သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး မူဘောင် အခြေခံ နိုင်ငံရေး ဆွေးနွေးပွဲ ဇန်နဝါရီ ၁၂ စမည်


တတိယအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး။ (ဒီဇင်ဘာ ၁၄၊ ၂၀၁၅)
တတိယအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး။ (ဒီဇင်ဘာ ၁၄၊ ၂၀၁၅)

မြန်မာနိုင်ငံတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေး လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေး နဲ့ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ အဖြေရှာရေး ဦးတည်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တရပ်ကို ၂၀၁၆ ဇန်နဝါရီလမှာ ကျင်းပမယ်လို့ သမ္မတ ဦးသိန်းစိန်က ကြေညာ လိုက်ပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့တွေ အားလုံး ပါဝင်ဆွေးနွေးကြမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ရလဒ်တွေကနေ အုပ်ချုပ်ရေး အာဏာ အလွှဲအပြောင်း အစိုးရသစ် အကူးအပြောင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပိုပြီးတော့ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ ကိုလည်း ယုံကြည်မျှော်လင့်နေကြပါတယ်။ အသေးစိတ် မဆုမွန် တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့၂၀၁၅ အောက်တိုဘာလ ၁၅ရက်နေ့မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ( NCA- Nationwide Ceasefire Agreement) ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၈)ဖွဲ့နဲ့ အစိုးရတို့ကြား လက်မှတ်ရေးထိုးနိုင် ခဲ့ပါတယ်။ ဒီNCA စာချုပ်ပါ ကတိကဝတ်တွေ အတိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ အခြေခံရမယ့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေကိုလည်း ၂၀၁၅ ဒီဇင်ဘာ ၁၅ရက်နေ့က ရေးဆွဲပြီးစီး သွားခဲ့တဲ့အတွက် ဒီ မူဘောင်ပေါ် မှာ အခြေခံပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေး နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ငြိမ်းချမ်းစွာ အဖြေရှာနိုင် ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို လာမယ့် ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့မှာ ကျင်းပမယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာလ ၁၈ရက်နေ့က ကြေညာလိုက်ပါတယ်။

ဒီပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေး ပါတီတွေနဲ့ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရော လက်မှတ်-မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ ပါဝင်ဆွေးနွေးကြ ဖို့ စီစဉ် ထားတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အရာရှိ ဦးလှမောင်ရွှေကပြောပါတယ်။

“ပထမဆုံးကျင်းပမယ့် ငြိမ်းချမ်းရေး ညီလာခံကို တက်ဖို့ဆိုပြီးတော့ အစိုးရနဲ့ လွှတ်တော် နှစ်ရပ်ပေါင်းက ၁၅၀၊ နောက် တပ်မတော်က ၁၅၀၊ နောက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေက ၁၅၀၊ နောက် နိုင်ငံရေးပါတီတွေက ၁၅၀၊ တတ်သိပညာရှင်များ အစုက ၅၀ ဆိုပြီးတော့ အဲ့လို သတ်မှတ်ထားတယ်ဗျ။ နောက် ဒီ လက်မှတ်မထိုးရသေးတဲ့ အစိုးရဘက်ကနေပြီးတော့ ဖိတ်ခဲ့တဲ့ ၇ဖွဲ့ရယ် နောက်ထပ် ၄ဖွဲ့ရယ် ၁၁ဖွဲ့ကိုတော့ စုစုပေါင်း အယောက် (၅၀) ထက် မပိုတဲ့ သူတို့ကိုတော့ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော်အနေနဲ့ အခမ်းအနားကို ဖိတ်တာရှိတယ်ဗျ။ အခုဟာကတော့ အစပျိုး လုပ်တာပေါ့ဗျာ။ ဒါက နောင် အစိုးရတွေလည်း ဒီ Framework ထဲကပဲ ကျနော်တို့ အများစုက သွားရမှာပါ။”

တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ အတွက်ကတော့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေပါ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အတူ ပူးပေါင်း မပါဝင်ပဲနဲ့တော့ မဖြစ်နိုင်ဘူးလို့လည်း NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကပြော ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်ဆွေးနွေးမှ ပိုအဓိပ္ပါယ်ရှိမှာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ ကျန်ရှိနေသေးတဲ့ ဒီ ညီနောင်တိုင်းရင်းသား အဖွဲ့အစည်းတွေ ပါဝင်မှလည်း ဒီညီလာခံက ပိုပြီးတော့မှ အဓိပါယ်သက်ရောက်မှာ ရှိပါတယ်။ တကယ့်နိုင်ငံရေးပြဿနာတွေကိုလည်း အဲ့လို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးတော့ ဖြေရှင်းနိုင် မှာဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ အဖွဲ့တွေ မပါဝင်ပဲနဲ့တော့ ရေရှည်မှာ အောင်မြင်ဖို့ဆိုတာတော့ မလွယ်ပါဘူး။ NCA နဲ့ပတ်သက်လို့ရှိရင် လက်ရှိအစိုးရလက်ထက်မှာ NCA ကို လွှတ်တော်မှာ အတည်ပြုတဲ့အထိ ဆောင်ရွက်နိုင်ခဲ့တယ်။ ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေကို စတင်ပြီးတော့ လုပ်နိုင်ခဲ့တဲ့နေရာမှာ နောင် တက်လာမယ့် အစိုးရဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း Peace Process ကို ပါဝင်ပြီး ထောက်ခံဆောင်ရွက် ခဲ့တဲ့ အတွက်ကြောင့်မို့လို့ တည်ဆဲ အစိုးရနဲ့ နောက်တက်လာမယ့် အစိုးရကြားမှာတော့ အချိတ်အဆက် မိမိ ဖြစ်သွားတယ်။ အဲ့ဒီ့အချက်က အဓိက ကျပါတယ်။”

တည်ဆဲ အစိုးရနဲ့ ရွေးကောက်ပွဲအနိုင်ရ အစိုးရသစ်တို့ အာဏာ အလွှဲအပြောင်း အစိုးရ အကူးအပြောင်းကာလမှာ မပြီးဆုံးသေးတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လမ်းကြောင်းကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် စုံညီကျင်းပမယ့် ဒီပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကနေ ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်မယ် လို့လည်း ဦးခွန်မြင့်ထွန်းက ယုံကြည်မျှော်လင့်ပါတယ်။

“ပြီးခဲ့တဲ့ စစ်အစိုးရ ခေတ်မှာ ကျင်းပခဲ့တဲ့ ညီလာခံတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်ရေးအတွက် အခြေခံမူတွေကို ရေးဆွဲ ချမှတ်ရေး အတွက်သာလျှင် ဖြစ်ပါတယ်။ အခုကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အပါအဝင် နိုင်ငံရေးရာကိစ္စတွေကို ဆွေးနွေးမယ့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပါတယ်။ အဲ့ဒီ့တချက် အဓိက ကွာခြားချက်ဖြစ်ပါတယ်။

နောက်တခုကတော့ စစ်အစိုးရလက်ထက်မှာ လုပ်ခဲ့တဲ့ ညီလာခံတွေက တဖက်သတ် ချမှတ်ခဲ့တဲ့ လမ်းပြမြေပုံတွေအရ ဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့ အခု ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရော အစိုးရတို့ တပ်မတော်တို့အကြားမှာရော ဒါ NCA ကို ချမှတ်ပြီးတော့မှ နှစ်ဦးနှစ်ဘက် သဘောတူညီချက်အရ ဆောင်ရွက်တာဖြစ်တယ်။ အဲ့ဒီ့နှစ်ဦးနှစ်ဘက် သဘောတူညီချက်ကိုလည်းပဲ နိုင်ငံရေးပါတီများ ၊ အင်အားစုတွေက ပါဝင်ထောက်ခံပြီးတော့မှ ဆောင်ရွက်တာဖြစ်တယ်။ ဒီအချက်က ကွာခြားပါတယ်။ ဒီပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာတော့ တက်ရောက်တဲ့ ကိုယ်စားလှယ်တွေက ဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။”

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နေပြည်တော်မှာ ကျင်းပမှာဖြစ်ပြီး ဇန်နဝါရီလ ၁၂ရက်နေ့ကနေ ဇန်နဝါရီလ ၂၀ရက်နေ့ ဝန်းကျင်လောက်အထိ ကျင်းပဖြစ်ဖို့ရှိပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစဉ်တစိုက် အားပေး ကူညီခဲ့ကြတဲ့ နိုင်ငံတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေ က လေ့လာတက်ရောက်ကြဖို့လည်း ရှိတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူကပြောပါတယ်။

XS
SM
MD
LG