သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ဟု ကာကွယ်ရေးအဖွဲ့တွေ ထုတ်ပြန်


ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Kloud drone အဖွဲ့
ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Kloud drone အဖွဲ့

စစ်ခေါင်းဆောင်တွေရုံးစိုက်တဲ့နေပြည်တော်က MICC 2 ခန်းမကို အဝေးထိန်း ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးတာတွေ ရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။ လုံခြုံရေးထူထပ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်တွေ ရုံးစိုက်ရာ နေပြည်တော်မှာရှိတဲ့ MICC 2 ခန်းမမှာ နိုဝင်ဘာ ၂၅ ရက်က အာဏာသိမ်းစစ်တပ်ရဲ့ ကြည်း ၊ ရေ ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးရဲ့ သားဖြစ်သူ မင်္ဂလာပွဲကျင်းပနေချိန် ရှားထူးဝေါ် နည်းပညာတပ်ဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းပြီး အဝေးထိန်း အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဘက်က အကြီးအကဲတွေ တက်ရောက်မယ်ဆိုတဲ့ သတင်းကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ NUG အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နေပြည်တော် စစ်တိုင်းဌာနရဲ့ တာဝန်ရှိသူ တဦးက ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပါတယ်။

"မင်္ဂလာဆောင်မယ်ဆိုတဲ့ သတင်းရတယ်။ အဲ့ဒီမှာ စစ်ခေါင်းဆောင်တွေ တက်လိမ့်မယ်ဆိုတဲ့ သတင်းရတဲ့အတွက် တိုက်ခိုက်တာ ဖြစ်ပါတယ်ပေါ့။ အဓိက တာဝေး ဒရုန်းတွေပေါ့နော် ၄ စီးနဲ့ တိုက်ခိုက်ခဲ့တယ်။ တိုက်ခိုက်ခဲ့တဲ့နေရာမှာ ထိခိုက်ပျက်စီးမှုလည်း ရှိပါတယ်။ အဆောက်အဦ တခုပြိုကျတယ်ပေါ့။ အဆောက်အဦ အကန့်တခု ပြိုကျတယ်ပေါ့။ အထိအခိုက်ကလည်း တော်တော်များတယ်လို့ သိရတယ်။ အနီးကပ် သတင်းရတဲ့အတွက် စီစဉ်မှုက ကျွန်တော်တို့ မြန်မြန်ဆန်ဆန် စီစဉ်ရတာပေါ့နော်။ မြန်မြန်ဆန်ဆန် စီစဉ်ပြီး တိုက်ရတာပေါ့။ မင်္ဂလာပွဲက ကျွန်တော်တို့ နောက်ဆုံးရတဲ့သတင်းအရ တော်တော်လေး ကမောက်ကမ နိုင်ခဲ့တာပေါ့။ တချို့လည်း လှည့်ပြန်သွားတယ်။ တချို့တွေလည်း ကားပေါ်မှာတင် ကြားလိုက်တဲ့အသံကြောင့် လှည့်ပြန်သွားတဲ့ ကားအစီးရေတွေလည်း ရှိတယ်ပြောတယ်။ နောက်ဝရုန်းသုန်းကား တော်တော်နိုင်တယ်ပြောတယ်။ ဒါကတော့ ပျက်လောက်ပါတယ်။ မင်္ဂလာပွဲပျက်တယ်လို့ ကျွန်တော်တို့ ယူဆတာပေါ့နော်။"

တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပေမယ့် စစ်ကောင်စီ အာဘော်တွေ ဖော်ပြနေတဲ့ လူမှုကွန်ရက်တွေမှာတော့ ညွှန်ကြားရေးမှူးချုပ် အိမ်ယာဝန်းထဲကို အဝေးထိန်း ဒရုန်း ပျက်ကျတဲ့ဖြစ်စဉ်ကို ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေသေဆုံးတာရှိသလို မင်္ဂလာပွဲလာရောက်သူတွေ ထိခိုက်တာရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပေမယ့် ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးပါဘူး။

အခုလို စစ်ခေါင်းဆောင်တွေတက်ရောက်မယ့် အခမ်းအနားကို တိုက်ခိုက်ရတာဟာ စစ်တပ်အနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သား ပစ်မှတ်တွေအပေါ် လေကြောင်းက တိုက်ခိုက်တာတွေကြောင့် တန်ပြန်တိုက်ခိုက်တာလို့ နေပြည်တော် စစ်တိုင်းဌာနရဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

"ပြည်သူတွေကိုပေါ့နော် လက်ရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်မဟုတ်ဘဲနဲ့ ပြည်သူလူထုကို ဗုံးကြဲတာ အမြဲတမ်း ဗုံးကြဲတိုက်ခိုက်နေတယ်။ နေ့စဉ်နဲ့အမျှ ညကောနေ့ကော မရှောင် ဗုံးကြဲတိုက်ခိုက်နေတဲ့ဟာတွေ သူတို့ကို ခံစားစေချင်တယ် ပြန်ပြီး ခံစားစေချင်တယ်။ ဘာလို့ဆို အပြစ်မဲ့တဲ့ ပြည်သူတွေ နေ့စဉ်သေကြေနေတဲ့ကိစ္စမှာ ဒီလို ကျွန်တော်တို့က ပြန်လုပ်နိုင်တယ်ဆိုတဲ့ဟာကို သတိပေးချင်တာပေါ့နော်။"

အခု ၂၀၂၄ ခုနှစ်ထဲ NUG အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နေပြည်တော် စစ်တိုင်းဌာနနဲ့ ရှားထူးဝေါ် ဒရုန်းအဖွဲ့တို့ ပူးပေါင်းပြီး စစ်တပ်ခေါင်းဆောင်တွေ အခြေစိုက်တဲ့ စစ်ရုံး ၊ နေပြည်တော် အေလာ လေဆိပ်အပြင် စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို အဝေးထိန်း ဒရုန်းတွေနဲ့ အကြိမ် ၂၀ ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေး တပ်တွေဘက်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG