ပထမ ရက်ပေါင်း (၁၀၀)အတွင်း မြန်မာအစိုးရသစ်အနေနဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေ လုပ်ဆောင် နိုင်ခဲ့တယ်လို့ အမေရိကန် အစိုးရက ပြောကြား လိုက်ပါတယ်။ ဒါအပြင် ဒေါ်အောင်ဆန်း စုကြည်ကို အိမ်ဖြူတော် အလည်လာဖို့ သမ္မတအိုဘားမားရဲ့ ဖိတ်ကြားမှုဟာ မြန်မာနဲ့ ဆက်ဆံရေးကို သမ္မတအိုဘားမားရော၊ အမေရိကန်ပြည်ထောင်စုကပါ တန်ဖိုး ထားတယ်ဆိုတာ ပြသတာဖြစ်တယ်လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးပြောခွင့်ရ ပုဂ္ဂိုလ်က ဗွီအိုအေကိုပြောပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်အတွင်း အမေရိကန်နိုင်ငံဆိုင်ရာ မဟာဗျူဟာ ဆက်ဆံရေးနှင့် အမျိုးသား လုံခြုံရေး ဒုတိယအကြံပေး Ben Rhodes ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာခေါင်းဆောင်တွေ နဲ့တွေ့ဆုံခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ရှေ့လာမယ့် လတွေအတွင်း အမေရိကန်သမ္မတ အိမ်ဖြူတော်ကိုမြန်မာ ခေါင်းဆောင်တွေ အလည်လာဖို့ သမ္မတအိုဘားမားရဲ့ ဖိတ်ကြားလွှာကို ဒေါ်အောင်ဆန်းစုကြည်ကို Ben Rhodes ကပေးအပ်ခဲ့ ပါတယ်။ ဒီဖိတ်ကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တာနဲ့ ပတ်သက်လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးပြောခွင့်ရ ပုဂ္ဂိုလ် Myles Canggins က ဗွီအိုအေကို အခုလိုပြောပါတယ်။
“အခုလို မြန်မာခေါင်းဆောင်တွေ တရားဝင် ချစ်ကြည်ရေးခရီးစဉ် အဖြစ် လာရောက်လည်ပတ်မယ့်ကိစ္စဟာ နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေးကို ကြိုပြီးတော့ အထောက်အကူပေးပါတယ်။ သမ္မအိမ်ဖြူတော်ကို လာ မယ့် မြန်မာခေါင်းဆောင် တွေကို ကြိုဆိုဖို့ သမ္မတအိုဘားမား က မျှော်လင့်နေတာပါ။”
၂၀၀၉ခုနှစ် သမ္မတတာဝန်ထမ်းဆောင်ခဲ့ချိန်ကတည်းကစပြီး သမ္မတအိုဘားမားဟာ အာရှပစိဖိတ်နိုင်ငံတွေနဲ့ အမေရိကန် ဆက်ဆံရေး ပြန်ပြီးထိန်းညှိုဖို့ ကိစ္စဟာ သူရဲ့ဦးစားပေးအစီအစဉ်တခုဖြစ်ခဲ့ပါတယ်။ ဒီအတွက်လည်း အာရှခေါင်းဆောင်တွေ အထူးသဖြင့် မြန်မာအပါအ၀င် အရှေ့တောင်အာရှ နိုင်ငံကတွေက ခေါင်းဆောင်တွေနဲ့ ပုဂ္ဂိုလ်ရေးနွေးထွေးဆက်ဆံမှုကို သမ္မတအိုဘားမားက တည်ဆောက်ခဲ့ကြောင်း Myles Canggins ကပြောပါတယ်။
ဒါအပြင် မြန်မာနိုင်ငံရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးမှာ သမ္မတအိုဘားမားဘက်က အထူးအလေးထားတာနဲ့ပတ်သက်လို့လည်း သူကအခုလိုပြောပါတယ်။
“သမ္မတအိုဘားမားဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ အခွင့်အလမ်းနှစ်ကြိမ်လောက်ရခဲ့ပါတယ်။ အခု Ben Rhodes ကတဆင့် ဖိတ်ကြားတာဟာ တိုးတက်လာနေတဲ့ မြန်မာနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို အမေရိကန်ပြည်ထောင်စုအနေနဲ့ရော သမ္မတအိုဘားမား ကိုယ်တိုင်ပါ ဘယ်လောက်ထိ တန်ဖိုးထားသလဲဆိုတာကို ပြသလိုက်တာဖြစ်ပါတယ်။ ဒီလို အမေရိကန်သမ္မတကိုယ်တိုင် အလေးထားဖိတ်ခေါ်မှုဟာ အတော်ရှားပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ပြည်ထောင်စုခရီးစဉ် အတွင်း မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုအားလုံးကို အမေရိကန်အစိုးရက ရုပ်သိမ်းပေး ဖို့ရှိမရှိမေး မြန်းရာမှာတော့---
“မြန်မာအစိုးရသစ်အနေနဲ့ စီးပွားရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး တွေမှာ ပိုမိုကောင်းမွန်လာအောင် ထင်ထင်ရှားရှားဆောင်ရွက်နိုင်တဲ့အပြင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာလည်း အရှိန်မြှင့် ဆောင်ရွက်နေသလို အုပ်ချုပ်ရေးကဏ္ဍနဲ့ လူအခွင့်အရေးကို လေးစား ကာကွယ်ရေးတို့မှာ တိုးတက်မှုရှိအောင်လုပ်ကိုင်နေပြီး လူထုအခြေပြုအဖွဲ့အစည်းတွေကိုလည်း ပံပိုးကူညီနေတာပါ။ခေါင်းဆောင်သစ်တွေ တက်လာပြီးတဲ့နောက် ပထမရက်ပေါင်း (၁၀၀)အတွင်း မြန်မာအစိုးရသစ်ရဲ့ စွမ်းဆောင်ချက်တွေမှာ ကြီးမားတဲ့ အောင်မြင်မှုတွေလုပ်ဆောင်နိုင်ခဲ့တယ်လို့ အမေရိကန်အစိုးရက ယူဆပါတယ်။
အစိုးရသစ်ရဲ့ ကြိုးပမ်းမှုကို ထောက်ခံတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးပြုပြင်ပြောင်းလဲမှု တွေကို ကူညီအားပေးမှုအဖြစ် မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို လျော့ချတဲ့ ပြင်ဆင်မွမ်းမံချက်ကို အမေရိကန်အစိုးဘက်က မေလ (၁၇)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း အရင်အစိုးရလက်ထက်မှာ ဒီမိုကရေစီ အဖွဲ့အစည်းတွေ၊ လူထုအခြေပြုအဖွဲ့တွေပိုပြီး အားကောင်းလာအောင် USAID ကနေတဆင့်အမေရိကန်ဒေါ်လာ (၁၈)သန်းကျော် ထောက်ပံခဲ့ပါတယ်။”
ဒါအပြင် ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ရည်ရွယ်ချက်တွေနဲ့ ငြိမ်းချမ်းရေးညီလာခံကို သြဂုတ်လမှာကျင်းပဖို့ အစိုးရက စီစဉ်နေကြောင်းနဲ့ ဒီညီလာခံကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တက်ရောက်မှာဖြစ် တာကြောင့် မြန်မာနိုင်ငံက ခေါင်းဆောင်တွေအားလုံးရဲ့ ကြိုးပမ်း အားထုတ် မှုတွေကို အမေရိကန်အစိုးရက ချီးကျူး ဂုဏ်ပြုပါကြောင်း အိမ်ဖြူတော် အမျိုးသား လုံခြုံရေးပြောခွင့်ရ ပုဂ္ဂိုလ် Myles Canggins က ဗွီအိုအေကို ပြောသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ပြည်ထောင်စုလာမယ့် ခရီးစဉ် အချိန်ဇယား ကိုတော့ သမ္မတအိမ်ဖြူတော်ကနေ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။