သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးဒုက္ခသည် ၁၀၆ ဦး ကယ်ဆယ်ပြီး ကျောက်တန်းမြို့တော်ခန်းမမှာ ယာယီထိန်းသိမ်းထား


ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သံတဲကျေးရွာမှာ စက်လှေတစီးပေါ်မှာ လူပေါင်း ၁၀၀ကျော် ကို ထိန်းသိမ်းထားတဲ့ သတင်းတင်ပြချင်ပါတယ်။ စက်လှေကြီးတစင်းပေါ်မှာ အမျိုးသား၅၀- အမျိုးသမီး ၃၁ဦးနဲ့ အသက်မပြည့်သေးတဲ့ ယောက်ကျားလေး မိန်းကလေး ကလေးငယ်လေးတွေ၂၅ဦးပါတဲ့ လူအုပ်စုလိုက်ကြီး ကို အာဏာပိုင်တွေ တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီ့လူအုပ်ကြီး ခေတ္တထိန်းသိမ်းထားတဲ့ ကျောက်တန်းမြို့နယ်ကို ကိုယ်တိုင်သွားရောက်သတင်းယူနေတဲ့ ဗွီအိုအေသတင်းထောက် ကိုထက်အောင်ခန့်ကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ကိုထက်အောင်ခန့်ရေ- စက်လှေကြီးတစီးပေါ်မှာ အမျိုးသမီးနဲ့ ကလေးငယ်လေးတွေပါ ပါဝင်တဲ့ လူ၁၀၀ကျော် ကျောက်တန်းကို ရေလမ်းကနေ ရောက်လာကြတယ်ဆိုတော့ သူတို့က ဘယ်အရပ်ဘယ်ဒေသက ရောက်လာကြတယ်လို့ သိရပါလဲရှင့်။

ဖြေ။ ။ သူတို့ဦးတည်ချက်က ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းကနေပြီးတော့ မလေးရှားကို သွားဖို့အတွက်ဆိုပြီးတော့ သူတို့က ပထမဦးဆုံးရည်ရွယ်ထားတာခင်ဗျ။ မလေးရှားကိုသွားမယ့်အချိန်မှာ စက်လှေက ဆီကုန်သွားတယ်ပေါ့နော်။ ဆီကုန်သွားပြီးတော့ ရေထဲမှာပဲ သောင်တင်နေတာ ၇ ရက်လောက်ကြာသွားတယ် အဲဒါနောက်ဆုံး ဒီဘက်ကို ရောက်လာတဲ့အချိန်မှာ ငါးဖမ်းသမားတဦးကနေ တွေ့ပြီးတော့ တာဝန်ရှိတဲ့သူတွေကို အကြောင်းကြားတဲ့အချိန်မှာ တပ်မတော်ရေတပ်ကနေပြီးတော့ လာပြီးတော့ လုံခြုံရေးယူထားတယ်။ မနက်က သံတဲမြို့မှာရှိတဲ့ cyclone shelters မှာထိန်းသိမ်းမှုတွေ၊ စစ်ဆေးမှုတွေလုပ်တယ်ခင်ဗျ။

မေး။ ။ ဆိုတော့ လူကလည်း ၁၀၀ ကျော်ရှိတယ်ဆိုတော့၊ အခု သူတို့ကို ထိန်းသိမ်း စစ်ဆေးနေဆဲအခြေအနေ။ ရှေ့ဆက်ပြီးတော့ တာဝန်ရှိသူတွေဘက်က ဘယ်လိုစစ်ဆေးမေးမြန်းပြီးဆောင်ရွက်ဖို့ စီစဉ်နေကြတာကို တွေ့ခဲ့ရပါလဲရှင့်။

ဖြေ။ ။ အခုဆိုရင် cyclone shelters ကနေ ကျောက်တန်း ရွှေမှော်ဝန်းမြို့တော်ခန်းမကို ခေါ်လာတယ်။ လူ ၁၀၀ ကျော်ကိုခေါ်လာတယ်။ မခေါ်လာခင်မှာတော့ အစားအသောက်တွေ ရေတွေနဲ့တော့ ပြုစုကုသပေးနေတယ်။ သူတို့ကို နောက်ဆုံးသိရသလောက်ဆိုရင် ဒီမှာ ပြုစုကုသပေးပြီးရင် သူတို့နေရပ်ဖြစ်တဲ့ ရခိုင်ဒုက္ခသည်စခန်းကို ပြန်ပြီးတော့ ပို့မယ်လို့ ပြောတယ်ခင်ဗျ။ သူတို့ကို အမျိုးသမီး၊ အမျိုးသား က ၅ သိန်း၊ ကလေးသူငယ်က ၂ သိန်း နှုန်းနဲ့ မလေးရှားကို သွားမယ့်အချိန်မှာ ဒီလိုစက်လှေ ရပ်ပြီးတော့ ကျောက်တန်းမြို့တော် ခန်းမမှာ တပတ်ဖြစ်ဖြစ်၊ ၂ ပတ်ဖြစ်ဖြစ် ပြုစုစောင့်ရှောက် အစားအစာတွေ ရေတွေ လုပ်ပေးပြီးရင် သူတို့နေရပ်တွေဖြစ်တဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို ပြန်လည်ပို့ဆောင်ဖို့အတွက် အာဏာပိုင်တွေက စီစဉ်ထားပါတယ်ခင်ဗျ။

မေး ။ ။ဟုတ်ကဲ့ ကိုထက်အောင်ခန့် ၊ အဲဒီတော့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေဘက်က သတင်းမီဒီယာသမားတွေကို အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်မှုအခြေအနေ ဘယ်လိုရှိပါလဲရှင့်

ဖြေ။ ။ သတင်းမီဒီယာသမားတွေကို ဖြေရှင်းတာမရှိဘူး ။ ခုနကတော့ ကျောက်တန်းရဲအုပ်ကတော့ အခြေအနေကို ပြောပြတယ်၊ ပြီးတော့ သတင်းမီဒီယာသမားတွေအားလုံးကို မြို့တော်ခန်းမအပြင်ဘက်ကို ထုတ်လိုက်တယ်။ သတင်းယူခွင့်မပေးဘူး သူတို့ကို အထဲမှာထည့်ပြီးတော့ တံခါးပိတ်ပြီးတော့ ဆေးဝါးကုသမှုတွေ လုပ်ပေးနေတယ်လို့ သိရပါတယ်ခင်ဗျ။

ဒါကတော့ ကျောက်တန်းမြို့နယ်ကို ကိုယ်တိုင်သတင်းရယူနေတဲ့ ဗွီအိုအေသတင်းထောက် ကိုထက်အောင်ခန့်ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG