ပြင်သစ်နိုင်ငံ ပါရီမြို့ Seine မြစ်ပေါ်မှာ ဒီနေ့ နွေရာသီ အိုလံပစ်ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွေ စတင် ကျင်းပပြီး အမေရိကန် သမ္မတကတော် Jill Biden နဲ့အတူ နိုင်ငံတကာ ခေါင်းဆောင်တွေ နိုင်ငံကိုယ်စားပြု အားကစားသမားတွေ ပါဝင်တက်ရောက်ပါတယ်။ အားကစားသမား ၁၁၀၀၀ လောက်ပါဝင်ယှဉ်ပြိုင်မယ့်အထဲမှာ အမျိုးသား အမျိုးသမီး တန်းတူပါဝင်ခွင့်ကို ဒီနှစ် ပါရီမှာ ကျင်းပတဲ့ အိုလံပစ်ပွဲတော်က အဓိက ဦးစားပေးထားပါတယ်။
ဆုတံဆိပ် ၃၂၉ ခု ချီးမြှင့်မယ့်ပြိုင်ပွဲတွေထဲမှာ အမျိုးသားတွေအတွက် ပြိုင်ပွဲ ၁၅၇ ပွဲနဲ့ အမျိုးသမီးတွေအတွက် ပြိုင်ပွဲ ၁၅၂ ပွဲပါဝင်ပြီး ကျားမ အတူပါဝင်ယှဉ်ပြိုင်နိုင်တဲ့ ပြိုင်ပွဲ ၂၀ ထည့်သွင်းထားပါတယ်။ နိုင်ငံတကာက အမျိုးသမီး အားကစားသမား ၅၀၀၀ လောက်လည်း အိုလံပစ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၂၄ နှစ် ၁၉၀၀ ခုနှစ်က ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ အားကစားပြိုင်ပွဲတွေမှာ အမျိုးသမီး ၂၂ ယောက်သာ ပါဝင်ခွင့် ရခဲ့ပါတယ်။ အမျိုးသမီးတွေ ယှဉ်ပြိုင်တဲ့ အားကစားပွဲတွေဟာ စိတ်ဝင်စားဖို့ မကောင်းသလို အကျဉ်းတန်ပြီး၊ လက်တွေ့မကျဘူးဆိုပြီးနိုင်ငံတကာ အိုလံပစ်ကော်မတီကို တည်ထောင်သူ ဥက္ကဋ္ဌဟောင်း Pierre de Coubertin ကိုယ်တိုင် ပြောခဲ့ဖူးပါတယ်။
နှစ်ပေါင်း ၁၂၀ ကျော်ခရီးမှာ အမျိုးသားအမျိုးသမီး အားကစားပွဲတွေအတွင်း တန်းတူ ပါဝင်ခွင့်ကို အလေးထား ကြိုးပမ်းခဲ့ကြပြီး ဒီနှစ် အိုလံပစ်မှာ မဆိုစလောက် အရေအတွက်ပဲ ကွဲလွဲတော့တာ တွေ့ရပါတယ်။ ပါရီ အိုလံပစ်ပွဲတော်ဟာ ကမ္ဘာတဝှမ်း အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုကို ဖော်ထုတ် ဆန့်ကျင်တဲ့ MeToo လှုပ်ရှားမှု အလွန် နှစ်ပိုင်းအတွင်း ကျင်းပတဲ့ ပွဲတော်အဖြစ်လည်း သတင်းတွေမှာ ရေးသားဖေါ်ပြကြပါတယ်။
Forum