သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတ ကြေညာချက်ကို ဆန့်ကျင်တဲ့ ပါလက်စတိုင်း ဆန္ဒပြပွဲများ


ဂါဇာ ကမ်းမြှောင်ဒေသမှာ ရာနဲ့ချီတဲ့ ပါလက်စတိုင်းတွေ ဆန္ဒပြ
ဂါဇာ ကမ်းမြှောင်ဒေသမှာ ရာနဲ့ချီတဲ့ ပါလက်စတိုင်းတွေ ဆန္ဒပြ

ဂျေရုဆလင်ကို အစ္စရေးလ်နိုင်ငံရဲ့ မြို့တော်အဖြစ် အမေရိကန် သမ္မတ Donald Trump က တရားဝင် ကြေညာလိုက်တဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်ဒေသတွေမှာ ရာနဲ့ချီတဲ့ ပါလက်စတိုင်းတွေ ဆန္ဒပြကြပါတယ်။ သမ္မတ Trump နဲ့ အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu တို့ရဲ့ ဓာတ်ပုံတွေ၊ အမေရိကန်နဲ့ အစ္စရေးလ်အလံတွေကိုလည်း ဆန္ဒပြသူတွေက မီးရှို့ခဲ့ကြတာပါ။ ပါလက်စတိုင်းဆန္ဒပြသူတွေနဲ့ အစ္စရေးလ် လုံခြုံရေးတပ်ဖွဲ့တွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေလည်း နေရာတော်တော်များများမှာ ဖြစ်ပွားခဲ့ပါတယ်။

ပါလက်စတိုင်းတွေက အထွေထွေသပိတ် ဆင်နွှဲဖို့ တိုက်တွန်းထားပြီး၊ မနက်ဖြန် သောကြာနေ့မှာ အကြီးအကျယ် ဆန္ဒပြပွဲတွေ ကျင်းပဖို့လည်း ပြင်ဆင်နေကြတာပါ။ ပါကစ္စတန်နိုင်ငံက မြို့ကြီးတွေမှာလည်း ရာနဲ့ချီတဲ့ အစ္စလာမ်ဝါဒီတွေ ဆန္ဒပြခဲ့ကြပြီး သမ္မတ Trump ရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ကြပါတယ်။ အစ္စလာမ်မာဘတ်မြို့တော်က ဒီကနေ့ ဆန္ဒပြပွဲတွေကတော့ ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်ခဲ့ကြတာပါ။

ပါကစ္စတန်နိုင်ငံက အကြီးဆုံးမြို့ဖြစ်တဲ့ ကရာချိမြို့၊ အာဖဂန်နဲ့နယ်စပ် လူမျိုးစုဒေသ Khyber Pakhtunkhwa မြို့တော် ပက်ရှ်ဝါနဲ့ ပန်ဂျပ်ပြည်နယ် Multan မြို့တွေမှာလည်း အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။

အာဖဂန် တာလီဘန်အဖွဲ့ကတော့ အမေရိကန်သမ္မတရဲ့ ဆုံးဖြတ်ချက်ဟာ အဆင်ခြင်မဲ့တဲ့ လုပ်ရပ်ဖြစ်သလို၊ ကမ္ဘာကြီးတခုလုံးနဲ့ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေကို မီးထိုးရာ ရောက်ကြောင်း ပြစ်တင်ပြောဆိုခဲ့ပါတယ်။ အယ်လ်ခိုင်းဒါးနဲ့ ဆက်နွယ်တဲ့ ဆိုမာလီယာ အခြေစိုက် Al-Shabab စစ်သွေးကြွ အဖွဲ့ကလည်း လက်နက်ကိုင် တုန့်ပြန်ဖို့ တိုက်တွန်းခဲ့တာပါ။

သမ္မတ Trump ရဲ့ ကြေညာချက်အပေါ် နိုင်ငံတကာ အသိုင်းအဝန်းက တုန့်ပြန်မှုတွေလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာနေရာမှာ၊ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဒေသတွင်း တည်ငြိမ်မှုတွေကို ထိခိုက်မှာကို စိုးရိမ်ကြောင်း ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။

အီရတ်အစိုးရကလည်း အမေရိကန်ရဲ့ အသိအမှတ်ပြုမှုဟာ မတရားတဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့သလို၊ ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းဖို့လည်း ဝန်ကြီးချုပ် Haider al-Abadi က ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG