သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဖီအာနန် ဦးဆောင်မယ့် ကော်မရှင် ရခိုင်အမျိုးသားပါတီနဲ့ ပါတီတချို့ လက်မခံ


ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်။

အစိုးရသစ်အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖွဲ့စည်းပေးလိုက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် မှာ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ပါဝင်တာမို့ ရခိုင် အမျိုးသား ပါတီက ကန့်ကွက်လိုက်ပြီး အခြား နိုင်ငံရေး ပါတီ တချို့ကလည်း ဒီ ကော်မရှင် အပေါ်မှာ စိုးရိမ်မကင်းဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်မယ့် ရခိုင် အကြံပေးကော်မရှင် မှာ နိုင်ငံ တကာက ပုဂ္ဂိုလ် ၃ဦး၊ ပြည်တွင်းက ပုဂ္ဂိုလ် ၆ဦးနဲ့ ဖွဲ့စည်းထားတာပါ။ သတင်းအပြည့်အစုံကိုတော့ ဗွီအို အေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်မယ့် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖျက်သိမ်းပေးဖို့ ရခိုင်အမျိုးသား ပါတီက တောင်းဆိုလိုက်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီနဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ NDF တို့ကလည်း ဒီ ကော်မရှင်ရဲ့ ရပ်တည်ချက် အပေါ် စိုးရိမ်ကြောင်း၊ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေ အပေါ် စောင့်ကြည့် သွားမှာဖြစ်တဲ့ အကြောင်း သဘောထား ထုတ်ပြန်ထားပါတယ်။

သြဂုတ်လ ၂၄ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ပါဝင် ဖွဲ့စည်းပေးထားတာကြောင့် ဒီကော်မရှင်အပေါ် ကန့်ကွက်ရခြင်းဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က အခုလို ပြောပါတယ်။

" ပြည်တွင်းရေးကိစ္စကို နိုင်ငံတကာကိစ္စလို ပုံဖော်လိုက်တယ်ဆိုတဲ့ အကြောင်း ရယ်၊ ပြည်တွင်းရေး ကိစ္စကို ရှေ့ကလည်းပဲ စုံစမ်းရေးအဖွဲ့ ကော်မရှင်တွေ ဖွဲ့ပြီးတော့ အစီရင်ခံစာ ထုတ်ပြန်ပြီးတဲ့အထိ ရှိတယ်။ အဲ့ဒီ့အစီရင်ခံစာပါ လုပ်ငန်းစဉ်တွေ အတိုင်း ဆက်လက်ဆောင်ရွက်ဖို့ အစား နိုင်ငံခြားက ပုဂ္ဂိုလ်သုံးဦး ဥက္ကဋ္ဌ အပါအဝင်ပေါ့လေ ဖွဲ့စည်းလိုက်တာကို ကျမတို့အနေနဲ့ ဒေသခံနိုင်ငံသားတွေအနေနဲ့ အခွင့်အရေးတွေကို ထိပါးလာနိုင်တယ်။ အချုပ်အခြာအာဏာကိုလည်း ထိပါးရာ ရောက်လာနိုင်တဲ့ အနေအထားတွေရှိတယ်လို့ သုံးသပ်တဲ့အတွက် ကျမတို့က ကန့်ကွက်ရတာဖြစ်ပါတယ်။ အဓိကကတော့ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ပါဝင်ပြီးတော့ ဖွဲ့တာကို မကြိုက်တာပါ။"

အစိုးရသစ်အနေနဲ့ ကော်မရှင်အသစ် ထပ်ဖွဲ့စရာမလိုဘဲ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင်က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာကို အခြေခံပြီး ရခိုင်အရေးအဖြေရှာဖို့ ပိုပြီးလိုအပ်တယ် လို့ ဒေါ်အေးနုစိန်က ဆိုပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ နိုင်ငံတကာက သူတွေ ပါဝင် ဖွဲ့စည်းပေးလိုက်တာဟာ ပြည်တွင်းရေးကို နိုင်ငံတကာအရေးကိစ္စလို ပုံဖော်ပြီး အမျိုးသားရေးနဲ့ နိုင်ငံတော်လုံခြုံရေးကိစ္စကို အလေးမထားဘူးလို့ ပြည်ခိုင်ဖြိုးပါတီက စွပ်စွဲလိုက်ပြီး အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီကလည်း အမျိုးသား အကျိုးစီးပွားကို ထိခိုက်မှာ စိုးရိမ်ကြောင်း သဘောထားထုတ်ပြန်ထားတာပါ။

ရခိုင်ပြည်နယ်ဆိုင် အကြံပေးကော်မရှင်နဲ့ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF ရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကတော့ အခုလို ပြောပါတယ်။

"ပြည်တွင်းရေးကိစ္စတွေမှာ နိုင်ငံတကာ ပုဂ္ဂိုလ်တွေဟာ နိုင်ငံတကာ အဖွဲ့အစည်းကြီး ကနေ ကုလသမဂ္ဂလိုဟာမျိုးကနေ သွားရောက်လေ့လာပါ ဆိုရင်တော့ ကျနော်တို့ ပြောဖွယ်ရာ အကြောင်းမရှိပါဘူး။ အချုပ်အခြာ အာဏာပိုင် နိုင်ငံတခု ထဲမှာ ရှိနေတဲ့ အချုပ်အခြာပိုင်တဲ့ အစိုးရတရပ် ကနေပြီးတော့ နိုင်ငံတကာ ပုဂ္ဂိုလ်တွေ ကို ထည့်သွင်းပြီးတော့ လုပ်တဲ့ ဟာက မြန်မာနိုင်ငံ အချုပ်အခြာအာဏာ အတွင်းမှာတော့ ဖြစ်သင့်သလား မဖြစ်သင့်ဘူးလား နောက်တခါ မြန်မာနိုင်ငံ အကျိုးစီးပွားကို တကယ်တမ်းဆောင်ရွက်မယ့် ပုဂ္ဂိုလ်မျိုး ဖြစ်တယ် မဖြစ်ဘူး။ ကျနော်တို့လည်း ဝိဝါဒ ကွဲပါတယ်။ ကျနော်တို့အနေနဲ့ ဆုံးဖြတ်လို့မရနိုင်ပါဘူး။ ဒါကြောင့်မို့လို့ အကောင်းဆုံးကတော့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ မူဆလင်ဘာသာဝင် အကြီးအကဲတွေ ဂုဏ်သိက္ခာရှိတဲ့ပုဂ္ဂိုလ်တွေ ရခိုင်ဘက်ကလည်း ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ်တွေ အပါအဝင် လူ့အခွင့်အရေးကော်မရှင်လိုမျိုး နောက် ရခိုင်အမျိုးသမီးများ ဥက္ကဋ္ဌလို အစရှိသဖြင့် ဒါမျိုးတွေနဲ့သွားပြီးတော့ လေ့လာမယ်ဆိုရင်တော့ ကျနော်တို့ အနေနဲ့ ဒီအပေါ်မှာ အကြောင်းထုတ်ပြန်စရာ အကြောင်းလည်း မရှိပါဘူး။ ပြည်တွင်းရေး မှာဖြစ်တဲ့ ကိစ္စတွေမို့လို့ ပြည်တွင်းမှာနေတဲ့ပုဂ္ဂိုလ်တွေကပဲ ကိုင်တွယ်ဖြေရှင်း သင့်တယ်ဆိုတဲ့ အယူအဆက ကျနော်တို့က ဒါကို ရှေ့တန်းတင်ထားတာပါ။"

ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်အပြင် နိုင်ငံတကာက လက်ဘနွန်နိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဟောင်း ဂါဆန်ဆလမ်နဲ့ ကုလသမဂ္ဂ AIDS အစီအစဉ် အထူးအကြံပေး ဗန်ဒန် အာဆမ်တို့လည်း ရခိုင်အကြံပေးကော်မရှင်မှာ ပါဝင်ပြီး ပြည်တွင်း ကတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ ငြိမ်းချမ်းမေတ္တာအဖွဲ့က ဦးအေးလွင်၊ ရခိုင်စာပေနဲ့ ယဉ်ကျေးမှု အသင်းက ဒေါ်စောခင်တင့် စတဲ့သူတွေ ပါဝင်ပါတယ်။

အစိုးရသစ်အနေနဲ့ ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အနေနဲ့သူတို့ရဲ့ တွေ့ရှိ ချက်တွေကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က တဆင့် မြန်မာအစိုးရထံတင်ပြမှာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG