သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုးဘားမား Hillary Clinton အတွက် မဲဆွယ်


သမ္မတ Barack Obama နဲ့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် Hillary Clinton (၂၀၀၈ ခုနှစ် )
သမ္မတ Barack Obama နဲ့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် Hillary Clinton (၂၀၀၈ ခုနှစ် )

အမေရိကန် သမ္မတလောင်းရွေးပွဲအတွက် ဒီကနေ့ မဲဆွယ်စည်းရုံး လှုပ်ရှားကြမယ့် မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် Hillary Clinton ကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ သမ္မတ Barack Obama ပထမဆုံးအကြိမ် တက်ရောက်မှာ ဖြစ်ပါတယ်။

ပြိုင်ဘက် ရီပတ်ဘလစ်ကန်ပါတီက ကုဋေကြွယ်သူဌေး Donald Trump ကတော့ ပြည်နယ်မြို့တော် Raleigh မှာ ညနေဖက်ကျင်းပမယ့် အခန်းအနားမှာ မိန့်ခွန်းပြောကြားမှာပါ။ Raleigh မြို့နဲ့ ကီလိုမီတာ ၂၀၀ အကွာမှာရှိတဲ့ Charlotte မြို့မှာ နာရီပိုင်းစောပြီး ကျင်းပမယ့် ဒီမိုကရက်တစ်ပါတီရဲ့ စည်းရုံးလှုပ်ရှားမှုမှာတော့ သမ္မတအိုဘားမားက သူ့ရဲ့ပထမတကြိမ် သမ္မတသက်တမ်း ၄ နှစ်မှာ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့ဖူးတဲ့ ကလင်တန်နဲ့အတူ တက်ရောက်မှာ ဖြစ်ပါတယ်။

ဝန်ကြီးဟောင်း ကလင်တန်ကတော့ ပြီးခဲ့တဲ့လထဲမှာတုန်းက သူ့ကိုထောက်ခံကြောင်း တရားဝင် ပြောဆိုခဲ့တဲ့ သမ္မတအိုဘားမားရဲ့ ဗွီဒီယိုမှတ်တမ်းနဲ့အတူ စည်းရုံးရေးခရီး အတူထွက်ဖို့ မျှော်လင့်စောင့်စားနေတဲ့ အကြောင်း Twitter အင်တာနက် လူမှုကွန်ယက်မှာ သတင်းစကားပါးခဲ့တာပါ။

လွန်ခဲ့တဲ့ ၈ နှစ်တုန်းကတော့ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ သူတို့ ၂ ဦး အကြိတ်အနယ် ပြိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်လာရာက ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားလှယ် John McCain နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ အိုဘားမား အတွက်လည်း ကလင်တန်က စည်းရုံးလှုပ်ရှား ပေးခဲ့ဖူးပါတယ်။ အခုအခါမှာတော့ သမ္မတရာထူးကို ဒီမိုကရက်တစ်ပါတီက ဆက်ထိန်းထားနိုင်ဖို့နဲ့ သူ့အစိုးရရဲ့ မူဝါဒတွေကို ဆက်လက်ကျင့်သုံးနိုင်ဖို့ ရည်ရွယ်ပြီး၊ သမ္မတအိုဘားမားက ဝန်ကြီးဟောင်း ကလင်တန်အတွက် စည်းရုံးပေးနေတာပါ။

သမ္မတတာဝန် ထမ်းဆောင်မှုနဲ့ ပတ်သက်လို့ လူထုကြားမှာ လက်ခံသဘောကျတဲ့နှုန်း လွန်ခဲ့တဲ့ ၄ နှစ်အတွင်းမှာ အမြင့်ဆုံး အခြေအနေကို ရောက်နေချိန်မှာပဲ သမ္မတအိုဘားမားက ဝန်ကြီးကလင်တန်ကို ထောက်ခံကြောင်း ကြေညာခဲ့တာပါ။ ဒါပေမဲ့လည်း ပြိုင်ဖက် ရီပတ်ဘလစ်ကန်ပါတီက အိမ်ခြံမြေလုပ်ငန်းရှင် Trump ကတော့ သမ္မတအိုဘားမားဟာ အမေရိကန်သမိုင်းမှာ အညံ့ဆုံး သမ္မတ ဖြစ်တယ်ဆိုပြီး၊ ပြီးခဲ့တဲ့ မေလထဲမှာတုန်းကပဲ ဝေဖန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG