ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ရွှေမှော်ဝင်းခမ်းမမှာ ခေတ္တထိန်းသိမ်းထားတဲ့ ရခိုင်ပြည်နယ် စစ်တွေ မူဆလင်ဒုက္ခသည်စခန်းတွေက ဒုက္ခသည်၁၀၆ဦးကို ဒီကနေ့ မှာပဲ ရေတပ်သဘောၤနဲ့ မူလနေရာကို ပြန်လည်ပို့ဆောင်လိုက်ပါပြီ။ ၂၀၁၂ခုနှစ်ကတည်းက စစ်တွေဒုက္ခသည် စခန်းတွေမှာ ခြောက်နှစ်ကျော် ခိုလှုံနေခဲ့ကြရပြီး နေထိုင်ရေးအတော်လေးအခက်အခဲဖြစ်ကြရသလို စားဝတ်နေရေးနဲ့ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတဲ့အတွက် ဒုက္ခသည်စခန်းတွေမှာ မနေချင်ကြတော့လို့ လွတ်မြောက်ရာလမ်းရှာတဲ့အနေနဲ့ တခြားနိုင်ငံတွေကို နည်းလမ်းပေါင်းစုံသုံးပြီး ထွက်ခွာနေကြတာလို့ စစ်တွေဒုက္ခသည်စခန်းနေဒုက္ခသည်တွေကပြောပါတယ်။ အကြောင်းစုံ မဆုမွန် စုစည်းတင်ပြထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ရက်နေ့က ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သံတဲကျေးရွာအနီး ပင်လယ်ကမ်းနားမှာ အမျိုးသမီး၊ ကလေးငယ်တွေ ပါ ပါဝင်တဲ့ ဒုက္ခသည် ၁၀၆ဦး လိုက်ပါလာတဲ့ စက်လှေကြီးတစင်းမျောနေတယ်လို့ ဒေသခံငါးဖမ်းလုပ်သားတွေရဲ့ သတင်းပေးပို့ချက်အရ ရေတပ်ကနေ သွားရောက်ခေါ်ယူ ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ စစ်တွေမြို့ သက်ကယ်ပြင် ဒုက္ခသည်စခန်းကနေ ထွက်လာကြပြီး ဦးတည်ချက်ကတော့ မလေးရှားနိုင်ငံကို သွားရောက်ကြဖို့ဖြစ်ပါတယ်။ စက်လှေဆီကုန်သွားတဲ့အတွက် ပင်လယ်ထဲမှာ ရက်အတန်ကြာ မျောပါနေကြတာဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ကယ်ဆယ်ပြီးတဲ့နောက်မှာတော့ သူတို့ကို လိုအပ်တဲ့အဝတ်အစား၊ အစားအသောက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ကုသပေးပြီး ရွှေမှော်ဝင်းခမ်းမမှာ နှစ်ရက်တာထားရှိခဲ့တာပါ။
ဒီကနေ့ တနင်္ဂနွေနေ့ နိုဝင်ဘာလ ၁၈ရက်နေ့ နေ့လည်မှာတော့ ဒုက္ခသည်(၁၀၆)ဦးစလုံးကို ရေတပ်စခန်းကနေ ရေတပ်သင်္ဘောနဲ့ ပြန်လည်ပို့ဆောင်ပေးလိုက်ပြီဖြစ်ပါတယ်။ သူတို့လာခဲ့တဲ့ ရခိုင် စစ်တွေက ဒုက္ခသည်စခန်းတွေဆီ ရေလမ်းကနေ ပြန်လည်ပို့ဆောင်ပေးတဲ့ အခြေအနေကို သူတို့ကို ကယ်ဆယ်နေရာချတုန်းက လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့သူ ဒေသခံတဦးဖြစ်တဲ့ ကိုဇော်မင်းသူက အခုလိုပြောပြပါတယ်။
"ဒီကနေပြီးတော့ ပစ္စည်းပစ္စယတွေလည်းပါတယ်။..အဲ့မှာ အစ္စလာမ်အဖွဲ့တွေလည်းရှိတယ်ခင်ဗျ။ သူတို့ဘက်က အဲဒါတွေ လှူတဲ့ဟာတွေလည်းရှိတယ်။ အဲ့တာလှူတဲ့ဟာတွေကို သူတို့ကို ထည့်ပေးပြီးတော့ အကျီအဖြူလေးတွေ ဆင်တူ တူညီဝတ်စုံလေးတွေနဲ့ သူတို့ကိုခေါ်သွားပြီးတော့ ၁ နာရီကနေ ကားပေါ်တင် ကျောက်တန်းကို ခေါ်သွားပြီးတော့ ထွက်သွားတယ်။ ဟိုဘက်မှာ ၂နာရီ-၂ နာရီခွဲလောက် ပတ်ဝန်းကျင်မှာ သူတို့ကို ရေယာဉ်ပေါ်တင်ပြီးတော့ တိုက်ရိုက်ပို့တာပါခင်ဗျ။ ကလေးတွေဆိုရင် အကျီၤ မပါဘူး။ သူတို့ ဗိုက်တွေဆာကြတယ်။ သူတို့ကို ဒေသခံတွေက ထမင်းတွေချက်ကျွေးပေါ့နော် ၊ သူတို့ကိုထားထားတယ်ဆိုတာ ကောင်းကောင်းမွန်မွန်ပါပဲ ကျနော်တို့ဒေသခံတွေလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံကြတယ်။"
အခုဒုက္ခသည်တွေကို ပြန်ပို့ပေးနေတဲ့ စစ်တွေမြို့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေဟာ လွန်ခဲ့တဲ့ခြောက်နှစ် ၂၀၁၂ ရခိုင်ပြည်နယ်တွင်း လူမျိုးရေး-ဘာသာရေးအသွင်ဆောင်အကြမ်းဖက်တိုက်ခိုက်မှုတွေစဖြစ်ကတည်းက ခိုလှုံနေကြတာဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွင်းက လူအများစုဟာ စစ်တွေ ပတ်ဝန်းကျင် ရိုဟင်ဂျာကျေးရွာတွေက ကျေးရွာသားတွေနဲ့၊ စစ်တွေမြို့ပတ်ဝန်းကျင် ရပ်ကွက်တွေက ရခိုင်တိုင်းရင်းသားတွေနဲ့ ရောနှောနေထိုင်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်။ သူတို့ကို မူရင်းနေရာ ပြန်လည်ချထားဖို့ကိစ္စမှာလည်း အာဏာပိုင်တွေဖက်က ဘာမှ ဆောင်ရွက်တာမတွေ့ရပါဘူး။ မူလနေရာ မပြန်နိုင်ပဲ နှစ်နဲ့ချီ ဒုက္ခသည်စခန်းမှာ ကြာနေတဲ့ ဒီဖြစ်ရပ်ကြောင့်ပဲ၊ ဘင်္ဂလားဒေ့ရ်ှဖက်က ရိုဟင်ဂျာဒုက္ခသည်တွေကလည်း ဒီလို အလားတူ နေရမှာကို စိုးရိမ်နေကြတာပါ။
အခုလို သူတို့အတွက် နေရေးစားရေး ဒုက္ခရောက်ကြပြီး မျှော်လင့်ချက်မဲ့သလိုဖြစ်လာနေလို့ ဒုက္ခသည်စခန်းတွေကနေ နည်းလမ်းမျိုးစုံနဲ့ထွက်ခွာနေကြတာဖြစ်ပြီး တကယ်လို့ ထွက်ပြေးသွားသူတို့တွေ ပြန်ရောက်လာရင်လည်း ပိုပြီးတော့မှ ဒုက္ခရောက်ကြရမယ့်အနေအထားပဲဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဒုက္ခသည်စခန်းနေ ဦးခင်မောင်ထွန်းက အခြေအနေကို ရှင်းပြပါတယ်။
"ဒီအထဲမှ ာလူတွေက နေချင်စိတ်မရှိတာတွေပေါ်လာပြီလေ။ ဒီမှာလူတွေက ၆ နှစ်ကျော်လှောင်ပိတ်တဲ့ IDP camp တွေမှာ နေလာတယ်ဆိုတော့ လူတွေရဲ့ မျှော်လင့်ချက်တွေ လူတွေရဲ့ အနာဂတ်တွေ စားရေးသောက်ရေး ဒါတွေအကုန်ကလည်း အကျပ်အတည်းတွေထဲနေရတဲ့ဟာတခုကို ရင်ဆိုင်ပြီးတော့ ၊ လူတွေက သူတို့ဒီမှာနေရင် ဘာမှမထူးဘူးဆိုတဲ့ စိတ်တွေပေါ်လာတယ်။ ဆိုတော့ တခြားနိုင်ငံတွေကို သူများတွေလည်း သွားနေကြတာတွေလည်း ရှိတယ်။ နေထိုင်ရေး ဘယ်လောက်အခက်အခဲတွေရှိနေလည်း မနေချင်လည်း ကြိုးစားပြီးနေတာ အခုဆိုရင် ၆ နှစ်ကျော်တောင်ရှိပြီ။ တခုခုဖြစ်ရင်လည်းသေရင်လည်း သေပါစေ ဆိုပြီးတော့ အဲလိုစိတ်တွေဖြစ်လာတာပေါ့နော်။ အဲ့တော့ သူတို့ကို ပြန်ပို့မယ်ဆိုရင် အစိုးရက လုပ်ပေးရမယ်လို့ ကျနော်ထင်တယ်။ သူတို့လောလောဆယ်လာမယ်ဆိုရင် သူတို့စားရေးသောက်ရေး၊ နေထိုင်ရေး ဘယ်မှာနေကြမလဲ အဲဒါတွေ ဘာတခုမှ အစီအစဉ်မရှိဘူး။"
ဒုက္ခသည်စခန်းတွင်းသဘာဝဘေး မုန်တိုင်းဘေး၊ မီးဘေးစတာတွေကို မကြာခဏ ခါးစီးခံခဲ့ကြရသလို အထူးသဖြင့်ကတော့ ကလေးငယ်တွေအတွက် ပညာဆက်လက်သင်ကြားခွင့်နဲ့ ဒုက္ခသည်တွေအတွက် အခြေခံကျမ်းမာရေး စောင့်ရှောက်မှုတွေက အားနည်းလွန်းနေပြီး ဒုက္ခသည်တွေအတွက် လုံခြုံမှုမရှိတဲ့အနေအထားဖြစ်နေတယ်လို့လည်း စစ်တွေဒုက္ခသည်စခန်းနေ ဦးခင်မောင်ထွန်းကပြောပါတယ်။
" အထူးသဖြင့် လူငယ်တွေပေါ့လေ။ လူငယ်တွေက IDP camp တွေမှာသွားပြီးတော့ ပညာသင်ခွင့်ရတာတွေ၊ ပညာသူယူခွင့်ဆိုတာက NGO တွေက ဒီအထဲမှာ Temporary နေရာတွေဆောက်ပေးထားတယ်။ အဲဒီမှာ သူတို့တွေ မူလတန်းအဆင့်လောက်ပဲ သင်ယူလို့ရတယ် အဲဒါ မူလတန်းအဆင့်သင်ယူလို့ပြီးသွားတဲ့ ကျောင်းသား ကျောင်းသူတွေဆိုရင် အလယ်တန်း အဆင့်ပြန်တက်ရတယ် အလယ်တန်းကတော့ တော်တော်ဝေးတယ်၊ ထောက်ပံ့ကြေးတွေမပေးနိုင်ဘူး။ transportation တွေမပေးနိုင်ဘူး။ အဲဒါတွေရှိတယ် ရှိတော့ ကလေးတွေ မူလတန်းအဆင့်ပညာသင်ပြီးတော့ တက်ခွင့်မရတာတွေအများကြီးရှိတယ်။ ဒါက တပိုင်း နောက် ဆောင်းရာသီဆိုရင်တော်တော်ကို ချမ်းတယ်၊ နွေရာသီဆိုရင် တော်တော်ပူတယ်။ လူတွေက အများကြီးပေါင်းပြီးတော့ နေရတယ်ဆိုတော့ စားရေးသောက်ရေး၊ ရေကောင်းရေသန့်ရရှိရေး ဒါတွေက ဘာတခုမှ အဆင်မပြေတဲ့အတွက်ကြောင့် လူတွေက ကျန်းမာရေးအန္တရာယ်တွေဖြစ်လာတယ် ရောဂါအမျိုးမျိုးနဲ့ ရင်ဆိုင်ရတယ်။"
၂၀၁၂ခုနှစ် ရခိုင်ပြည်နယ်တွင်းအကြမ်းဖက်ပဋိပက္ခတွေအတွင်း အိုးအိမ်တွေ မီးရှို့ဖျက်ဆီးခံရ အသက်အန္တရာယ်စိုးရိမ်ချက်တွေနဲ့ ထွက်ပြေးလာကြတဲ့ မူဆလင်ဒုက္ခသည်တွေကို နေရာချထားပေးတာဖြစ်ပြီး အခုအချိန်အထိလည်း သူတို့တွေရဲ့နေရပ်ရင်းတွေမှာ နေရာပြန်လည်ချထားပေးတာမရှိသေးပါဘူး။ ဒုက္ခသည်စခန်းတွင်း လူဦးရေထူထပ်စွာနေထိုင်နေကြရပြီး စားဝတ်နေရေး အခက်အခဲ တွေနဲ့လည်း ရင်ဆိုင်နေကြရတာမို့ ဒုက္ခသည်တွေ သူတို့ရဲ့နေရပ်ရင်းတွေကို ပြန်လည်နေထိုင်ခွင့်ရပြီး နေ့စဉ် လူနေမှုဘဝတွေ ပုံမှန် လည်ပတ်လုပ်ကိုင်ခွင့် ရဖို့ အစိုးရတာဝန်ရှိသူတွေဘက်က အရေးတကြီး ဆောင်ရွက် ပေးသင့်ပါပြီလို့လည်း ဒုက္ခသည်တွေဘက်ကတောင်းဆိုနေကြတာဖြစ်ပါတယ်။