သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနိမ့်ဆုံးလစာငွေ တလ ၄၈၀၀ ကျပ်သတ်မှတ်မှု အလုပ်သမားအဖွဲ့တွေ လက်မခံ


အနိမ့်ဆုံးလစာငွေ တလ ၅၆၀၀ အတွက် ဆန္ဒပြစဉ် (မေလ ၂၀၁၅)
အနိမ့်ဆုံးလစာငွေ တလ ၅၆၀၀ အတွက် ဆန္ဒပြစဉ် (မေလ ၂၀၁၅)

အလုပ်သမားတွေအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ဆိုင်ရာအမျိုးသားကော်မတီက ဇန်နဝါရီလ ၂ရက်နေ့မှာထုတ်ပြန်တဲ့ အဆိုပြု အနည်းဆုံးအခကြေးငွေ ထုတ်ပြန်ချက်အရ အနည်းဆုံးလုပ်အားခငွေကို ၄၈၀၀အဖြစ်သတ်မှတ်ဖို့ ရှိနေပါတယ်။ ဒါပေမယ့် ဒီ အဆိုပြုချက်ကို အလုပ်သမားအဖွဲ့အစည်းတွေဖက်ကတော့ လက်မခံတာမို့ ဒီ သတ်မှတ်ချက်ကို ကန့်ကွက်သွားဖို့ ရှိနေပါတယ်။ ဒီ အဆိုပြုချက်ကို ကန့်ကွက်လိုသူ ဖြည့်စွတ်လိုသူတွေအနေနဲ့ နှစ်ပတ်အတွင်း အကြောင်းကြားစာပို့ရမယ်လို့လည်း လုပ်ခလစာသတ်မှတ်ရေး အမျိုးသားကော်မတီ က ကြေညာထားပါတယ်။ ဒီအကြောင်းကိုတော့ မအေးအေးမာက အပြည့်အစုံပြောပြမှာပါ။

နေပြည်တော် အလုပ်သမားနဲ့ လူဝင်မူကြီးကြပ်ရေးဝန်ကြီးဌာနမှာ
ပြုလုပ်ခဲ့တဲ့ အမျိုးသားအဆင့် ကော်မတီ အစည်းအဝေးမှာ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီ ကနေ မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် အနိမ့်ဆုံး လုပ်ခလစာ တစ်ရက်ကို လက်ရှိ ၃၆၀၀ကနေ့(၄၈၀၀) ကျပ် အဖြစ် ဒီဇင်ဘာလ၂၉ရက်နေ့ ညပိုင်းမှာသတ်မှတ်အဆိုပြုပေးပြီးတဲ့နောက်မှာတော့ ဇန်နဝါရီလ ၂ရက်နေ့ ကထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်အရ ဒီအဆိုကို ကန့်ကွက်လိုသူတွေအနေနဲ့ ၂ပတ်အတွင်းကန့်ကွက်လွာတင်နိုင်တယ်လို့ ဆိုထားတာပါ။ ဒီအတွက်အနည်းဆုံး အခကြေးငွေနဲ့ အလုပ်သမားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အဖွဲ့ဝင်လည်းဖြစ် Future light စင်တာရဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ မသက်သက်အောင်ကတော့ အလုပ်သမားအဖွဲအစည်းတွေနဲ့ ကန့်ကွက်မူတွေ လုပ်သွားမယ်လို့ဆိုပါတယ်။

"အဓိကတော့ ကန့်ကွက်မူတွေလည်း ရှိလာနိုင်ပါတယ် ပြီးတဲ့အခါကျတော့ကျမတို့ အလုပ်သမားထုတွေက ၅၆၀၀ထက်မနည်း ရရှိဖို့ အတွက် ကထပ်ပြီးတော့ လှုပ်ရှားမူတွေလည်းအများကြီးပေါ်ပေါက် လာနိုင်တယ်လို့ ကျမမြင်ပါတယ်။ အလုပ်သမားထုတွေအနေနဲ့ လက်ခံနိုင်လောက်တဲ့ အခြေအနေမရှိဘူးရှင့် ။ ဘာကြောင့်လဲဆိုတော့ အလုပ်သမားထုတွေက တောင်းဆိုနေတာက ၅၆၀၀ ထက် မနည်းသော အနည်းဆုံအခကြေးငွေဆိုတာ တကယ်ကို လိုအပ်ချက် အရတောင်းဆိုနေတာဖြစ်တယ်။ ကျမတို့လိုချင်လို့တောင်းနေတာမဟုတ်ပဲ တကယ်ကို တနေ့ တနေ့ ဖြတ်သန်းဖို့ အတွက်တနေ့ ကို၈နာရီအလုပ်လုပ်လို့ ရှိရင် အနည်းဆုံး ၅၆၀၀ရမှာသာ အသက်ရှင်ရပ်တည်လို့ရမယ်ဆိုပြီး တွက်ချက်ပြီးတော့ စစ်တမ်းမှာလည်း ပါရှိပြိးပါပြီ။ ကျမတို့အဖွဲချုပ်တွေမှာ စစ်တမ်းကိုကောက်ထားတာ အနည်းဆုံး ၅၆၀၀ထက်လျော့တာ မရှိဘူးပေါ့နော်။"

အမျိုသားလွတ်တော်အလုပ်သမားရေးရာကော်မတီဥက္ကဌကိုကျော်ထွေးကတော့ မကြာသေးခင် ဒီဇင်ဘာလ ၂၃ရက်နေ့လုပ်ခဲ့တဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးကော်မတီဝင်တွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေ အလုပ်ရှင်တွေ အိုင်အယ်အို စတဲ့ အလုပ်သမားရေးဆိုင်ရာအဖွဲ့အစည်းတွေ ပါဝင်တဲ့ဆွေးနွေး ပွဲမှာတော့ အလုပ်သမားတွေဘက်က ၅၆၀၀ ကနေ ၆၆၀၀အထိတောင်းဆိုတာတွေရှိခဲ့ကြောင်း အလုပ်ရှင်တွေဘက်ကလည်း ၄၀၀၀ကနေ ၄၂၀၀လောက်ထိပဲပေးနိုင်မယ် လို့ ဆွေးနွေးတာတွေရှိခဲ့ကြောင်းပြောပြခဲ့ပါတယ်။ ဒါပေမယ့် အလုပ်သမားတွေ တောင်းဆိုနေတဲ့ အနည်းဆုံးလုပ်အားခ ၅၆၀၀ဆိုတာကတော့ လက်ရှိကုန်ဈေးနှုန်း အရလိုအပ်ချက်တွေရှိနိုင်သလို အားလုံး ပူးပေါင်းလုပ်ဆောင်မှ ကောင်းမွန်တဲ့ အဖြေထွက်နိုင်တယ်လို့ပြောသွားပါတယ်။

"လက်ရှိကုန်ဈေးနှုန်းတွေရယ် သူတို့ရဲ့ (Living cost)နေထိုင်မူကုန်ကျစရိပ်တွေအရတော့ အဲဒီလောက်တော့လိုအပ်မှာပဲလေ ဒါပေမဲ့လည်း တိုင်းပြည်ရဲ့အခြားအခြေအနေပေါ့ လုပ်ငန်းရှင်တွေဘက်ကလည်းပေးနိုင်တာတွေ ပေါ်မူတည်ရင်တော့ အလုပ်ရှင်တွေဘက်က လည်းတွက်ဆမှာပေါ့။ မလုံလောက်ပေးမယ့်လည်း အလုပ်ရှင်တွေဘက်ကလည်းနှစ်ဖက် အကျိုးရှိတဲ့အပေါ်မူတည်ပြီး ဆုံးဖြတ်တာ မျိုးလည်းဖြစ်မှာ လေ။ အလုပ်သမားတွေမျှော်မှန်းသလောက်မဟုတ်သေးပေမဲ့လည်း ဒီထက်ပို ကောင်းတဲ့အဖြေကတော့နှစ်ဖက်ပေါင်းလုပ်မှပဲ၇မှာပေါ့လေ"

ဥပဒေနဲ့ ထုတ်ပြန်ချက် ကွဲလွဲချက်တွေရှိနေတယ်လိုလည်း မသက်သက်အောင်က အခုလိုပြောသွားပါတယ်။

"နှစ်ပတ်အတွင်းမှာပေါ့နော်ပြန်ပြီးတော့ ကန့်ကွက်လိုက ကန့်ကွက်ရန်အတွက် ထုတ်ပြန်ပြီး ရက်သတ္တပတ် ၂ပတ် အတွင်းမှာ ပေးပို့ရမယ်လို့ပြောထားတယ်။ ဥပဒေမှာက ရက်ပေါင်း ၆၀ပြောထားတယ် အချိန်ပေးထားတယ်။ အမိန့်ကြေညာစာမှာတော့ ၂ပတ်အတွင်းလို့ပြောထားတယ်။ ဒါကဥပဒေနဲ့ အမိန့်ကြေညာစာကွဲလွဲချက်လို့ကျမမြင်ပါတယ်။"

အိမ်နီးချင်ထိုင်းနိုင်ငံ တနေ့ လုပ်အားခကို မြန်မာကျပ်ငွေ တသောင်းကျော်လောက်ရနေချိန် မှာ မြန်မာနိုင်ငံရဲ့အနည်းဆုံးလုပ်အားခငွေ သတ်မှတ်ချက်ကနည်းပါးနေတဲ့အတွက် ကုန်ဈေးနှုန်းကြီးမြင့်မူ၊ ဝင်ငွေထွက်ငွေမမျှတမူတွေကြောင့် အိမ်နီးချင်း ထိုင်းနိင်ငံမှာအလုပ်ရှာဖွေဖို့ အတွက် မြန်မာအလုပ်သမားတွေက ထွက်ခွါနေကြဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG