သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

One Belt One Road ဘယ်လဲ ဘာလဲ


Belt and Road Forum ထိပ်သီးဆွေးနွေးပွဲ ကျင်းပရေးပြင်ဆင်နေကြစဉ်။
Belt and Road Forum ထိပ်သီးဆွေးနွေးပွဲ ကျင်းပရေးပြင်ဆင်နေကြစဉ်။

ကုန်းလမ်း၊ ရေလမ်းပါဝင်တဲ့ တရုတ်ရဲ့အဆင့်မြင့် ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းအကြောင်း ပွဲထုတ်မယ့် Belt and Road Forum ဆွေးနွေးပွဲကို အမေရိကန်က တက်ရောက်မယ်လို့ သောကြာနေ့ကကြေညာခဲ့ပါတယ်။ တရုတ်ရဲ့ အကျိုးကိုရှေ့ရှု ထားတယ်လို့ သုံးသပ်သူတွေမြင်နေကြတဲ့ ခေတ်သစ် ပိုးလမ်းမကြီးစီမံကိန်းမှာ အမေရိကန်ပါဝင်လာတဲ့အတွက် အမေရိကန်အစိုးရရဲ့ သဘောထားတွေကို ပိုပြီးထုတ်ဖော်ပြောနိုင်မှာပါလား။ VOA သတင်းထောက် Bill Ide နဲ့ Saibal Dasgupta တို့ရဲ့သတင်းပေးပို့ချက်နဲ့အတူ မစုမြတ်မွန်က စုစည်းတင်ပြပါမယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာကျင်းပမယ့် Belt and Road Forum ထိပ်သီးဆွေးနွေးပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံအကြီးအကဲ ၃၀ နီးပါးတက်ရောက်ကြဖို့ရှိပါတယ်။ အမေရိကန်ကလည်း အိမ်ဖြူတော်အကြံပေး Matt Pottinger ဦးဆောင်တဲ့အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မယ်လို့ သောကြာနေ့ကပဲ ကြေညာခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံကြားရရှိခဲ့တဲ့ ကုန်သွယ်ရေးသဘောတူညီမှုကို ထုတ်ပြန်အသိပေးခဲ့တဲ့ တချိန်ထဲမှာ တရုတ်ရဲ့အကြီးကျယ်ဆုံး သံတမန်ဆက်ဆံရေး အင်အားပြတဲ့ပွဲမှာ အမေရိကန်ကလည်းပါဝင်မယ်လို့ ပြောကြားခဲ့တာပါ။

တရုတ်နိုင်ငံကနေ အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ ဥရောပကို ကုန်းလမ်း၊ ရေလမ်းတို့နဲ့ ဆက်သွယ်မယ့် ခေတ်သစ်ပိုးလမ်းမကြီး သူတို့အခေါ် One Belt, One Road ခါးပါတ်လမ်းကြီးကြောင့် တကမ္ဘာလုံးအတွက် ကုန်သွယ်ရေးအကျိုးအမြတ်တွေ ရရှိမယ်လို့ တရုတ်နိုင်ငံကပြောနေပါတယ်။

ဒါပေမဲ့ တရုတ်တို့ရဲ့ အစီအစဉ်က ပွင့်လင်းမြင်သာမှု မရှိဘူးလို့ လေ့လာသူတွေ ကပြောကြပါတယ်။ အထူးသဖြင့် အမေရိကန်လို ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေ အတွက် ဘယ်လိုစီးပွားရေး အကျိုးအမြတ်တွေ ရနိုင်မှာလည်းဆိုတာကလည်း မရှင်းလင်းပါဘူး။ တရုတ်တို့ရဲ့စီမံကိန်းဟာ တရုတ်အကျိုးကိုသာ ရှေ့ရှုထားပြီး နိုင်ငံတကာအလည်မှာ တရုတ်နိုင်ငံဟာ အင်အားကြီးတဲ့နိုင်ငံဖြစ်တယ်ဆိုတာကို ပြသနိုင်ဖို့လုပ်ထားတဲ့ စီမံကိန်းဖြစ်တယ်လို့ China’s Asian Dream: Empire Building Along the New Silk Roadဆိုတဲ့စာအုပ်ကိုရေးသားသူ Tom Miller ကသုံးသပ်ထားပါတယ်။

အရင်ပိုးလမ်းမကြီးကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်း ရာနဲ့ချီထဲက ဥရောပအထိ တရုတ်ကုန်ပစ္စည်းတွေကို ကုန်သွယ်နိုင်ခဲ့သလိုမျိုး အခု ကုန်းလမ်းတင်မက ရေလမ်းပါပါဝင်တဲ့ One Belt, One Road ခေတ်သစ်ပိုးလမ်းမကြီးကြောင့် တရုတ်တို့ရဲ့ကုန်သွယ်စီးပွားလုပ်ငန်းတွေကို ပြန်လည်ထိုးဖောက်နိုင်မယ်လို့ တရုတ်ခေါင်းဆောင်တွေက တရုတ်ပြည်သူတွေကိုပြောနေပါတယ်။

နိုင်ငံတကာမှာလည်း ဒီစီမံကိန်းမှာ ပူးပေါင်းပါဝင်နေတဲ့နိုင်ငံတွေအနေနဲ့ အရှုံးမရှိစေရဘူးဆိုပြီး စွဲဆောင်နေပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းအပေါ် သံသယရှိနေကြတဲ့နိုင်ငံတွေလည်း အများအပြားရှိနေတယ်လို့ Reuters သတင်းဌာန သတင်းထောက် Ben Blanchard ကပြောပါတယ်။

"အနောက်နိုင်ငံတွေက ဒီစီမံကိန်းနဲ့ပါတ်သက်လို့ ဘာမှသေသေချာချာမသိဘူးလို့ ပြောကြပါတယ်။ တရုတ်ကအသေးစိတ်ဘာမှာ ပြောမထားပါဘူး။ ဒီစီမံကိန်းဟာ တရုတ်နိုင်ငံအကျိုးအတွက်ပဲဖြစ်တယ်။ ကမ္ဘာကို တရုတ်ကလွှမ်းမိုးနိုင်ဖို့ကြိုးစားတဲ့ စီမံကိန်းဖြစ်တယ်လို့ တချိုကလည်း ယုံကြည်နေကြပါတယ်။ ဒီစွပ်စွဲမှုတွေအားလုံးကို တရုတ်ကတော့ ခိုင်ခိုင်မာမာငြင်းဆန်နေပါတယ်။ သူတို့ရည်ရွယ်ချက်အပေါ် နားလည်မှုလွဲနေတာသာဖြစ်တယ်လို့ တရုတ်တို့ကပြောနေပါတယ်။"

ဒါကြောင့် တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေကျရင် နိုင်ငံပေါင်း ၂၉ နိုင်ငံက ခေါင်းဆောင်တွေ အပြင် တချို့နိုင်ငံတွေက အစိုးရကိုယ်စားလှယ်တွေ တက်ရောက်ကြမယ့် Belt and Road Forum ကနေ အမြင်ပိုရှင်းအောင် ရှင်းပြနိုင်မယ်လို့ တရုတ်တို့က မျှော်လင့်နေပါတယ်။ ကုန်းလမ်းကနေ ဆက်သွယ်မယ့် One Belt ရေလမ်းကနေဆက်သွယ်မယ့် One Road စီမံကိန်းနဲ့ပါတ်သက်လို့ ပထဝီနိုင်ငံရေးအရ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

ဒီလမ်းကြောင်းပေါ်မှာရှိနေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများကတော့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ အခြေခံအဆောက်အအုံတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ရရှိဖို့ အတော်ကိုကြိုဆို၊ စိတ်အားသန်နေကြပါတယ်။ ခုလိုဖွံ့ဖြိုးဆဲနိုင်ငံတွေကို မက်လုံးတွေပေးပြီး စွဲဆောင်နေတဲ့ တချိန်ထဲမှာ အမေရိကန်လို ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့လည်း တက်တက်ကြွကြွ အပြည့်အစုံဆွေးနွေးရှင်းပြမှုတွေလုပ်ဖို့လိုအပ်တယ်လို့ ဘေဂျင်းအခြေစိုက် Tsinghua-Carnegie Center for Global Policy ကညွန်ကြားရေးမှူး Paul Haenle က VOA ကိုပြောပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်တုန်းက အာရှအခြေခံအဆောက်အအုံရင်းနှီးမြှပ်နှံမှုဘဏ် AIIB တည်ထောင်ပွဲကို အိုဘားမားအစိုးရက မတက်ခဲ့ပါဘူး။ AIIB ဘဏ်အဖွဲ့ဝင်နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ အခု Trump အစိုးရကတော့ တရုတ်နဲ့ချဉ်းကပ် ဆက်ဆံဖို့လိုတယ်လို့ အမြင်ရှိပုံရတယ်လို့လည်း သူကဆိုပါတယ်။ ဒီForum မှာ အမေရိကန်၊ ဂျာမနီနဲ့ ဗြိတိန်တို့က အစိုးရကိုယ်စားလှယ်တွေတက်ရောက်ကြမှာမို့ ဆွေးနွေးမှုတွေ ပွင်းလင်းမြင်သာမှုရှိမယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးနဲ့ပါတ်သက်လို့ ဝေဖန်ခံနေရတဲ့ ခေါင်းဆောင်တွေပါဝင်နေတဲ့အပေါ် စိုးရိမ်မှုတွေလည်းရှိနေကြတယ်လို့ Reuters သတင်းထောက် Ben Blanchard ကပြောပါတယ်။

"ရုရှားသမ္မတ Vladimir Putin ဖိလစ်ပိုင်သမ္မတ Rodrigo Duterte တို့အပါအဝင် လူ့အခွင့်အရေးနဲ့ပါတ်သက်လို့ အားနည်းတဲ့ခေါင်းဆောင်တွေကို ဆွေးနွေးပွဲမှာ ထိပ်တန်းနေရာပေးနေတဲ့အပေါ် စိုးရိမ်တယ်ဆိုတာကို တရုတ်တို့ရဲ့ အစပြုစီမံကိန်းကို စောင့်ကြည့်နေကြတဲ့ အနောက်နိုင်ငံတချို့ရဲ့ သံတမန်တချို့က တိုးတိုးတိတ်တိတ် ပြောနေကြပါတယ်။"

တရုတ်တို့က ဒေါ်လာဘီလျံရာ နဲ့ချီအကုန်အကျခံပြီး ရင်းနှီးထားတဲ့ One Belt, One Road စီမံကိန်းကို ပွဲထုတ်ရှင်းပြမယ့် ဒီဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ နိုင်ငံတွေရဲ့အမြင်တွေ ဘယ်လောက်တင်ပြခွင့်ရမလဲဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ တရုတ်တို့အတွက်ကတော့ စီးပွားရေးအရ အသာစီးရလေ ပထဝီနိုင်ငံရေး သက်ရောက်မှုတွေ ပိုရှိလေဖြစ် တာမို့ တရုတ်အတွက်က ၂ ထပ်ကွမ်း အကျိုးရှိတာ ဖြစ်တယ်လို့ တရုတ်ရေးရာလေ့လာသူ စာရေးဆရာ Tom Miller ကပြောပါတယ်။

One Belt One Road ဘယ်လဲ ဘာလဲ
please wait

No media source currently available

0:00 0:05:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG