သုံးရလွယ်ကူစေသည့် Link များ

ဗီယက်နမ်အပေါ် လက်နက်တင်ပို့မှုတားမြစ်ချက် အမေရိကန်ရုပ်သိမ်း


အမေရိကန်ပြည်ထောင်စုက ဗီယက်နမ်နိုင်ငံအပေါ် လက်နက် တင်ပို့ ရောင်းချခွင့် ပိတ်ပင်ထားတာကို ပြန်လည် ရုပ်သိမ်းပေး လိုက်တဲ့အကြောင်း အမေရိကန်သမ္မတ ဘရက်အိုဘားမားနဲ့ ဗီယက်နမ်သမ္မတ Tran Dai Quang တို့ရဲ့ ဒီကနေ့ ဟနွိုင်းမြို့တော်က ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ကြေညာသွားပါတယ်။

“ကျနော်တို့ ကာကွယ်ရေးပစ္စည်းတွေ ရောင်းချနေတဲ့ တခြား မိတ်ဖက်နိုင်ငံတွေမှာလိုပဲ ဗီယက်နမ်အနေနဲ့ လက်နက် ၀ယ်ယူရာမှာ လူ့အခွင့်အရေးနဲ့ ဆက်စပ်တဲ့ကိစ္စတွေ အပါအ၀င် ကန့်သတ်ချက်တချို့ကိုတော့ တိတိကျကျ လိုက်နာဖို့တော့ လိုအပ်ပါသေးတယ်။ ဒါပေမဲ့ ဗီယက်နမ်အနေနဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့အတွက် လိုအပ်တဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ၀ယ်ယူခွင့် ရှိမှာဖြစ်ပြီး စစ်အေးခေတ်ကာလ အရိပ်မိုးနေတာတွေကိုလည်း ဖယ်ရှားပစ်ရပါလိမ့်မယ်။ အခု ပိတ်ဆို့မှု ပြန်လည် ရုတ်သိမ်းပေးလိုက်တာဟာ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဗီယက်နမ်နိုင်ငံနဲ့ ဒေသတွင်းမှာ ရေရှည် ခိုင်မာတဲ့ စစ်ဘက်ဆက်ဆံရေး တည်ဆောက်ဖို့ အပါအ၀င် နှစ်နိုင်ငံ ဆက်ဆံရေး အပြည့်အ၀ ပုံမှန် ထားရှိနိုင်အောင် သန္နိဌာန်ထား လုပ်ဆောင် နေတာဆိုတာကို အလေးပေးဖော်ပြတာ ဖြစ်တယ်လို့” အမေရိကန်သမ္မတ အိုဘားမားက ပြောသွားတာပါ။

သမ္မတနှစ်ဦး တွေ့ဆုံမှုအပြီးမှာ ဗီယက်နမ်သမ္မတက အမေရိကန်ရဲ့ လက်နက် တင်ပို့ ရောင်းချခွင့်ပိတ်ပင်ချက် ပြန် ရုပ်သိမ်းပေးလိုက်ပြီလို့ ရုတ်တရက် မထင်မှတ်ဘဲ သတင်းထောက်တွေကို ပြောချလိုက်တာ ဖြစ်ပါတယ်။ အခုလို လုပ်ဆောင်မှုကို ဗီယက်နမ်က ကြိုဆိုတဲ့ကြောင်းနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဆက်ဆံရေး ပိုမိုခိုင်မာအောင် တည်ဆောက်သွားဖို့ နှစ်ဘက် သဘောတူညီမှု ရခဲ့ကြတဲ့အကြောင်း လည်း သမ္မတ ကျန် ဒိုက်ကွမ်က ပြောပါတယ်။ ဒေါ်လာ သန်းပေါင်း တသောင်းခြောက်ထောင်ဖိုး စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေ ရယူခဲ့တဲ့ အကြောင်းလည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေက ကြေညာခဲ့ကြပါတယ်။

XS
SM
MD
LG