သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးတိုက်ဖျက်ရေး အခက်အခဲတွေကြား Pat Jasan ဆက်လက်လုပ်ဆောင်မည်


ကချင်ပြည်နယ် ဘိန်းခင်းဖျက်ဆီးရေး လူထုအင်အားထောင်ချီပါဝင်တဲ့ Pat Jasan အဖွဲ့။ သတင်းဓာတ်ပုံ- Ying Kyang။
ကချင်ပြည်နယ် ဘိန်းခင်းဖျက်ဆီးရေး လူထုအင်အားထောင်ချီပါဝင်တဲ့ Pat Jasan အဖွဲ့။ သတင်းဓာတ်ပုံ- Ying Kyang။

ကချင်ပြည်နယ်တွင်း လူထု ဦးဆောင်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ တပ်မတော်နဲ့ ရဲတွေဘက်က လုံခြုံရေးအပြည့်အဝ ပေးနိုင်ဖို့ ကချင်ပြည်နယ် အစိုးရကနေ ပြည်ထောင်စုအစိုးရကို တောင်းဆိုလိုက်ပါတယ်။ လုံခြုံရေးစိုးရိမ်ရလို့ Pat Jasan အဖွဲ့ နောက်ဆုတ်လိုက်ရပေမဲ့ မူးယစ် တိုက်ဖျက်ရေး လုပ်ငန်းတွေကို လူထုက ဆက်လက် လုပ်ဆောင်နေ မှာဖြစ်တယ်လို့ လူထုအင်အားထောင်ချီပါဝင်တဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ Pat Jasan ပြောပါတယ်။ ဘိန်းခင်းဖျက် Pat Jasan အဖွဲ့နဲ့ ဘိန်းစိုက်သူတွေကြား အကြမ်းဖက် တိုက်ခိုက်မှု အတွင်း ဖမ်းဆီးရမိထားတဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေ အတွက် ဥပဒေကြောင်း အရ တရားစီရင်မှုတွေ လုပ်ဆောင်ကြမှာလည်းဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က စုံစမ်းတင်ပြပေးထားပါတယ်။

မူးယစ်ဆေးဝါးအန္တရာယ် အထူးစိုးရိမ်စရာအနေအထားဖြစ်နေတဲ့ ကချင်ပြည်နယ် တွင်း ဘိန်းခင်းအများဆုံး စိုက်ပျိုးရာဒေသတွေ ဖြစ်တဲ့ ကဒုံးနဲ့ ကန်ပိုက်တီ ဘိန်းစိုက်ခင်းတွေဆီ ဘိန်းခင်းဖျက်ဖို့သွားတဲ့ လူထု အင်အားထောင်ချီပါဝင်တဲ့ Pat Jasan လူထု အခြေပြု မူးယစ် ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ဘိန်းခင်းဖျက် လုပ်ငန်းတွေ ခေတ္တရပ်နားပြီး အသုတ်လိုက် ပြန် လာနေကြပြီဖြစ်ပါတယ်။ တပ်မတော်နဲ့ ရဲတွေဘက်က လုံခြုံရေး တာဝန်မယူနိုင်တော့တဲ့ အနေအထားဖြစ်တဲ့ အတွက် အသက်အန္တရာယ် စိုးရိမ်ရလို့ ပြန်လာခဲ့ကြတာဖြစ်ပါတယ်။

ပြည်နယ်တွင်း မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ လုံခြုံရေးအပြည့်ပေးဖို့အရေး ကချင်ပြည်နယ် အစိုးရဘက်က နိုင်ငံတော်အစိုးရကို တင်ပြထားတယ်လို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

“အခုလောလောဆယ်ကတော့ ကချင်ပြည်နယ်အစိုးရအဖွဲ့ကနေပြီးမှ လုံခြုံရေး မပေးနိုင်တဲ့ အတွက်ကြောင့်မို့လို့ ကချင်ပြည်နယ် အစိုးရက နိုင်ငံတော်အစိုးရဆီ အထိကို တင်ပြမယ်။ တင်ပြပြီးတော့မှ တပ်မတော် လုံခြုံရေးအနေနဲ့ ပါဝင်နိုင်ဖို့အတွက် Pat Jasan အဖွဲ့က တောင်းဆိုထားတာ ရှိတယ်။ နိုင်ငံတော် အစိုးရဆီ တင်ပြထားတဲ့အပေါ်မှာ ဘယ်နေ့ဘယ်ရက် ကျလာမှာမှန်းလည်း မသိဘူးလေ။ အဲဒီအချိန်မှာ Pat Jasan အဖွဲ့တွေကလည်းပဲ လူပေါင်းနှစ်ထောင်ကျော် လမ်းမှာ စောင့်ဆိုင်းနေတဲ့ အချိန်မှာ သူတို့အတွက် အသက်အန္တရာယ် လုံခြုံရေးလည်း စိုးရိမ်စရာရှိတယ်။ ကျန်းမာရေးအရရော နောက်ဆုံး အဲဒီမှာပဲ နေတဲ့အချိန်မှာ မဖြစ်သင့်တဲ့ပြဿနာတွေ ဖြစ် လာမှာစိုးလို့ နိုင်ငံတော် အစိုးရကနေပြီးတော့မှ ဘယ်လို ညွှန်ကြားလာမလဲ ဆိုတဲ့အပေါ်ကို စောင့်ဆိုင်းရင်းနဲ့ အခုလောလောဆယ် ခန တန်းဖြုတ်ထားတဲ့သဘောပါပဲ။”

ဘိန်းခင်းဖျုက်ဖို့သွားတဲ့ ကချင်ပြည်နယ်တွင်း မြို့နယ်အသီးသီးက လူထု အင်အားထောင်ချီ ပါဝင်တဲ့ PJS အဖွဲ့ဝင်တွေနဲ့ ကချင်ပြည်နယ် ကန်ပိုက်တီဒေသက ဝေမိုး ရွာသားတွေအကြား မိုင်းခွဲမှုတွေ၊ သေနတ် ပစ်ခတ်မှုတွေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီးလည်း ဖမ်းဆီးရမိထားတဲ့သူတွေကို ဥပဒေကြောင်းနဲ့အညီ အရေးယူ စစ်ဆေးဖို့နဲ့ မြစ်ကြီးနားဆေးရုံမှာ လက်ရှိဆေးကုသနေဆဲ ထိခိုက် ဒဏ်ရာရသူတွေအတွက် နစ်နာရမှုတွေ အတွက်လည်း လိုအပ် တာတွေ ဆောင်ရွက်နေ တယ်လို့ PJS အဖွဲ့ရဲ့ အထွေထွေ အတွင်း ရေးမှူး ခွန်ဂျော်လီက ပြောပါတယ်။

“ကျနော်တို့ဘက်က ကျတော့ အယောက် ၃၀ ပေါ့၊ တချို့ ပြင်းထန်တဲ့ ဒဏ်ရာရတဲ့လူတွေလည်း ဆေးရုံမဆင်းရသေးဘူး။ ဌာနေတော့ မပြန်ခိုင်းသေးဘူး။ ဘာလို့လဲဆိုတော့ ဒီလူနာတွေကတော့ သူတို့ရဲ့ သက်သေဖြစ်တယ်။ ကျနော်တို့က ဆက်လက်ပြီးတော့ တရားရုံးတွေနဲ့ ဆက်သွယ်ရအုံးမယ်။”

အခုဖြစ်ပျက်ခဲ့တာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရဘက်က စုံစမ်း စစ်ဆေးရေးကော်မတီ ဖွဲ့ စစ်ဆေးဆောင်ရွက်မှာဖြစ်တယ် လို့လည်း ပြောပါတယ်။ အခုလိုအကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ လုံခြုံရေး အားနည်းခဲ့တဲ့အပေါ် ကချင်ပြည်သူလူထုဘက်ကလည်း ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ကချင်ပြည်နယ်အစိုးရကို ဆန္ဒပြခဲ့ကြပါသေးတယ်။

အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်လာတဲ့ အတွက် ဒေသတွင်း မတည်ငြိမ်ဖြစ်လာမှာကို နယ်လုံဝန်ကြီးဘက်က လုံခြုံရေး စိုးရိမ်မှုတွေ ရှိတဲ့အတွက် လွှတ်တော်ဘက်က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ခဲ့ပြီး ဘိန်းဖျက်လုပ်ငန်းတွေ ခေတ္တရပ်ခဲ့တယ်လို့ ကချင်ပြည်နယ် ဖားကန့်က NLD ပါတီက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေးကို ဂယက်ရိုက်သွားပြီးတော့ ဆန္ဒပြတဲ့ အထိ ဖြစ်လာတဲ့အချိန်ကျတော့ နယ်လုံကနေပြီး ခေါ်ယူ သတိပေးတယ်။ အကယ်၍ ဆန္ဒပြတာကို မရပ်ဘူးဆိုရင် အထက်ကို ကာလုံကိုအကြောင်းကြားပြီးတော့မှ ၁၄၄ ထုတ်မယ်ဆိုပြီးတော့မှ ခြိမ်းခြောက်တာနဲ့ ကျနော်တို့ ကချင်ပြည်နယ် က မြစ်ကြီးနားက လူတွေကလည်း သူတို့ကြောင့် နိုင်ငံရေး အခင်းအကျင်းမှာ အနှောင့်အယှက်မဖြစ်အောင်လို့ လျှော့ပေးလိုက်ပါတယ်။”

ကချင်ပြည်နယ်တွင်း မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းတွေကို ကချင်ပြည်သူ လူထုဘက်က ရှေ့ဆက်တောက်လျောက် အသွင်သဏ္ဍာန်မျိုးစုံ ဆောင်ရွက် သွားမှာဖြစ်သလို ဒီလိုဆောင်ရွက်ကြမယ့် ကချင်လူထုတွေအတွက် လုံခြုံရေး အကာအကွယ်ပေးဖို့ကိုလည်း ကချင်ဘာသာရေး အသင်းတော်အဖွဲ့တွေနဲ့ ကချင်လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းတွေဘက်က လိုလားနေကြတဲ့အတွက် ကချင်ပြည်နယ် အစိုးရနဲ့ လုံခြုံရေးအာဏာပိုင်တွေဘက်က ပူးပေါင်း ကူညီဆောင်ရွက် ဖို့ကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့ ဦးလမိုင်ဂွမ်ဂျာကပြောပါတယ်။

“အစိုးရအဖွဲ့တွေအနေနဲ့ လုံခြုံရေးပေးနိုင်တဲ့ အာဏာပိုင်တွေ အားလုံး ပါဝင်မှသာ မူးယစ်ဆေးဝါး အားလုံးကင်းစင်နိုင်မှာဖြစ်တယ်လို့ ကျနော်တို့က ထင်တယ်။ ဒါတော့ အားလုံး ပါဝင်သင့်တယ်လို့ ကျနော်တို့က အဲလိုပဲမြင်တယ်ဗျ။”

ကချင်ဒေသမှာ မူးယစ်ဆေးဝါးပြဿနာ နှစ်ချီကြာမြင့်လာပေမဲ့လို့ မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေဘက်က နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် တွေနဲ့ပေါင်းပြီး ကချင်လူထုတွေကြား မူးယစ်ဖြန့်ဖြူးစိုက်ပျိုးရောင်းချနေမှုတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာနေတာတွေကို နိုင်ငံတော် အစိုးရ၊ သက်ဆိုင်ရာပြည်နယ် အစိုးရ၊ စစ်တပ်နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေဘက်က ထိထိရောက်ရောက် နှိမ်နင်းဖြေရှင်းပေးနိုင်ခြင်း မရှိခဲ့တဲ့အတွက် အခုလို လူထုအင်အားကိုယူပြီး လူထု အခြေပြုအဖွဲ့အဖြစ် ပြည်သူ့အင်အားနဲ့ မူးယစ်ဖျက်ဆီးရေးလုပ်ငန်းတွေကို လုပ်ဆောင်လာကြရတာဖြစ်တယ်လို့လည်း PJS အဖွဲ့ကပြောပါတယ်။

XS
SM
MD
LG