ်ချုပ် သတင်းစာရှင်းလင်းပွဲ။ ( ဒီဇင်ဘာ ၁၆၊ ၂၀၁၆)

ဒီမိုကရက်တစ်ပါတီကို ကွန်ပြူတာ အင်တာနက်ဖေါက်ထွင်းမှုတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ ပါတ်သက်ပြီး စက်တင်ဘာလတုန်းက ရုရှားသမ္မတ Vladimir Putin နဲ့တွေ့ဆုံစဉ် အဲလိုမလုပ်ဖို့ သူတိုက်ရိုက်ပြောခဲ့တယ်လို့ အမေရိကန်သမ္မတ Barack Obama ကပြောခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ဖေါက်ထွင်းခိုးယူမှုတွေ ဆက်လုပ်တာ မတွေ့တော့ဘူးလို့ အမေရိကန်သမ္မတ Barack Obama က သမ္မတအိမ်ဖြူမှာ နှစ်စဉ်ပြုလုပ်တဲ့ နှစ်ချုပ် သတင်းစာရှင်းလင်းပွဲ အပြီးမှာ ပြောကြားလိုက်ပါတယ်။

အခုလို ဖေါက်ထွင်းခိုးယူမှုကြောင့် ဒီမိုကရက်တစ်ပါတီက သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ Hillary Clinton အရေးရှုံးနိမ့်ရတယ် လို့ ယူဆပါသလား ဆိုတဲ့အမေးကိုတော့ သူက တိုက်ရိုက်မဖြေကြားခဲ့ပါဘူး။ ဒီကိစ္စအတွက် ကျွမ်းကျင်ပညာရှင်တွေ ဆွေးနွေးကြပါစေလို့ပြောကြားခဲ့တာပါ။

ဒီမိုကရက်တစ် ပါတီခေါင်းဆောင်ပိုင်းတွေရဲ့ Email တွေ ကြားဝင် ခိုးယူခံနေရတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပြီးနောက် သူ့အစိုးရအနေနဲ့ ဘာကြောင့်လုပ်သလဲ၊ ဘယ်လိုရည်ရွယ်ချက်မျိုးရှိသလဲဆိုတဲ့ သုံးသပ်ချက်မပါဘဲ သက်ဆိုင်တဲ့သူတွေကို ဒီသတင်းကို အသိပေးပြောခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို တစုံတရာထိခိုက်မှာကို သူစိုးရိမ်ခဲ့တယ်လို့ သမ္မတကပြောပါတယ်။

ကြီးကျယ် ရှုပ်ထွေးတဲ့ သူလျှိုထောက်လှမ်းမှုမဟုတ်ခဲ့ဘူးလို့တော့ သမ္မတက ဆိုပါတယ်။ ဖောက်ထွင်းခိုးယူခံရတဲ့ ဒီမိုကရက်တစ်ပါတီရဲ့ Email တချို့ဟာ ဘာမှထူးထူးခြားခြားမပါသလို တချို့ကတော့ မျက်နှာပျက်စရာ၊ ကသိကအောက်ဖြစ်စရာမျိုးတွေဖြစ်တဲ့အတွက် သူ့အနေနဲ့ စိုးရိမ်စရာဖြစ်ခဲ့ပြီး အားလုံးအတွက်လည်း စိုးရိမ်စရာဖြစ်တယ်လို့ သမ္မတကပြောပါတယ်။

ဒီလို ကြားဖောက်ခိုးယူခံရတဲ့ Email တွေပေါက်ကြားမှုရဲ့ အကျိုးဆက်ကို သမ္မတပူတင် သာမက တရုတ်သမ္မတ Xi Jinping နဲ့လည်း ဆွေးနွေးပြောဖြစ်ခဲ့ တယ်လို့ သမ္မတ အိုဘားမားက သောကြာနေ့က ပြုလုပ်ခဲ့ တဲ့ နှစ်ပါတ်လည် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG