သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လာရောက်မည့် ဒေါ်စုကို သမ္မတအိုဘားမား ကြိုဆို


အမေရိကန်သမ္မတ Barack Obama နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၄ တုန်းက တွေ့ဆုံစဉ်
အမေရိကန်သမ္မတ Barack Obama နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၄ တုန်းက တွေ့ဆုံစဉ်

အာဆီယံ ထိပ်သီး အစည်းအဝေးကို လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ မြို့တော် ဗီယင်ကျန်းမှာ ဒီကနေ့စတင်ကျင်းပနေပါတယ်။ အရှေ့အာရှ ထိပ်သီးအစည်းအဝေးလည်း ကျင်းပမှာဖြစ်တဲ့ ဗီယင်ကျန်းမြို့ကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ Barack Obama ကမကြာခင်မှာ အမေရိကန်ပြည်ထောင်စုကို သွားရောက်ဖို့ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသွားမှာဖြစ်ကြောင်း ပြောပါတယ်။ ASEAN အသင်းဝင် မြန်မာနိုင်ငံရဲ့ အနေအထားနဲ့ ပတ်သက်လို့ သုံးသပ်ချက်တွေကို ကိုအောင်အောင်က မေးမြန်းတင်ပြပေးထားပါတယ်။

စက်တင်ဘာ ၆ ရက်နေ့ကနေ ၈ ရက်နေ့ထိ ကျုင်းပမယ့် အာဆီယံထိပ်သီး မျက်နှာစုံညီအစည်းအဝေးကို တက်ရောက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယင်ကျန်းမြို့ကို ဒီကနေ့ရောက်ရှိသွားပါတယ်။ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ အတွက် ကမ္ဘာ့အင်အားကြီး နိုင်ငံခေါင်းဆောင်အချို့လည်း ရောက်ရှိနေတာမှာ အမေရိကန်သမ္မတ Barack Obama လည်း ပါဝင်ပါတယ်။ မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုဖေါ်ဆောင်ရေး တခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမေရိကန်ပြည်ထောင်စု ခရီးစဉ်နဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမားက အခုလိုပြောပါတယ်။

“အမေရိကန်သမ္မတတယောက်အနေနဲ့မြန်မာနိုင်ငံကို ပထမဆုံးသွားခဲ့ပြီး အားပေးကူညီခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။အခုအခါမှာ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေအတွက် ထောက်ပံ့ကူညီပေးနေပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နောင် သီတင်းပတ်ထဲ အမေရိကန်ပြည်ထောင်စု ကို လာရောက်တဲ့အခါမှာလည်း ကြိုဆိုသွားမှာပါ။ မတူကွဲပြားမှုနဲ့ ငြိမ်းချမ်းရေးလမ်းဆီ လျှောက်လှမ်းတဲ့ လမ်းခရီးမှာလည်း မြန်မာလူထုနဲ့အတူ ကျနောတို့ ရပ်တည်သွားမှာပါ။”

၃ ရက်ကြာ ထိပ်သီးအစည်းအဝေးပွဲအတွင်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ကစလို့ တောင်တရုတ်ပင်လယ်တွင်းက ကျွန်းစုအရေးနဲ့ ပတ်သက်လို့ တင်းမာမှုတွေဖြစ်ပွါးနေတဲ့ကိစ္စရပ်တွေအထိ ဆွေးနွေးကြမှာပါ။ ASEAN အသင်းကြီးရဲ့ အလှည့်ကျဥက္ကဌ တာဝန်ယူထားတဲ့ လာအိုနိုင်ငံ ဝန်ကြီးချုပ်THONGLOUN SISOULITH က ပထမဆုံးအကြိမ်အဖြစ် အစည်းအဝေးတက်ရောက်လာသူတွေကို အခုလို နှုတ်ဆက်စကား ပြောကြားပါတယ်။

“ASEAN အသင်းကြီးရဲ့ အစည်းအဝေးကို ပထမဆုံးအကြိမ်အဖြစ် တက်ရောက် လာတဲ့ ဖိလစ်ပိုင် သမ္မတ Rodrigo Duterte နဲ့နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ကြိုဆိုနှုတ်ဆက်ပါကြောင်း ပထမဆုံးပြောချင်ပါတယ်။”

စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာတော့ အာဆီယံ အဆင့်မြင့်အရာရှိတွေရဲ့ ကြိုတင်ညှိနှိုင်းအစည်းအဝေးတွေကို ကျင်းပခဲ့ပြီး ဒီအစည်းအဝေးက ရရှိလာတဲ့ ရလဒ်တွေကို အာဆီယံထိပ်သီး အစည်းအဝေးကို တင်ပြ အတည်ပြုချက် ရယူသွားမှာပါ။ ကြာသပတေးနေ့အထိ ကျင်းပမယ့် ASEAN အစည်းအဝေးကို ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပြီး အာဏာရလာတဲ့ NLD အစိုးရအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်တာဖြစ်ပြီး ဒီလိုအနေအထားမျိုးကို အသုံးချဖို့လိုအပ်ကြောင်း ထောက်ပြသူကတော့ ထိုင်းနိုင်ငံ ချူလာလောင်ကွန် တက္ကသိုလ်က နိုင်ငံရေး သိပ္ပံပညာရှင် Thitinan Pongsudhirakပါ။

“နိုင်ငံပေါင်းစုံက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနိုင်သလို မြန်မာနိုင်ငံက တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ပြသဖို့ ဒါဟာ အခွင့်အရေးကောင်းတရပ်ပါ။ ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ အလုပ်အကိုင်အခွင့်အလမ်း ပိုပွင့်လန်းလာဖို့နဲ့ နိုင်ငံ အခြေခံ အဆောက်အအုံ လိုအပ်ချက် စတာတွေနဲ့ ပတ်သက်ပြီးတော့ လည်း ပြောဆိုဖို့ အခွင့်အလမ်း ကောင်းတခုဖြစ်ပါတယ်။

ASEAN အသင်းကြီးအနေနဲ့ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ သြစတေးလျစတဲ့ နိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးမှာအပြင် ASEAN တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံနဲ့လည်း ၁၉ ကြိမ်မြောက် ဆက်စပ်ထိပ်သီးအစည်းအဝေးတွေ ကျင်းပသွားဖို့ရှိပါတယ်။ ASEAN အသင်းဝင်နိုင်ငံအချို့နဲ့ တရုတ်နိုင်ငံကြား သူပိုင်ကိုယ်ပိုင် အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်တွင်းက ကျွန်းစုတွေအရေးနဲ့ ပတ်သက်ပြီးတော့လည်း ဒီထိပ်သီးအစည်းအဝေးပွဲတွေ အတွင်း ဆွေးနွေးသွားဖို့ရှိနေပါတယ်။ မြန်မာ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ မြန်မာဆက်ဆံရေး အနေအထားကို Pongsudhirak က အခုလိုသုံးသပ်ပါတယ်။

“တရုတ်နိုင်ငံအပေါ် မှီခိုအားထားရတဲ့အခြေအနေကနေ အခုအခါမှာ မြန်မာနိုင်ငံ ဟာ ပိုလွတ်လပ်လာပြီး ဥရောပ၊ အမေရိကန်ပြည်ထောင်စုအပြင် ASEAN နိုင်ငံတွေနဲ့လည်း ပိုထိတွေ့ ဆက်ဆံလာပါတယ်။ တခြားနိုင်ငံတွေရဲ့ အနေအထားနဲ့စာရင် မြန်မာနိုင်ငံ ရပ်တည်နေတဲ့အနေအထားဟာ အများကြီးကောင်းပါတယ်။ တောင်တရုတ်ပင်လယ်တွင်းက ကျွန်းစုတွေအရေးနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံဟာ ပြဿနာတွေနဲ့ ရင်ဆင်နေရပြီး တရုတ်နိုင်ငံနဲ့ ထိပ်တိုက်တွေ့နေသလို ဗီယက်နမ်လည်း အလားတူပြဿနာမျိုး ကြုံနေရတာပါ။ မြန်မာအနေနဲ့တော့ ဟန်ချက်ထိန်းညှိပြီး အခြေအနေကို အကျိုးရှိရှိ အသုံးချသွားဖို့ပါ။”

အာဆီယံအသိုက်အဝန်းထူထောင်မှု၊ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၂၅ စတဲ့အကြောင်းအရာတွေကို အာဆီယံထိပ်သီး အစည်းအဝေးပွဲအတွင်း ဆွေးနွေး သွားမှာပါ။ အရှေ့အာရှ အစည်းအဝေးအတွင်းမှာတော့ အာဆီယံပြည်ပ ဆက်ဆံရေးအပြင် ဒေသတွင်းနဲ့ နိုင်ငံတကာအရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေး သွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG