သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်အမျိုးသမီးတွေ တရုတ်မှာ ရောင်းစားခံရ


ပါကစ္စတန်အမျိုးသမီးငယ်တဦးပုံ (ဒီဇင်ဘာ၊ ၁၂၊ ၂၀၁၃)
ပါကစ္စတန်အမျိုးသမီးငယ်တဦးပုံ (ဒီဇင်ဘာ၊ ၁၂၊ ၂၀၁၃)

တရုတ် လူကုန်ကူးသူတွေက ပါကစ္စတန်နိုင်ငံတွင်းမှာ အိမ်ထောင်ဖက်ရှာတဲ့ လုပ်ငန်းတွေကို တရားမဝင် ဖွင့်လှစ်ပြီး ငွေကြေးမပြေလည်တဲ့ မိသားစုတွေက အမျိုးသမီးတွေကို အယောင်ဆောင် လက်ထပ်မှုတွေနဲ့ လှည့်ဖျားပြီး သူတို့ကို တရုတ်နိုင်ငံတွင်းမှာ ပြည့်တန်ဆာတွေ အဖြစ် အတင်းအကျပ် ခိုင်းစေတာမျိုး ဒါမှမဟုတ်လည်း ကိုယ်တွင်း အင်္ဂါတွေ ရောင်းချတာမျိုးတွေ လုပ်တယ်လို့ ပါကစ္စတန် မီဒီယာတခုက ဖော်ပြပါတယ်။

ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက စနေနေ့မှာ တုံ့ပြန်ထားတာမှာတော့ ဒီလို စီးပွားရေး လုပ်ငန်းတွေကို တရုတ် ဥပဒေတွေ အရ တင်းတင်းကျပ်ကျပ် တားမြစ်ထားကြောင်းနဲ့ နိုင်ငံဖြတ်ကျော်ပြီး အိမ်ထောင်ဖက်ရှာတာကနေ တရားမဝင် အမြတ်ထုတ် ဆောင်ရွက်မှုတွေကို ပါကစ္စတန် အာဏာပိုင်တွေနဲ့ ပူးပေါင်း နှိမ်နင်းသွားမယ်လို့လည်း ကတိပြု ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်က စခဲ့တဲ့ ဒေါ်လာ သန်းထောင်နဲ့ချီ တန်ဖိုးရှိတဲ့ နှစ်နိုင်ငံ အကျိုးတူ တရုတ် ပါကစ္စတန် စီးပွားရေး စင်္ကြန် အစီအစဉ် စတင်ခဲ့ပြီးနောက် ပါကစ္စတန်ကို လာရောက်တဲ့ တရုတ် အရေအတွက်က သိသိသာသာ တိုးလာခဲ့တာပါ။

တရုတ် အမျိုးသားတွေနဲ့ ပါကစ္စတန် အမျိုးသမီးတွေ လိမ်ညာ လက်ထပ်မှုတွေကတော့ ဒေသတွင်း မီဒီယာတွေမှာ သတင်းတွေ ခပ်စိတ်စိတ် ပါလာပြီးနောက်မှာတော့ ဒီကိစ္စ အပေါ် လွှတ်တော် အမတ်တွေကြား ဆွေးနွေးငြင်းခုံမှုတွေ၊ နောက် ဒီတရားဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေကို အာဏာပိုင်တွေဘက်က စုံစမ်းဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာတာပါ။

ပါကစ္စတန် နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့က တရားမဝင် ဖွင့်ထားတဲ့ အိမ်ထောင်ဖက် ရှာတဲ့ လုပ်ငန်းတခုမှာ ပါကစ္စတန် ဆယ်ကျော်သက် မိန်းကလေး ၂ ဦး အပါအဝင် အမျိုးသမီး ၆ ဦးနဲ့ တရုတ် အမျိုးသားတွေရဲ့ ပုံတွေကို ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ပါကစ္စတန် ထိပ်တန်း ပုဂ္ဂလိက ရုပ်သံလိုင်း တခုက ထုတ်လွှင့်ခဲ့ပြီးနောက် တရက်မှာ တရုတ် သံရုံးက အခုလို တုံ့ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG