သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"အိုဘားမား မြန်မာခရီးစဉ် အောင်ပွဲခံမှုမဟုတ်" အိမ်ဖြူတော်ထုတ်ပြန်


ရန်ကုန်မြို့တွင် အမေရိကန်သမ္မတကြိုဆိုနိုင်ဖို့ အမေရိကန်အလံများရောင်းချနေစဉ်။
ရန်ကုန်မြို့တွင် အမေရိကန်သမ္မတကြိုဆိုနိုင်ဖို့ အမေရိကန်အလံများရောင်းချနေစဉ်။
မြန်မာနိုင်ငံလာမယ့် သမ္မတအိုဘားမားရဲ့ ခရီးဟာ အောင်ပွဲခံတဲ့ သဘောမျိုး မဟုတ်ပဲ၊ မြန်မာနိုင်ငံတွင်းက အစပဲ ရှိသေးတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို အားပေးဖို့ဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။ သမ္မတအိုဘားမားရဲ့ ခရီးစဉ်အသေးစိတ် သမ္မတအိမ်ဖြူတော်ဘက်က ပြောဆိုထားတာတွေကို ကိုသားညွန့်ဦးက ပြောပြပါမယ်။

အမေရိကန်သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ အချက်နှစ်ချက်ကို ထည့်သွင်းစဉ်းစားခဲ့တယ်လို့ အိမ်ဖြူတော်အရာရှိတွေက ပြောပါတယ်။ ပထမအချက်ကတော့ ဒီမိုကရေစီ တန်ဖိုးထားမှုတွေကို တိုးမြှင့်ဖို့ရည်ရွယ်ရင်းဖြစ်ပါတယ်။ ဖိနှိပ်မှုတွေရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေရှိလာတာနဲ့အမျှ အမေရိကန်ပြည်ထောင်စုဘက်ကလည်း အပြုသဘော ဆက်ဆံမှုတွေကို တိုးတက်ပြောင်းလဲတယ်ဆိုတာကို အခြားကမ္ဘာနိုင်ငံတွေ အထူးသဖြင့် ဖိနှိပ်ချုပ်ခြယ်မှုတွေရှိတဲ့ နိုင်ငံတွေကို သိစေ မြင်စေချင်တဲ့ သဘောလို့ ဆိုလိုပါတယ်။

နောက်တချက်ကတော့ ဒေသတွင်း မြန်မာနိုင်ငံဟာ မဟာဗျူဟာကျလာတဲ့အချက်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်မှာ ဆက်ရှိနေမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ အရေးပါတဲ့ လက်တွဲဖက်နိုင်ငံ တနိုင်ငံအဖြစ် မြင်တယ်လို့ သမ္မတ အိမ်ဖြူတော် အရာရှိတွေက ပြောပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့အာရှနဲ့ တောင်အာရှဒေသကို ဆက်သွယ်ပေးတဲ့နေရာဖြစ်သလို၊ အိန္ဒိယသမုဒ္ဒရာ ပစိဖိတ်သမုဒ္ဒရာတို့နဲ့ ထိစပ်နေတာကြောင့် အရေးပါတဲ့ နိုင်ငံဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် သဘာဝအရင်းအမြစ် ပေါကြွယ်ပြီး၊ ထူးချွန်ထက်မြက်တဲ့ ပြည်သူတွေရှိတဲ့ နိုင်ငံဖြစ်တာကြောင့်လို့လည်း ဆိုပါတယ်။

သမ္မတအိုဘားမားရဲ့ အခုလာမယ့် အာရှခရီးစဉ်နဲ့ပတ်သက်ပြီး သမ္မတအိမ်ဖြူတော် အကြီးတန်းအရာရှိတွေ မနေ့က ရှင်းလင်းပြောဆိုရာမှာ မြန်မာနိုင်ငံသွားမယ့် ခရီးစဉ်ကိစ္စနဲ့ပတ်သက်လို့ပါ ထည့်သွင်းပြောသွားကြတာပါ။ " မြန်မာနိုင်ငံသွားမယ့် သမတအိုဘားမားရဲ့ ခရီးစဉ်ဟာအောင်ပွဲခံတဲ့ ခရီးစဉ်မဟုတ်ဘူး"လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး Ben Rhodes က ပြောပါတယ်။ မြန်မာခေါင်းဆောင်တွေဟာ လမ်းမှန်ပေါ် လျှောက်နေတာတွေ့ရပြီး ဒီလို အခြေအနေမှာ သူတို့ကို အားပေးရမယ့် အခွင့်အလမ်း အမေရိကန်ဖက်က လက်မလွှတ်နိုင်တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအတွက်လည်း ပြီးခဲ့တဲ့နှစ်နှစ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ တွေ့လာပြီးနောက် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကို မြန်မာနိုင်ငံသွားဖို့ သမ္မတအိုဘားမားက စေလွှတ်ခဲ့သလို၊ မြန်မာနဲ့ သံအမတ်ကြီးအဆင့် ဆက်ဆံရေးအထိ ပြန်ထားခဲ့ပါတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီ်မိုကရေစီခရီးဟာ အစပဲ ရှိသေးပြီး လုပ်စရာတွေ အများကြီးကျန်သေးတယ်လို့ Ben Rhodes က ပြောပါတယ်။ အိမ်ဖြူတော်ရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံစုံဆက်ဆံရေးဆိုင်ရာ အမျိုးသားလုံခြုံရေးကောင်စီ အကြီးတန်း ညွန်ကြားရေးမှုး Samantha Power ကလည်း လုပ်ဖို့ကျန်သေးတဲ့ စိုးရိမ်ပူပင်စရာတွေကို အသေးစိတ်ပြောပါတယ်။ အထူးသဖြင့် ဇွန်လနဲ့ အောက်တိုဘာလအတွင်းဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်မှုတွေ၊ ကချင်ပြည်နယ်မှာ ရှိနေတဲ့ စစ်ပွဲတွေကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလိုအပ်ချက်ကို ထောက်ပြပါတယ်။

ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်တွင်းမှာ ကျန်နေသေးတဲ့ကိစ္စအပြင် အခြား လူမှုရေးနဲ့ စီးပွားရေးတိုးတက်မှုဆိုင်ရာ လိုအပ်ချက်တွေရှိနေတာကို ထောက်ပြ ပြောခဲ့ပါတယ်။
သမ္မတအိုဘားမားရဲ့ မြန်မာခရီးစဉ်ကတော့ အခုလာမယ့် နိုဝင်ဘာလ ၁၉ ရက်နေ့ စတင်မှာပါ။ အရင်ဆုံးတော့ သမ္မတဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အဦးမှာ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒီနောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့နေအိမ်မှာ တွေ့ဆုံ ပါလိမ့်မယ်။ ပြီးရင် အဲဒီမှာပဲ ပူးတွဲ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ သိရပါတယ်။ ဒါပြီးရင် ရန်ကုန် အမေရိကန်သံရုံးက သံရုံးဝန်ထမ်းတွေနဲ့ တွေ့ဆုံပါလိမ့်မယ်။ နာရီပိုင်းကြာမယ့် ခရီးစဉ်အတွင်း နောက်ဆုံး အစီအစဉ်ကတော့ ရန်ကုန်တက္ကသိုလ်မှာ မြန်မာပြည်သူကို သမိုင်းဝင် မိန့်ခွန်းပြောမယ့် အစီအစဉ်ဖြစ်ပါတယ်။

မြန်မာ့အနာဂတ်နဲ့ အမေရိကန်မြန်မာဆက်ဆံရေးအကြောင်း ပြောဆိုမှာပါ။ ရန်ကုန်တက္ကသိုလ်ဟာ ၁၉၃၀ ကာလ တဝိုက်တုန်းက မြန်မာလွတ်လပ်ရေးလှုပ်ရှားမှုရဲ့ အရေးပါသလို၊ ၁၉၈၀ခုနှစ်များ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုတွေ အဓိကရှိခဲ့တဲ့နေရာဖြစ်တယ်လို့ အိမ်ဖြူတော်အရာရှိတွေက ပြောပါတယ်။

သမ္မတအိုဘားမားရဲ့ ဒီခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံက လူမှုအခြေပြုအဖွဲ့အစည်း ကိုယ်စားလှယ်တွေကိုလည်း တွေ့ဆုံပြီး၊ သူတို့ရဲ့အမြင်ကိုလည်း ကြားနာဖို့ရှိပါတယ်။ မြန်မာနဲ့ ပတ်သက်လို့ အင်္ဂလိပ်လို Burma ခေါ်မလား Myanmar ခေါ်မလား ကိစ္စမှာတော့ - Burma ဆိုတာကိုပဲ ဆက်ပြီး ရည်ညွှန်းသုံးသွားမယ်လို့ သမ္မတအိမ်ဖြူတော်အရာရှိတွေက ပြောခဲ့ပါတယ်။
XS
SM
MD
LG