အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ဒေသတဝှမ်းက အမေရိကန်ပြည်ထောင်စုရဲ့ တန်ပြန်အကြမ်းဖက် စစ်ဆင်ရေးအတွင်း အကြမ်းဖက်အဖဲ့ွအစည်းတွေကြား အထင်ကရပုဂ္ဂိုလ်တဦး ဖြစ်လာတဲ့ အယ်လ်ခိုင်းဒါးခေါင်းဆောင် Hamza bin Laden သေဆုံးသွားကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ဒီကနေ့ အတည်ပြုပြောဆိုပါတယ်။
Hamza bin Laden ဟာ အိုစမာဘင်လာဒင်ရဲ့သား ဖြစ်ပါတယ်။ သူ ဘယ်အချိန် ဘယ်နေရာမှာ သေဆုံးခဲ့သလဲ၊ သူ့သေဆုံးမှုကို ဘယ်လိုအတည်ပြုခဲ့သလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ အိမ်ဖြူတော်က မပြောပါဘူး။
Hamza bin Laden သေဆုံးမှုဟာ အယ်လ်ခိုင်းဒါးတို့ရဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေ၊ အိုစမာဘင်လာဒင်နဲ့ ဆက်စပ်နေတဲ့ အထင်ကရ အမှတ်လက္ခဏာတွေသာမက အဖွဲ့ရဲ့ အရေးပါတဲ့ လုပ်ငန်းတွေမှာပါ အားပျော့သွားစေတယ်လို့ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က မိုးမျှော်ညီနောင်အဆောက်အဦကို စက်တင်ဘာ ၁၁ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့တဲ့ အယ်လ်ခိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ကို အမေရိကန် Navy SEALs အထူးတပ်ဖွဲ့က ပါကစ္စတန်နိုင်ငံက သူ့နေအိမ်မှာပဲ ၂၀၁၁ ခုနှစ်က သုတ်သင်ခဲ့တာဖြစ်ပါတယ်။
အသက် ၃၀ လောက်လို့ ခန့်မှန်းရတဲ့ Hamza bin Laden ဟာ အိုစမာဘင်လာဒင်ရဲ့ တတိယဇနီး Hamza နဲ့ ရခဲ့တာဖြစ်ပြီး သားသမီး အယောက် ၂၀ ထဲက ၁၅ ဦးမြောက်ဖြစ်ပါတယ်။ အယ်လ်ခိုင်းဒါးရဲ့ ခေါင်းဆောင်တဦးအဖြစ် ထွက်ပေါ်လာတဲ့ Hamza bin Laden ကို အမေရိကန်က ဒီနှစ် ဖေဖော်ဝါရီလမှာ ဒေါ်လာ ၁ သန်းနဲ့ ဆုငွေထုတ်ထားတာလည်း ဖြစ်ပါတယ်။
--------------------------
[Unicode Version]