သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယလေယာဉ်မှူးကို ပါကစ္စတန် ပြန်လွှတ်မည်


ကက်ရှ်မီးယား ဒေသမှာ မနေ့တုန်းက ပစ်ချခံခဲ့ရတဲ့ အိန္ဒိယတိုက်လေယာဉ်မှူးကို ပါကစ္စတန်နိုင်ငံက ပြန်လွှတ်ပေးမယ့်အကြောင်း ကြေညာလိုက်ပါတယ်။

နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ ၂ နိုင်ငံကြား ငြိမ်းချမ်းလိုတဲ့ ဆန္ဒနဲ့ အိန္ဒိယ တိုက်လေယာဉ်မှူး Abhinandan Varthaman ကို မနက်ဖြန် ပြန်လည် လွဲှပြောင်းပေးမယ့်အကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က ဒီကနေ့ လွှတ်တော်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ပြောဆိုလိုက်တာပါ။

ငြိမ်းချမ်းရေးဆန္ဒကို ပြသလိုတာရော၊ ဆွေးနွေးညှိနှိုင်းမှုတွေအတွက် ခြေလှမ်းအစအဖြစ်နဲ့ပါ အိန္ဒိယတိုက်လေယာဉ်မှူးကို ပြန်လွှတ်ပေးမှာဖြစ်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ အိန္ဒိယ တိုက်လေယာဉ်မှူးကိုတော့ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသက ပါကစ္စတန် လေပိုင်နက်ထဲ ဝင်လာတယ်လို့ဆိုတဲ့ အိန္ဒိယတိုက်လေယာဉ်ကို ပစ်ချခဲ့ပြီးနောက် ဖမ်းဆီးထားတာပါ။ နောက်ထပ် လေယာဉ်တစင်းကိုလည်း ပါကစ္စတန်က ပစ်ချခဲ့ပေမဲ့ အိန္ဒိယပိုင်နက်မှာ ပျက်ကျခဲ့ပါတယ်။

အိန္ဒိယနိုင်ငံကလည်း ပါကစ္စတန်နိုင်ငံက တိုက်လေယာဉ်တစင်းကို ပစ်ချခဲ့ကြောင်း ပြောဆိုခဲ့ပေမဲ့ ပါကစ္စတန်ကတော့ မမှန်ကန်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့ကြား တင်းမာမှုတွေ လျော့ပါးရေး အမေရိကန်က ကြားဝင်ကူညီနေကြောင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့တော်မှာ သမ္မတ Donald Trump က ပြောဆိုလိုက်ပြီး နာရီပိုင်းအကြာမှာပဲ ပါကစ္စတန်က အိန္ဒိယလေယာဉ်မှူးကို ပြန်လွှတ်ပေးဖို့ ကြေညာချက် ထွက်ပေါ်လာတာပါ။

လေကြောင်းတိုက်ပွဲတွေနဲ့ ကြုံခဲ့ရပြီးနောက် ပါကစ္စတန်နိုင်ငံက လေပိုင်နက်ကို ပိတ်လိုက်တာကြောင့် ထိုင်းလေကြောင်းလိုင်းရဲ့ ဘန်ကောက်မြို့ကနေ ဥရောပက မြို့ကြီးတွေဆီသွားမယ့် ခရီးစဉ်တွေ ဖျက်ခဲ့ရပြီးူ၊ ခရီးသည် ၅ ထောင် လောက်ဟာလည်း တခြားနည်းနဲ့ ခရီးဆက်နိုင်ဖို့ ကြိုးပမ်းခဲ့ကြရပါတယ်။

နောက်ပိုင်းမှာတော့ ထိုင်းလေကြောင်းလိုင်းတွေကို တရုတ်နိုင်ငံက လေပိုင်နက်အသုံးပြုခွင့် ပေးခဲ့ပါတယ်။ အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသက Pulwama မြို့မှာ စစ်သွေးကြွတွေရဲ့ အသေခံတိုက်ခိုက်မှုကြောင့် အိန္ဒိယပြည်သူ့စစ် ၄၀ သေဆုံးခဲ့ရပြီးနောက်၊ ၂ နိုင်ငံကြား စစ်ဖြစ်လုနီးနီး အခြေအနေနဲ့ ကြုံခဲ့ရတာပါ။ အိန္ဒိယနိုင်ငံကတော့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း ကြေညာထားတဲ့ Jaish e Mohammad စစ်သွေးကြွ အုပ်စုကို ပါကစ္စတန်နိုင်ငံက လက်ခံထားတယ်လို့ စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG