သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသ လူမှုအကူအညီတွေပေးနိုင်ရေး ယူနီဆက် တိုက်တွန်း


ရခိုင်မြောက်ပိုင်းမှာ လူသားချင်းစာနာတဲ့ အကူအညီတွေကို အခုထက်ပိုပြီးဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂ ကလေးငယ်များဆိုင်ရာ အေဂျင်စီ UNICEF ကတောင်းဆိုလိုက်ပါတယ်။ တချိန်ထဲမှာ ဘင်္ဂလားဒေ့ရှ် ကနေ ဒုက္ခသည်တွေ မြန်မာနိုင်ငံဖက် အတင်းပြန်ပို့ခံရရင် ဒုက္ခသည်ကလေးငယ်တွေ ထိခိုက်မှာကို စိုးရိမ်တယ်လို့ Switzerland နိုင်ငံ Geneva မြို့မှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ UNICEF တာဝန်ရှိသူက ပြောခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

ဒီကနေ့ Geneva မြို့က ကုလသမဂ္ဂရုံးချုပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ Bangladesh ဖက်က ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်ပို့ရေးအခြေအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေကိုလည်း ရှင်းလင်းပြောခဲ့ပါတယ်။ မြန်မာနဲ့ Bangladesh အစိုးရကြား ဒုက္ခသည်ပြန်ပို့ရေး သဘောတူညီချက်နဲ့ လုပ်နေတဲ့နေရာမှာ ဒုက္ခသည်တွေရဲ့ ဆန္ဒမပါရင် လုံးဝပြန်မပို့သင့်ဘူးလို့ ကုလသမဂ္ဂကလေးငယ်များဆိုင်ရာ အေဂျင်စီ UNICEF ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Christophe Boulierac ကပြောကြားခဲ့ပါတယ်။

" ဘင်္ဂလားဒေ့ရှ် ကဒုက္ခသည်တွေကို မြန်မာနိုင်ငံဖက်ကို အတင်းပြန်ပို့နိုင်တယ်ဆိုတဲ့သတင်းတွေ အခုသီတင်းပါတ်ထဲ ကျယ်ကျယ်ပြန့်ပြန့်ရပါတယ်။ ဒီကိစ္စကို UNICEF ကအင်မတန်စိုးရိမ်ပါတယ်။ အထူးသဖြင့် အတင်းပြန်ပို့ခံရရင် ကလေးငယ်တွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာမလဲဆိုတာကို စိုးရိမ်ပါတယ်။"

ကလေးငယ်တွေကို သူတို့မိဘ အုပ်ထိန်းသူတွေနဲ့ ခွဲဖို့မသင့်သလို၊ ပြန်ပို့တဲ့နေရာမှာ ကလေးငယ်တွေအနေနဲ့ စိုးရိမ်ကြောင့်ကြစိတ်၊ စိတ်ပင်ပန်း လူပင်ပန်းဖြစ်စေနဲ့ အခြေအနေမျိုး မရှိစေသင့်သလို ဖျားနာနေတဲ့ကလေးမျိုးကို ပြန်မပို့သင့်ဘူးလို့လည်း သူကပြောပါတယ်။ ဒုက္ခသည်စခန်းတွေထဲမှာရှိတဲ့ UNICEF ဝန်ထမ်းတွေ အလွတ်သဘော မေးမြန်းတဲ့ သဘောထားတွေအရ ဒုက္ခသည်အများစုက လုံခြုံရေးအာမခံချက်မရရင် မပြန်ချင်ဘူးလို့ တုံ့ပြန်ခဲ့ကြတယ်လို့ဆိုပါတယ်။ ဒုက္ခသည်စခန်းတွေထဲက အခြေအနေဟာ ခက်ခဲကြမ်းတမ်းပေမဲ့ မြန်ာမာနိုင်ငံဖက်ပြန်ရင် ကြုံနိုင်တဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရမယ့်အစား ဒုက္ခသည်စခန်းတွေထဲမှာပဲ နေချင်ကြတယ်လို့ သူကပြောပါတယ်။ ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ ရိုဟင်ဂျာကလေးငယ်တွေ၊ မိသားစုတွေကလည်း ဆက်လက်ရှိနေတဲ့ ကန့်သတ်ချက်တွေကြောင့် လွတ်လွတ်လပ်လပ် သွားလာနိုင်ခြင်းမရှိသလို မဖြစ်မနေလိုတဲ့ ကျန်းမာရေး ပညာရေး ဝန်ဆောင်မှုတွေကိုလည်း အပြည့်အဝမရကြဘူးလို့ UNICEF ကပြောပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူသားချင်းစာနာတဲ့ အကူအညီပေးနိုင်ဖို့အတွက်လည်း မြန်မာအစိုးရက တောင်းဆိုခဲ့ပါတယ်။

"မြန်မာအစိုးရရဲ့ ကန့်သတ်ချက်တွေကြောင့် ၂၀၁၇ ခုနှစ် သြဂုတ်လ လမတိုင်ခင်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုပ်ကိုင်နိုင်ခဲ့တဲ့ အဖွဲ့အစည်းတော်တော်များများ အခုချိန်ထိ သူတို့ ဆောင်ရွက်ချင်တဲ့ အတိုင်းအတာမျိုးအထိ လုပ်ခွင့်မရကြသေးပါဘူး။ ဒါကြောင့် UNICEF အဖွဲ့အပါအဝင် လူသားချင်းစာနာမှုအကူအညီပေးနေတဲ့ အဖွဲ့တွေက အဟန့်အတားမရှိသွားလာနိုင်ဖို့ ဆက်ပြီးတောင်းဆိုနေကြတာပါ။ အကူအညီပေးနိုင်ရေးအတွက် လိုတဲ့လုပ်ထုံးလုပ်နည်းတွေ ရှင်းရှင်းလင်းလင်းရှိစေဖို့၊ ထောက်ပံ့ကူညီမှုတွေကို အချိန်မှီနဲ့ ဘယ်တော့ပို့ပေးနိုင်မယ်ဆိုတာ ခန့်မှန်းနိုင်စေဖို့နဲ့ ကူညီထောက်ပံ့မှုပေးနေသူတွေကို အကာအကွယ်ပေးနိုင်ဖို၊ လူမှုအသိုင်းအဝိုင်းတွေကြား ယုံကြည်မှုတည်ဆောက်ရေးတွေကို တောင်းဆိုနေကြတာပါ။“

မြန်မာနိုင်ငံဖက်က အခြေအနေဟာ ဆက်ပြီးစိုးရိမ်စရာဖြစ်နေသလို၊ Bangladesh နိုင်ငံဖက်က ရိုဟင်ဂျာ ဒုက္ခသည်ကလေးတွေအတွက်လည်း စိုးရိမ်တယ်လို့ ကုလသမဂ္ဂကလေးငယ်များဆိုင်ရာ အေဂျင်စီ UNICEF ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Christophe Boulierac ကသတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့မြန်မာအစိုးရကတော့ ဒုက္ခသည်တွေပြန်လည်လက်ခံရေးမှာ သူတို့သဘောဆန္ဒနဲ့ပြန်လာနိုင်ရေး၊ လုံခြုံပြီး ဂုဏ်သိက္ခာရှိစွာပြန်လာနိုင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။

ကုလသမဂ္ဂအဖွ့ဲအစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR တို့နဲ့ ဇွန်လတုန်းက နားလည်မှု စာချွန်လွှာလက်မှတ်ထိုးခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်ကို စက်တင်ဘာနဲ့ အောက်တိုဘာမှာ ၂ ကြိမ်သွားခွင့်ပြုခဲ့တယ်လို့ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ကြာသပတေးနေ့ကကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ပုံမှန်လည်း ထိတွေ့ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG