ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က မူဆလင် ဒုက္ခသည်တွေကို ထားရှိရာ အနောက်ရဲ ဒုက္ခသည် စခန်းကနေ ဖမ်းဆီးထားသူ နှစ်ဦးကို ပေါက်တောမြို့မှာ ထိန်းသိမ်းထားပြီး လူကုန်ကူးမှု ဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။ စခန်းတွင်းမှာ မနေ့က လုံခြုံရေး တာဝန်ရှိသူတွေနဲ့ ပစ်ခတ်မှု ဖြစ်ရာက ဒဏ်ရာရသွားတဲ့ အမျိုးသား ၄ ဦးကိုတော့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့က တဦးကို လာရောက်ခေါ်ဆောင်သွားပြီး ကျန်သူတွေကတော့ စခန်းတွင်းမှာ ဆက်ပြီး ဆေးကုနေကြပါတယ်။ ဒုက္ခသည် ထောင်နဲ့ချီ ခိုလှုံနေကြတဲ့ အနောက်ရဲ ဒုက္ခသည် စခန်းတွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး ပေါက်တောမြို့နယ် ရဲအုပ် သန်းဌေးကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။
သိင်္ဂ ီထိုက် ။ ။ ဆရာ မနေ့က အနောက်ရဲ စခန်းက နောက်ဆက်တွဲ အခြေအနေ သိချင်လို့ပါရှင့်။
ရဲအုပ် သန်းဌေး ။ ။ ဟုတ်ကဲ့ ခင်ဗျ။ မနေ့က တရားခံ နှစ်ယောက် ဖမ်းမိတယ် ခင်ဗျ။
သိင်္ဂ ီထိုက် ။ ။ ဘာအမှုနဲ့ စွဲထားပါသလဲ။
ရဲအုပ် သန်းဌေး ။ ။ လူကုန်တား အမှုနဲ့ ခင်ဗျ။ လူကုန်ကူး။
သိင်္ဂ ီထိုက် ။ ။ ဆရာတို့ ဖမ်းမိတဲ့ နှစ်ယောက်က ဒဏ်ရာ ရပါသလား။ ဒဏ်ရာရတဲ့သူတွေက သပ်သပ်ပါလား။
ရဲအုပ် သန်းဌေး ။ ။ ဒဏ်ရာ မရဘူးခင်ဗျ။ ဒဏ်ရာ မရပါဘူး ခင်ဗျ။
သိင်္ဂ ီထိုက် ။ ။ သူတို့ကို အခု ဘယ်မှာ ချုပ်ထားပါသလဲရှင့်။
ရဲအုပ် သန်းဌေး ။ ။ ပေါက်တော မြို့မ ရဲစခန်းမှာပါ။
သိင်္ဂ ီထိုက် ။ ။ စခန်းတွင်း အခြေအနေရော တည်တည်ငြိမ်ငြိမ် ရှိပါလား။
ရဲအုပ် သန်းဌေး ။ ။ အခု လောလောဆယ်ကတော့ မနေ့က အခင်းဖြစ်ပြီးတဲ့ နောက်ပိုင်းကတည်းကတော့ ငြိမ်သက်နေပါပြီ ခင်ဗျ။
သိင်္ဂ ီထိုက် ။ ။ လုံခြုံရေးတွေများ ချထားရပါသလားရှင့် ဆရာ။ စခန်းမှာ။
ရဲအုပ် သန်းဌေး ။ ။ ကျနော်တို့ ဒီ မြို့ပေါ် ရဲစခန်းမှာတော့ သူ့ဟာနဲ့သူကတော့ ပုံမှန် ရှိပါတယ်ခင်ဗျ။
သိင်္ဂ ီထိုက် ။ ။ ဒဏ်ရာရတဲ့သူတွေကို ဘယ်သူ ကုပေးနေပါသလဲ ဆရာ။
ရဲအုပ် သန်းဌေး ။ ။ ဒဏ်ရာရတဲ့ သူတွေကိုတော့ မနေ့ကတည်းကကို MSF အဖွဲ့ကနေပြီးတော့ အဲဒီ NGO က လာပြီးခေါ်တယ် Speed Boat နဲ့။ လာပြီး ခေါ်တဲ့ အထဲမှာ အဲဒီ ၄ ယောက်က ၄ ယောက် စလုံး မသွားဘဲနဲ့ တယောက်တည်း သွားတယ်လို့ သိရတယ် ခင်ဗျ။
သိင်္ဂ ီထိုက် ။ ။ ဟုတ်ကဲ့။ ကျန်တဲ့သူတွေကတော့ စခန်းထဲမှာ ရှိနိုင်တာပေါ့နော်။
ရဲအုပ် သန်းဌေး ။ ။ ဟုတ်ကဲ့။ ကျန်တဲ့သူတွေကတော့ စခန်းတွင်းမှာ သူတို့ကို အဲဒီမှာ သင်တန်းတွေ ပေးထားတဲ့ ကျန်းမာရေးမှူး၊ ဆေးမှူးလို့ ပြောမှာပေါ့ ဒေသ အဲဒီ ရွာရဲ့ ဆေးမှူးပေါ့နော် NGO တွေ သင်ပေးထားတဲ့ အဲဒီ ဆေးမှူးတွေက တဆင့် ကုနေတယ်လို့ သိရပါတယ် ခင်ဗျ။
သိင်္ဂ ီထိုက် ။ ။ ဆရာ မနေ့က ဘယ်လိုများ ဖြစ်ကြပါသလဲရှင့်။
ရဲအုပ် သန်းဌေး ။ ။ ရဲတပ်ဖွဲ့က အဲဒီ တရားခံ သွားဖမ်းလို့ အထွက်မှာ လူအုပ်က ဝင်ပြီးတော့ ဝိုင်းဝန်းပြီးတော့ ပြန်လုဖို့ ကြံရွယ်တဲ့ သဘောပေါ့။ တိုက်ခိုက်တာပေါ့။ ခဲတွေနဲ့ပေါက်။ တုတ်တွေ ဓားတွေ ပါလာ အဲဒီလိုမျိုးတွေ ဖြစ်သွားတာပေါ့။
သိင်္ဂ ီထိုက် ။ ။ ဒဏ်ရာရတဲ့သူတွေက အမျိုးသားတွေ ချည်းဘဲလား၊ အမျိုးသမီးတွေ ပါပါသေးလား။
ရဲအုပ် သန်းဌေး ။ ။ အမျိုးသမီးတွေ မပါဘူး။ အမျိုးသားဘဲ။
ပေါက်တောမြို့နယ်က အနောက်ရဲ မူဆလင် ဒုက္ခသည် စခန်းဟာဆိုရင် ၂၀၁၂ ခုနှစ်တုန်းက ရခိုင်ပြည်နယ်တွင်း လူမျိုးရေး ဘာသာရေးဆန်တဲ့ အဓိကရုဏ်း ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း ထွက်ပြေးလာကြတဲ့ မူဆလင် တချို့ကို ထားရှိထားတာ ဖြစ်ပါတယ်။ ဒုက္ခသည် စခန်းတွေထဲမှာ ၆ နှစ်ကျော်ကြာ နေထိုင်နေကြရပြီး မူလနေရာတွေ ပြန်လည် နေထိုင်နိုင်ရေးကလည်း အခုအချိန်ထိတော့ ဘာမှ ရေရေရာရာ မရှိ ဖြစ်နေပါတယ်။