[Zawgyi/Unicode]
စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့မှာ မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးကြရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပါမယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း နယ်မြေခံတပ်ဧရိယာထဲ မျှစ်သွားရှာရာက မိုင်းပေါက်ကွဲမှုနဲ့ ကြုံခဲ့ရပြီး ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတာပါ။ ဒီနေ့ မနက်ပိုင်းမှာပဲ ပလက်ဝမြို့တဘက်ကမ်း တပ်ဧရိယာထဲ မျှစ်သွားရှိတဲ့ ဒေသခံတချို့ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံး ဒဏ်ရာရမှုတွေ ရှိနေတယ်လို့ မြို့ခံဆလိုင်းအောင်လင်းကပြောပါတယ်။
“စားဝတ်နေရေးခက်ခဲလို့ သူတို့က မြို့အနားကပေါ့နော် ... မြစ်တဘက်ကမ်းပေါ့။ ဒလက်ချောင်းအဝင်ဝမှာဖြစ်တာ။ မျှစ် သွားရှာတာပေါ့အကိုရယ်။ ခလရ (၂၈၉) တပ်ရင်းထဲကို ဝင်တဲ့အချိန်မှာ ထပေါက်တဲ့အချိန်မှာ တယောက်ကတော့ ဒေါ်မေနုသိန်း ကလေး ၂ ယောက်အမေ အသက် ၄၀ ပေါ့။ ဆုံးသွားတယ်သူက။ ခြေထောက်နှစ်ဘက်လုံး ပြတ်ထွက် သွားတယ်။ နောက်နှစ်ယောက်က တယောက်ကတော့ နှလုံးရောဂါဖြစ်လို့ သူက သတိလစ်သွားတယ်။ အဲဒီနေရာက အခုဆေးရုံမှာ။”
ပေါက်ကွဲမှုအတွင်း အမျိုးသမီးတဦးသေဆုံးပြီး တခြားအမျိုးသမီးတဦးလည်း ရောဂါအခံနဲ့ ကြောက်လန့်ပြီး ဆေးရုံမှာ ဆေးကုသနေရပါတယ်။
ပလက်ဝမြို့ ကုလားတန်မြစ်တဘက်ကမ်းမှာခြားတဲ့ တပ်မတော်တားမြစ်ဧရိယာအတွင်း မျှစ်သွားရှာရင်း ဗုံးပေါက်တာလို့ ပလက်ဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက အခုလိုအတည်ပြုပြောပါတယ်။
“အမျိုးသမီးတယောက် အသက် ၄၀ အရွယ် ဆုံးသွားတယ်။ သူတို့က ၂၈၉ နယ်မြေထဲမှာမျှစ်သွားရှာတာ။ တားမြစ် နယ်မြေဆိုတော့ ဘယ်သူမှ မရှာတော့ မျှစ်ပေါတာကိုး။ သူတို့က မိုင်းထောင်တယ်၊ မထောင်ဘူး မသိတဲ့အခါကျတော့ သွားရှာတာ။ မိုင်းနင်းမိတာ။ ”
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား စစ်ရေးပဋိပက္ခဖြစ်ပွါးနေသလို လုံခြုံရေးအရ တင်းကြပ်ထားတဲ့ဒေသလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာ ၁၅၊ ၁၆ ရက်တွေမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ပလက်ဝမြို့နယ်အတွင်း နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ AA ပြောခွင့်ရခိုင်သုခက ပြောပါတယ်။
ဒီလိုနယ်မြေမတည်ငြိမ်မှု စစ်ရေးတင်းမာနေမှုကြောင့် လုံခြုံရေးအရ နှစ်ဘက်တပ်ဘက်တွေ ဗုံးတွေထောင်ထားကြ သလို ၂၀၂၀ ခုနှစ်မှာ ပလက်ဝမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့တယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ညှိနှှိုင်းရေးမှူးဆလိုင်းစောမြကပြောပါတယ်။
“ဒီ ၂၀၂၀ အတွင်းမှာနော် ထိခိုက်ဒဏ်ရာရတာရော၊ သေဆုံးတာတွေရော ခန့်မှန်းခြေက ၁၀ ယောက်ကျော်မယ်နော်။ ဗုံး ဒီမိုင်းနင်းမိလို့ ဗုံးကွဲတာတွေ။”
ဒါ့အပြင် နှစ်ဘက်စစ်ရေးတင်းမာမှုအတွင်း ပြီးခဲ့တဲ့မတ်လထဲမှာ လေကြောင်းပစ်ခတ်မှု လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ပလက်ဝမြို့နယ်အတွင်း အရပ်သား ၂၉ ဦးသေဆုံးမှု ရှိခဲ့သလို ရခိုင်လက်နက်ကိုင် AA နှင့်တပ်မတော်တို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ချင်းလူငယ်ကွန်ရက်အဖွဲ့ကနေ ကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။
[Unicode Version]