သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တပ်သားသစ်တသောင်း စစ်သင်တန်းဆင်း


ပအိုဝ်းအမျိုးသားတပ်မတော် PNO/PNA စစ်သင်တန်းဆင်းပွဲ (ဩဂုတ် ၂၁၊ ၂၀၂၄)
ပအိုဝ်းအမျိုးသားတပ်မတော် PNO/PNA စစ်သင်တန်းဆင်းပွဲ (ဩဂုတ် ၂၁၊ ၂၀၂၄)

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နောင်တရားမြို့မှာ စစ်အင်အား တစ်သောင်းလောက် အမှတ်စဉ်(၁) အခြေခံစစ်သင်တန်းပေးပြီး သြဂုတ် ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့က သင်တန်းဆင်းပွဲကျင်းပခဲ့တယ်လို့ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) က ထုတ်ပြန်ထားပါတယ်။ PNO/PNA လှုပ်ရှားနယ်မြေ ပအိုဝ်းဒေသတွေမှာ တိုးချဲသွားဖို့ရှိနေတာပါ။ ဆီဆိုင်မြို့နယ်မှာလည်း အရွယ်ရောက်သူတွေကို စစ်မှုထမ်းဖို့ ဖိအားပေး စစ်သင်တန်း တက်ခိုင်းတာရှိတယ်လို့ မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့ထားတဲ့သတင်းကို တင်ပြပေးပါမယ်။

ဒေသခံပြည်သူတွေအတွက် မိမိတို့ရဲ့ ဒေသကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေ လုပ်ဆောင်နိုင်ရန်ဆိုတဲ့ ခေါင်းစဉ်နဲ့ PNA/PNO ပြည်သူ့စစ်အဖွဲ့တွေက ပအိုးဝ်ဒေသတွေမှာ စစ်သင်တန်းပေးနေတာပါ။

သြဂုတ် ၂၁ ရက် မနေ့က ပအိုဝ်းအမျိုးသားတပ်မတော် (PNA) က ဦးဆောင်ပြီး နောင်တရားမြို့ ဒေသခံပြည်သူတွေရဲ့ မိမိဒေသ ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေအတွက် အခြေခံစစ်ပညာရပ် သင်ကြားလေ့လာပြီး သင်တန်းအောင်ပွဲ ကျင်းပခဲ့ကြောင်း PNA က ထုတ်ပြန်ထားပါတယ်။ အမှတ်စဉ်(၁) စစ်သင်တန်းဆင်းပွဲမှာ အင်အား တစ်သောင်းရှိတယ်လို့လည်း PNA ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်သင်တန်းဆင်းပြီးသူတွေကို တိုင်းပြည်နဲ့ ဒေသတွင်းအခြေအနေအရ လိုအပ်ရင် လိုအပ်သလို လက်နက်ခဲယမ်းတွေ တပ်ဆင်သွားဖို့ရှိတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အခြေခံ စစ်သင်တန်းကိုတော့ တောင်ကြီး၊ ကလော၊ ဟိုပုန်း၊ ဆီဆိုင် စတဲ့ PNO/PNA လှုပ်ရှားနယ်မြေအတွင်းမှာ တိုးချဲ့လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဆီဆိုင်မြို့နယ်မှာတော့ အသက်အရွယ်ရောက်တဲ့ အမျိုးသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေး အတင်းအဓမ္မ စစ်သင်တန်း တက်ခိုင်းနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်ပြလိုတဲ့ ဆီဆိုင်မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ပအိုဝ်းဒေသတော်တော်များများက သူတို့ စစ်မှုမထမ်းမနေရ ဆိုပြီးတော့ PNO က ခေါ်တာ၊ အသက်က ၁၈ နှစ်ကနေ ၄၀ အထိပေါ့လေ၊ သတ်မှတ်ထားတာပေါ့လေ။ အဲ့ဒါကို မဖြစ်မနေ စစ်သင်တန်းတက်ရမယ်၊ စစ်မှုထမ်းရတာပေါ့လေ။ တစ်သုပ်၊ တစ်သုပ်ဆို ဘယ်လောက်ခေါ်တယ် အဲ့မျိုးရှိတယ်ပေ့ါလေ။ သူတို့ကတော့ မဖြစ်မနေလုပ်ရမယ့်ဟာတွေရှိတယ်ပေါ့။ အဲ့ဒါကျတော့ သင်တန်းလည်း အကြာကြီးမဟုတ်ပါဘူး၊ ၅ရက်သင်တန်းပါ။ အဲ့ဒါတွေက အဲ့ ၅ရက် စစ်သင်တန်းနဲ့ လူထုတွေ မဖြစ်မနေသင်တန်းတက်ခိုင်းပြီးတော့ ရှေ့တန်းပို့ သေတာ မနည်းဘူး အဲ့ဒါတွေကလေ၊ အဲ့ဒါတွေက အတင်းဖိအားပေး အတင်းအဓမ္မခေါ်တဲ့ဟာတွေပေါ့။”

ရက်ပိုင်းလောက်သာ အခြေခံစစ်သင်တန်းပေးပြီး ရပ်ရွာလုံခြုံရေး ယူရတာရှိသလို တချို့က အလှည့်ကျ ရှေ့တန်းတာဝန် ထမ်းဆောင်ခိုင်းတာမျိုး ရှိတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဖို့ အသက်ပြည့်ပြီး ပြည်ပရောက်နေသူနဲ့ စစ်မှုမထမ်းဆောင်နိုင်တဲ့ သူတွေဟာ တစ်ဦးကို ငွေကျပ် ၁၂ သိန်း ထက်မနည်း ပေးဆောင်ရတယ်လို့ ဆီဆိုင်မြို့ခံက ဆက်ပြောပါတယ်။

“ကျနော်တို့ဘက်က ဒီတိုင်းပဲလေ ပအိုဝ်းတဒေသလုံး ဘယ်သူမှ မသွားချင်ဘူးလေ အများကြီးပဲ။ ကျနော်တို့ ဆီဆိုင်ဘက်မှာလည်း ဖြစ်တယ်။ ပင်လောင်းဘက်မှာလည်း ဖြစ်တယ်၊ မေးကြည့်လိုက် ဘယ်သူမှ မသွားချင်ဘူး။ မသွားရင်လည်း အတင်းအဓမ္မကို မသွားရင်၊ ဥပမာ နိုင်ငံခြား ထွက်သွားတဲ့လူတောင်မှ ၁၂သိန်းတို့၊ ၁၅ သိန်းတို့၊ နောက်ပြီးတော့ တစ်နှစ် တစ်နှစ်ကို အဲ့လိုမျိုး အခွန်ပြန်ဆောင်ရတယ်၊ သူတို့ သင်တန်းမတက်နိုင်တဲ့လူပေါ့။ ဒီမှာ စစ်မှုထမ်းမလုပ်နိုင်တဲ့လူတွေ အဲ့လိုပြန်ပေးရတာ။ အဲ့လိုလုပ်ခိုင်းတဲ့ဟာက အတင်းအဓမ္မပါ၊ ဆန္ဒနဲ့ မဟုတ်ပါဘူး။”

အခုလို စစ်သင်တန်းပေးတာဟာ ရပ်ရွာပြည်သူတွေရဲ့ သဘောထားအတိုင်းသာ သင်တန်းပေးတာဖြစ်ပြီး ဖိအားပေး အတင်းအဓမ္မ တက်ရောက်ခိုင်းတာမျိုးလည်း မရှိသလို ရှေ့တန်းပို့တာမျိုးလည်း မရှိဘူးလို့ PNO ပြောခွင့်ရက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG