သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီတံဆိပ်တွေ မဲဆန္ဒရှင်အချို့ ထင်ယောင်ထင်မှားရှိ


၂၀၁၅ မဲလက်မှတ် (Photo by Sithu VOA Burmese Service, June 08, 2015)
၂၀၁၅ မဲလက်မှတ် (Photo by Sithu VOA Burmese Service, June 08, 2015)

ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေ ကျင်းပဖို့ လပိုင်းလောက်ပဲ လိုတော့တဲ့အချိန်မှာပဲ နိုင်ငံရေးပါတီတွေရဲ့ ပါတီတံဆိပ်တွေအပေါ်မှာ မဲဆန္ဒရှင်ပြည်သူအချို့ ထင်ယောင်ထင်မှား ဖြစ်မှုတွေ ရှိနေပါတယ်။ ရွေးကောက်ပွဲမဲပေးမှုအတွက် နိုင်ငံရေးပါတီတွေ အသုံးပြုတဲ့ ပါတီတံဆိပ်တွေအပေါ် မဲဆန္ဒရှင်ပြည်သူတွေ ဘက်က ရှင်းရှင်းလင်းလင်း ရှိပါရဲ့လား၊ နန်းလောင်ဝ်က စုံစမ်း မေးမြန်းထားပါတယ်။

နိုင်ငံရေးပါတီမဲဆွယ်စည်းရုံးရေးကို မနေ့ စက်တင်ဘာလ ၈ ရက်နေ့က စတင်လိုက်ပါပြီ။ ပါတီကိုယ်စားလှယ်လောင်းတွေဟာ အောင်နိုင်ရေးရုံးခန်းတွေဖွင့်၊ ဆိုင်းဘုတ်ချိတ်၊ ရပ်ကွက်တွေထဲဆင်းပြီး စတစ်ကာကပ်တာတွေ လုပ်နေကြပါပြီ။ဒါပေမယ့်လည်း နိုင်ငံရေးပါတီ အတော်များများက ခွပ်ဒေါင်းကို ပါတီသင်္ကေတအဖြစ် အသုံးပြုနေကြတဲ့အတွက် မဲဆန္ဒရှင်ပြည်သူတွေကြား စိတ်ရှုပ်ထွေးစရာတွေလည်းဖြစ်လာနေတာပါ။ ၁၉၉၀ ခုနှစ်က အတိုက်အခံပါတီကြီးတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ ခမောက်တံဆိပ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့တာကြောင့် NLD ကို ခမောက်ပါတီဆိုပြီး လူတွေအကြားအလွယ်သဘော ပြောဆိုသုံးနှုံးတာတွေရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း NLD ကနေခွဲထွက်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF က ခမောက်တံဆိပ်ကို ပါတီသင်္ကေတအဖြစ် အသုံးပြုလိုက်တာကြောင့် ဝေဖန်မှုတွေလည်း ထွက်ခဲ့ပါတယ်။ ခမောက်ကို ပါတီသင်္ကေတအဖြစ် ရွေးချယ်အသုံးပြုတဲ့ အကြောင်းရင်းနဲ့ပတ်သက်လို့ပါတီဥက္ကဌ ဦးခင်မောင်ဆွေကခုလိုပြောပါတယ်။

“ခမောက်တံဆိပ် ကတော့ ၉၀ ခုနှစ်တုန်းက NLD က ရွေးကောက်ပွဲသင်္ကေတ အနေနဲ့ အသုံးပြုခဲ့တာကို ဒါပေမဲ့ NLD ရဲ့ မူလ Logo နဲ့ Emblem က ခမောက်မဟုတ်ဘူး။ ခွပ်ဒေါင်းနဲ့ ကြယ်ပဲလေ။ အခုလည်း ခွပ်ဒေါင်းနဲ့ ကြယ်။ ကျနော်တို့ ပါတီရဲ့ ပြန့်ကျယ်မှုက မြန်မာပြည်အတွင်းမှာရှိတဲ့ သတင်းစာ ဂျာနယ်တွေက ကျနော်တို့က သိပ် ပေါ်ပြူလာမဖြစ်ဘူးလေ။ ပေါ်ပြူလာ ဖြစ်တဲ့ပါတီကိုပဲ သူတို့ က ထပ်ခါထပ်ခါ လုပ်နေတဲ့အခါကျတော့ ခမောက်ရှင်းတမ်းတွေ ထုတ်သော်လည်း ခမောက်ဟာ ကျနော်တို့ပါတီ အပိုင်ဖြစ်တယ်လို့ ပြောသော်လည်းပြောလို့မရအောင် လက်ကျန်က ရှိနေတယ်လေ၊ အတွေးအခေါ် အမြင်မှားတာတွေက။”

မန္တလေးဘက်မှာ ပါတီမယ်ဆွယ်စည်းရုံးရေးတွေကို အလှပြယာဉ်တွေနဲ့ အကျယ်တဝင့် လုပ်နေပေမဲ့လည်း ရန်ကုန်ဘက်မှာတော့ မဲဆွယ်စည်းရုံးမှုတွေကို ကျုယ်ကျယ်ပြန့်ပြန့် လုပ်လာတာမတွေ့ရသေးသလို ပါတီတံဆိပ်တွေဟာ ဆင်တူယိုးမှားဖြစ်နေပေမယ့် သူ့အနေနဲ့ကတော့ ပါတီနာမည်ကိုသာ အဓိကထားတယ်လို့ ရန်ကုန်မြို့ခံ ကိုနေမျိုးအောင်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော့်အနေနဲ့ဆိုလို့ရှိရင်တော့ ပါတီနာမည်တွေက ပိုလွယ်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ပါတီ logo တွေက ပိုပြီးတော့ ရှုပ်ထွေးတယ်။ ရှုပ်ထွေးတယ်ဆိုတာကလေ တော်တော်များများက ကျနော်သိသလောက်ဆိုရင် ပါတီ logo တော်တော်များများမှာ ဒေါင်းအရုပ်တွေ ပါနေတာတွေ့ရတယ်။ နောက် တခုက နယ်မှာရှိတဲ့တိုင်းရင်းသားတွေသုံးတဲ့ logo တွေကဆိုရင် တိုင်းရင်းသားတွေပဲ နားလည်ပြီးတော့ ကျန်တဲ့လူတွေအတွက်ကျတော့ နဲနဲလေး ပိုပြီးတော့ ဘာကိုဆိုလိုမှန်း မသိတဲ့ဟာတွေ ဖြစ်တယ်ပေါ့နော်။ အဲခါကျတော့ ဒီနိုင်ငံရေးပါတီတွေရဲ့ နာမည်ကသာလျှင် ပိုပြီးတော့ မဲပေးတဲ့ လူတွေအတွက် ပိုအဆင်ပြေမယ်လို့ ထင်တယ်။”

တချိန်ထဲမှာပဲ တိုင်းရင်းသားဒေသပါတီတွေ အနေနဲ့ကတော့ သူ့ပါတီနဲ့ တံဆိပ်တွေဟာ ထင်ယောင်ထင်မှား ဖြစ်စရာမရှိပေမဲ့လည်း ပါတီကြီး နှစ်ခုဖြစ်တဲ့ ကျားဖြူနဲ့ ကျားခေါင်းပါတီရယ်လို့ ရှမ်းပြည်သူတွေကြား လူသိများတဲ့ ပါတီကြီးနှစ်ခုကလည်း မဲဆန္ဒရှင်ပြည်သူတွေအကြား ကွဲကွဲပြားပြားနားလည်မှု မရှိကြတဲ့အပေါ် ကျားဖြူပါတီက ဗဟိုကော်မီတီဝင်လည်းဖြစ်တဲ့ ဦးစောသန်းမြင့်က အခုလိုပြောပါတယ်။

“အထူးသဖြင့် ရှမ်းအရှေ့ဘက်က ပိုပြီးတော့ ရှုပ်ထွေးတယ်ပေါ့နော်။ စပြီးတော့ ဝင်တုန်းက အဲဒီတော့ တချို့က ကျနော်ထင်တယ် ရှမ်းတောင်ဘက်မှာ တချို့အစွန်အဖျားရွာတွေမှာ စည်းရုံးရေးမရောက်နိုင်သေးတဲ့ ရွာအချို့ကျန်မယ်။ အဲဒီကလွဲရင်တော့ အားလုံး ပြတ်ပြတ်သားသား ဖြစ်ပါတယ်။”

တိုင်းရင်းသားပါတီတွေရဲ့ ပါတီသင်္ကေတတွေနဲ့ ပတ်သက်လို့ ရှုပ်ထွေးမှု သိပ်မရှိပေမဲ့လည်း နိုင်ငံရေးပါတီတွေရဲ့ ခပ်ဆင်ဆင်တူတဲ့ တံဆိပ်တွေကြောင့် မဲဆန္ဒရှင်ပြည်သူတွေအဖို့ ပါတီနာမည်ကိုမသိဘဲ တံဆိပ်ကိုကြည့်ပြီး ယူဆ မှုရှိနေကြတဲ့အပေါ် လူမှုရေးလုပ်ငန်းတွေ လုပ်နေတဲ့ ကိုသီဟက အခုလို ပြောပါတယ်။

“ရှင်းရှင်းလင်းလင်းမသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကိုယ်တိုင်လေ့လာဖို့ အားနည်းတာလည်းဖြစ်နိုင်တယ်။ ဒါမှ မဟုတ်လို့ရှင်ရင် ရှင်းလင်းအောင်လို့ သူတို့ဘက်ကနေပြီးတော့ ဒီလိုပေါ့နော် မီဒီယာတွေ အသုံးပြုတာပဲဖြစ်ဖြစ် တခုခုနဲ့ဖြစ်ဖြစ် ပျံ့အောင်လုပ်တာတွေကလည်း လိုအပ်တယ်လို့ ထင်တယ်။ တံဆိပ်ကို မြင်လိုက်တဲ့အတွက် ဒီတံဆိပ်ဆိုတော့ ဘယ်ပါတီဆိုတာ ကျနော်တို့ ကျိန်းသေပေါက်သိတယ်။ တသီးပုဂ္ဂလဆိုရင် တော်တော်လေးဝေးသွားပြီ။ သိမ်းနေတာဆိုရင် ကျနော့်စိတ်ထဲမှာဆိုရင် ဘယ်ကဘယ်လို ဘာ ကွဲပြားနေတာမို့လို့ ကိုယ်သိတာကိုပဲ ကိုယ့်အနေနဲ့ ဆုံးဖြတ်မှာ။”

NLD ပါတီကတော့ ရင်ထိုးတွေ၊ ပိုစတာတွေ၊ အင်္ကျီတွေမှာ တံဆိပ်ရိုက်ပြီး ရန်ပုံငွေရှာပါတယ်။ ဒါပေမဲ့လည်း NLD ရဲ့ ခွပ်ဒေါင်းတံဆိပ်ကို ကျော်လွန်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံက ပိုပြီး ရေပန်းစားနေတာပါ။ နိုင်ငံရေးကို စိတ်ဝင်တစားနဲ့ သတင်းစာ၊ ဂျာနယ်တွေကို ဝယ်ဖတ်တဲ့ ပြည်သူတွေကြား ပါတီရွေးချယ်မဲပေးဖို့ အခက်မခဲ မရှိပေမဲ့လည်း၊ ဝမ်းစားရေးအတွက် ရုန်းကန်နေရတဲ့ ဆင်းရဲသား မဲဆန္ဒရှင်ပြည်သူတွေကို ဘယ်လိုပညာပေးစည်းရုံးမလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါသေး တယ်ရှင်။

XS
SM
MD
LG