သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငြိမ်းချမ်းရေး ရှေ့အလားအလာ


အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ KNPP တိုင်းရင်းသားအဖွဲ့ ဆွေးနွေးကြစဉ် (ဇူလိုင် ၁၇၊ ၂၀၁၉- နေပြည်တော်) သတင်းဓာတ်ပုံ - ဦးလှမောင်ရွှေ
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ KNPP တိုင်းရင်းသားအဖွဲ့ ဆွေးနွေးကြစဉ် (ဇူလိုင် ၁၇၊ ၂၀၁၉- နေပြည်တော်) သတင်းဓာတ်ပုံ - ဦးလှမောင်ရွှေ

ရှမ်းမြောက်ပိုင်းနဲ့ ရခိုင်ဘက်မှာ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေပေမယ့်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံမှု၊ နောက် စစ်တပ်ဘက်ကနေ တဖက်သတ် အပစ်ရပ်သက်တမ်း ထပ်တိုးပေးလိုက်တဲ့ အနေအထားတွေကြောင့် တိုက်ပွဲတွေ အမြန်ဆုံးရပ်ရေး မျှော်လင့်ချက်ရှိပါတယ်လို့ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးက သုံးသပ်ပြောဆိုလိုက်ပါတယ်။ အပစ်ရပ် အဖွဲ့တွေနဲ့လည်း NCA ပါ အချက်တချို့ ဘုံသဘောတူညီမှုတွေ မရလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခေတ္တရပ်တန့်သလို ဖြစ်နေပေမယ့် အစိုးရ၊ တပ်မတော်၊ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ တွေ့ဆုံမှုတွေကနေ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်သွားနိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ငြိမ်းချမ်းရေးအကြံပေးက ပြောပါတယ်။

ပြည်တွင်းစစ်မီးငြိမ်းရေး အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကြား ငြိမ်းချမ်းရေးဖော်ဆောင်နေမှု အလားအလာ အခြေအနေတွေအပေါ် ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေ - “ကျနော်တို့နိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခက နှစ်ပေါင်း ၇၀ နီးပါးလောက် ရှည်ကြာခဲ့တော့ လက်နက်ကိုင် ပဋိပက္ခနဲ့ ဖြေရှင်းဖို့ ခက်တယ်ဆိုတာတော့ အားလုံးက သဘောတူပြီးတယ်လို့ ကျနော် နားလည်ပါတယ်။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးရဖို့ဆိုရင်တော့ စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ဆိုတဲ့ လမ်းကြောင်းကနေ သွားသင့်တယ်။ အဲဒီအတွက်လည်း ပြင်ဆင်နေတယ်ပေါ့လေ။ ဘယ်လောက်မြန်မလဲ၊ နှေးမလဲဆိုတာတော့ သက်ဆိုင်တဲ့ အဖွဲ့အစည်းပေါ့လေ၊ အထူးသဖြင့်တော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေပေါ်မှာလည်း မူတည်ပါလိမ့်မယ်။

“အခု မနေ့က ကျိုင်းတုံမှာ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် လေးဖွဲ့နဲ့ NRPC ကိုယ်စားလှယ်တွေ ဆွေးနွေးတာတော့ တိုးတက်မှုတွေ ရှိပါတယ်။ အဲဒီတိုးတက်မှုတွေကြောင့်လည်း လာမယ့် စက်တင်ဘာ ၁၆၊ ၁၇ မှာ ပြန်ဆုံနိုင်ဖို့။ အဲဒီမှာ Bilateral ကိုလည်း ထပ်ပြီး လက်မှတ်ရေးထိုးနိုင်ဖို့ ထပ်ကြိုးစားဖို့ တပ်မတော်ကလည်း ၂၁ ရက် သက်တမ်းတိုးပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ထပ်ပြီးတော့ ကျနော်တို့ ကြိုးစားရဦးမယ်။ မျှော်လင့်ချက်တွေကတော့ အများကြီး ရှိနေပါသေးတယ်။”

မဆုမွန် - ဟုတ်ကဲ့ အဲ့ဒီ့တော့ မနေ့ကထုတ်ပြန်တဲ့ ၆ ချက်ထဲမှာလည်း လတ်တလောဖြစ်နေတဲ့ စစ်တွေရပ်စဲရေး၊ တွေ့ဆုံဆွေးနွေးဖို့ဆိုတာလည်း ပါတော့ ဒီရှေ့ဆက်သွားမယ့် ဆွေးနွေးပွဲတွေကနေ အလားအလာကောင်းတွေ မျှော်လင့်လို့ရသလားရှင့်။

“ကျနော်တို့ကတော့ အကောင်းမြင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုတာက တဖက်တည်းတော့ လုပ်လို့မရဘူး။ နှစ်ဖက် ယုံကြည်မှုတည်ဆောက်ပြီး လုပ်ရတဲ့အတွက် နှစ်ဖက်လုံးကတော့ ကြိုးစားရပါလိမ့်မယ်။ ကျနော့်အနေနဲ့တော့ အကောင်းမြင်ဆဲပါပဲဗျ။ NRPC က စုဖွဲ့ပေးလိုက်တဲ့ ကိုယ်စားလှယ်အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်တွေကို သွားပြီးတော့ တွေ့ဆုံတာရှိတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ ၁၀ ဖွဲ့ပေါ့၊ PPSC အလုပ်အဖွဲ့နဲ့ NRPC က စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မှာ ဆွေးနွေးဖို့ ရှိပါတယ်။ အဲဒါပြီးရင်တော့ နေပြည်တော်မှာ သက်ဆိုင်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အစိုးရ တပ်မတော် အကြီးအကဲတွေ သီးခြားစီ တွေ့ဆုံဖို့လည်း ရှိတယ်။ အဲဒီကနေ ညီလာခံတွေ၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်သွားနိုင်ဖို့တော့ လုပ်နေတာ ရှိပါတယ်။”

မဆုမွန် - ဟုတ်ကဲ့ အခုလတ်တလော မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုတွေနဲ့ ပတ်သက်ပြီးတော့ပေါ့နော် ပင်လုံညီလာခံကနောက်ကနေ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်သွားနိုင်ဖို့ကလည်း တချို့နေရာတွေမှာ တစ်ဆို့မှုတွေ နှောင့်နှေးမှုတွေ ရှိနေတယ်လို့လည်း ပြောတယ်။ အဲ့ဒီ့တော့ အဲ့ဒီ့အခြေအနေတွေကရော ဘယ်လိုများရှိပါသလဲရှင့်။ ညီလာခံ ဆက်သွားနိုင်ဖို့ အနေအထားက။

ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေ - “ဟုတ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ပြီးတဲ့နောက်ပိုင်းမှ စတာပေါ့လေ။ ချဉ်းကပ်တဲ့ အယူအဆတွေ မတူတာကနေ အလွတ်သဘော ဆွေးနွေးပွဲတွေ လုပ်ထားတာရှိတယ်။ NCA တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မှာတော့ ဒီလိုအခက်အခဲတွေရှိတယ်။ အစိုးရ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ ဆွေးနွေးပွဲမှာ ညှိနှိုင်းရမယ်လို့ ပါတာ။ အဲဒါကို ကျနော်တို့ မရောက်နိုင်သေးဘဲနဲ့ အပြင်မှာ အလွတ်ပြောနေခဲ့ရတာ ရှိတယ်။

“အဓိက ပါဝင်တဲ့လူအားလုံးက NCA အတိုင်း သွားဖို့ သဘောတူတယ်။ NCA အတိုင်း အောင်မြင်အောင် လုပ်မယ်လို့လည်း ဆုံးဖြတ်ချက် ရှိထားတယ်။ ဒါပေမယ့် ဒီအပေါ်မှာ နားလည်မှုနဲ့ အကောင်အထည် ဖော်မှုကတော့ မတူသေးတဲ့အတွက် အဲဒါတွေ ညှိနေရတာပါပဲ။ အခုတော့ ပိုတော့ နီးစပ်လာတာပေါ့လေ။ လာမယ့် စက်တင်ဘာ ၇ ရက်မှာ တဖွဲ့နဲ့၊ လာမယ့် စက်တင်ဘာ ၁၀၊ ၁၁ မှာ ဆယ်ဖွဲ့နဲ့ ပြန်ပြောပြီးရင်တော့ တော်တော်လေး ဆွေးနွေးနိုင်ပြီးတော့ ဆက်သွားနိုင်မယ့် လမ်းကြောင်းတွေ ရှိလာမယ်လို့ ယုံကြည်ပါတယ်ဗျ။”

မဆုမွန် - ဟုတ်ကဲ့ ဒါကတော့ အပစ်အခတ်ရပ်စဲပြီးသား အဖွဲ့ ၁၀ ဖွဲ့ရဲ့ အနေအထားပေါ့နော်။ ဒါဆိုရင် အခု အပစ်အခတ်ရပ်စဲရေးစာချုပ် မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NRPC ငြိမ်းချမ်းရေးဗဟိုဌာနနဲ့ တွေ့ဆုံနေမှုရဲ့ အလားအလာ နောက် Bilateral ကနေ NCA ကို ဆက်သွားနိုင်မယ့် အနေအထား အခုလတ်တလော ဆောင်ရွက်ချက်တွေက အလားအလာ အနေအထား ဘယ်လိုရှိပါသလဲရှင့်။ ပြီးတော့ မနေ့ကလည်း စစ်တပ်ဘက်က ထပ်သက်တမ်းတိုးပေးတယ်။ အဓိကကတော့ ဒီ NRPC နဲ့ ဆွေနွးမှုတွေ ပိုပြီးတော့မှ အဆင်ပြေအောင်ဆိုတဲ့ အကြောင်းပြချက်ကလည်း ထည့်ထားတော့ အဲ့ဒီ့အနေအထားကရော ဘယ်လိုရှိပါသလဲရှင့်။

ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေ - “အခု ကျနော်တို့ လက်မှတ်ထိုးပြီးသား ဆယ်ဖွဲ့ရှိသလို NCA လက်မှတ်မထိုးရသေးတာကတော့ တောင်ပိုင်းမှာ KNPP တဖွဲ့နဲ့ မြောက်ပိုင်းမှာ ၇ ဖွဲ့ ကျန်ပါသေးတယ်။ တောင်ပိုင်းက KNPP ကတော့ Bilateral လက်မှတ်ထိုးထားတယ်၊ NCA လက်မှတ်ရေးထိုးနိုင်ဖို့ကတော့ ညှိနိုင်းနေဆဲရှိပါတယ်။ မြောက်ပိုင်းမှ ၇ ဖွဲ့မှာက ၃ ဖွဲ့၊ ဝ၊ မိုင်းလားနဲ့ SSPP ကတော့ Bilateral ထိုးထားပြီးတော့ ကျန်တဲ့ ၄ ဖွဲ့ကတော့ Bilateral မထိုးရသေးပါဘူး။ ဒါပေမယ့် ၇ ဖွဲ့လုံးကလည်း NCA မထိုးရသေးတော့ ဒီ NRPC အနေနဲ့တော့ Bilateral မထိုးရသေးတဲ့ ၄ ဖွဲ့နဲ့ Bilateral ထိုးဖို့ရယ်၊ Bilateral ထိုးပြီးသား ၃ ဖွဲ့ကိုတော့ NCA ထိုးဖို့ရယ်၊ တပြိုင်နက်တည်း ဆက်ကြိုးစားနေပါတယ်။ အဲဒီနှစ်ခုလုံးကိုလည်း တပြိုင်တည်းမှာ လုပ်နေပါတယ်။ မနေ့က ကျိုင်းတုံမှာတွေ့တဲ့ ဆွေးနွေးပွဲကတော့ Bilateral မထိုးရသေးတဲ့ ၄ ဖွဲ့နဲ့၊ Bilateral ထိုးနိုင်ဖို့၊ နောက်တဆင့်ကတော့ NCA ထိုးနိုင်ဖို့ ကြိုးစားနေဆဲပါ။”

ရှေ့လာမယ့်သီတင်းပတ်တွေထဲ NCA အပစ်ရပ်အဖွဲ့တွေနဲ့ NCA အပစ်ရပ် မထိုးထားတဲ့ အဖွဲ့တွေနဲ့ရော တွေ့ဆုံဆွေးနွေးကြမယ့် အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု ရှေ့အလားအလာတွေကို ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG