သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်းခေါင်စာရင်းကောက်သူ (၉) ဦးကို လောင်းလုံး PDF ဖမ်းဆီး​​​​​​​


လောင်းလုံးမြို့ (photo: CJ)
လောင်းလုံးမြို့ (photo: CJ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ သန်းခေါင်စာရင်း ကောက်ယူနေတဲ့အထဲက ဆရာ၊ ဆရာမ ၉ ဦးကို လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဖြစ်တဲ့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူနေတာကို ဆန့်ကျင်တဲ့အနေနဲ့ အခုလို ဖမ်းဆီးထားတာလို့ လောင်းလုံးပကဖ က ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ထားဝယ်မြို့ပေါ်မှာ အခုသန်းခေါင်စာရင်း ကောက်ယူနေတဲ့အထဲက ၉ ဦးကို အောက်တိုဘာလ ၆ ရက်၊ တနင်္ဂနွေနေ့တုန်းက နေအိမ်နဲ့ လမ်းတွေမှာ ဖမ်းဆီးခေါ်ဆောင်ခဲ့တာလို့ လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

"နေအိမ်မှာခေါ်တာ ရှိတယ်ဗျ။ ပြီးရင် သန်းခေါင်စာရင်းကောက်ဖို့သွားတဲ့လမ်းမှာ ဖမ်းထားတာလည်း ရှိတယ်ပေါ့နော်။ အဓိကတော့ ထားဝယ်မှာ သန်းခေါင်စာရင်း ကောက်နေတဲ့အထဲမှာ သူတို့အင်အားဖြည့်ပြီးတော့ သွားကောက်ပေးတယ်။ စုစုပေါင်းကတော့ ၉ ဦးပါ။ ချုပ်နှောင်ထားတာမျိုး မရှိဘူးဗျ။ သူတို့ကို လွတ်လွတ်လပ်လပ်ပဲ တနေရာမှာ ထိန်းသိမ်းစောင့်ရှောက် ထားတယ်ခင်ဗျ။"

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ သန်းခေါင်စာရင်းကောက်ခံတဲ့ အဖွဲ့ထဲမှာပါဝင်သူ လောင်းလုံးမြို့နယ်၊ ရေဖြူကျေးရွာအုပ်စုက အောက်ရေဖြူကျေးရွာမှာ နေထိုင်ကြတဲ့ အခြေခံပညာက ဆရာ၊ ဆရာမတွေအပါအဝင် အုပ်ချုပ်ရေးမှူးရုံး စာရေးမဖြစ်သူ စုစုပေါင်း ၇ ဦးကို နေအိမ်တွေမှာရှိချိန် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဖော်ပြထားပါတယ်။ လောင်းလုံးပကဖကတော့ ဖမ်းဆီးထားသူတွေကို စစ်ဆေးပြီးရင် လောင်းလုံးပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဆီ လွှဲပြောင်းသွားမယ်လို့ ပြောပါတယ်။

"စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ အကုန်လုံးကို ကျနော်တို့က လက်မခံဘူးပေါ့နော်။ ဆန့်ကျင်တိုက်ဖျက်သွားဖို့ အစီအစဉ်ရှိတယ်ပေါ့။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ပါဝင် ပတ်သက်တဲ့ဟာကို ရပ်တန့်သွားအောင် အခုလိုလုပ်တာဖြစ်တယ်။ အဲဒီအတွက်ကြောင့် ဒီဖမ်းဆီးထိန်းသိမ်းထားတဲ့ သူတွေကို စစ်ဆေးမေးမြန်းစရာရှိတာ မေးမြန်းပြီးရင် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံကို အပ်နှံမယ်ပေါ့နော်။ အဲဒီကနေမှ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် လုပ်ဆောင် သွားမယ်။"

အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကောက်ခံသွားမယ့် စစ်ကောင်စီရဲ့ သန်းခေါင် စာရင်းလုပ်ငန်းစဉ်မှာ ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့နည်းလမ်းနဲ့ ဆန့်ကျင်ဖို့အပြင် အဲဒီလုပ်ငန်းစဉ်မှာ မပါဝင်ကြဖို့ကိုလည်း အာဏာရေးဆန့်ကျင်သူတွေက အစောပိုင်းမှာ တိုက်တွန်းခဲ့ကြပါတယ်။ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း လုံးဝကောက်ခံမှု မရှိစေဖို့အတွက် ဆက်ပြီးဆန့်ကျင်သွားမယ်လို့ လောင်းလုံးပကဖ က ပြောပါတယ်။

"Non-CDM မို့လို့ ဖမ်းဆီးအရေးယူတာ မဟုတ်ဘူး။ သူတို့ဟာသူတို့ Non-CDM အဖြစ်နဲ့နေတာကို မပြောဘူးပေါ့နော်။ အခုလက်ရှိက ရွေးကောက်ပွဲလုပ်ငန်းစဉ်ဖြစ်တဲ့ သန်းခေါင်စာရင်းကောက်ယူမှု အပိုင်းမှာ ပါဝင်ပတ်သက်လာတဲ့အတွက်ကြောင့်မို့လို့ ဒီလိုဖမ်းဆီးတာဖြစ်တယ်။ တခြားသော ဆရာ၊ ဆရာမတွေလည်း အများကြီးရှိသေးတယ်။ အဲတော့ ဒီလုပ်ငန်းစဉ်ထဲမှာမပါဝင်ဖို့ ပြောချင်တယ်ခင်ဗျ။ ကျနော်တို့ ဆက်လက်ပြီးတော့ ဆန့်ကျင်တိုက်ဖျက်သွားဖို့ ရှိသေးတယ်ပေါ့နော်။ အစီအစဉ်တွေလည်း ဆက်လုပ်သွားဦးမယ်။ အဓိကတော့ကျနော်တို့ မြို့နယ်ထဲမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်လုပ်လို့ မရအောင် လုပ်ဆောင်သွားဖို့ ရှိတယ်ပေါ့။"

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်က ထားဝယ်၊ သရက်ချောင်းနဲ့ ရေဖြူမြို့နယ်တွေမှာ စစ်ကောင်စီ လက်လှမ်းမီတဲ့ မြို့ပေါ်နေရာတွေသာ သန်းခေါင်စာရင်းကောက်ယူနေပေမယ့် လောင်းလုံးမြို့နယ်မှာတော့ ဒီကနေ့အချိန်ထိ ကောက်ခံတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ သန်းခေါင်စာရင်း ကောက်ခံဖို့အတွက် လောင်းလုံးကနေ အားဖြည့်ပေးနေတဲ့ ဆရာ၊ ဆရာမအင်အားက အနည်းဆုံး ၇၀ ကျော်ရှိတယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG