သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူး ပင်မသပိတ် အကြမ်းဖက်ဖြိုခွဲမှု ၄ ဦးထက်မနည်း ဦးသေဆုံး


ပဲခူးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်ခံတပ် (ဧပြီ ၉ ၊၂၀၂၁) (Photo း း HANTARWADI MEDIA via AFPTV "/ AFP)
ပဲခူးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်ခံတပ် (ဧပြီ ၉ ၊၂၀၂၁) (Photo း း HANTARWADI MEDIA via AFPTV "/ AFP)

{{Zawgyi/Unicode}}

ပဲခူးမြို့က ပင်မသပိတ်စစ်ကြောင်း ဒီနေ့ ဖြိုခွဲခံရတဲ့အတွက် ၄ဦးထက်မနည်း သေဆုံးပြီး အယောက် ၄၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ပဲခူးမြို့က နောက်ဆုံးအခြေအနေအပါအဝင် နိုင်ငံတဝန်းက ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်က ပြောပြထားပါတယ်။

လမ်းပေါ်ထွက် ချီတက်ဆန္ဒပြပွဲတွေအားကောင်းတဲ့ ပဲခူးမြို့က အဓိက ဆန္ဒပြနေရာကို တပ်ဖဲ့ွဝင်တွေက ဒီနေ့ အင်အားအလုံးအရင်းနဲ့ ပစ်ခတ် ဖြိုခွဲလို့ ၄ ယောက်ထက် မနည်း သေဆုံးခဲ့ပါတယ်။ မဂ္ဂတစ်ရပ်ကွက်မှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲမှုမှာ ၄၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။ ခံတပ်လိုအခိုင်အမာအကာအကွယ်လုပ်ပြီး ဆန္ဒပြကြတဲ့ နေရာကို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ပုံရတာကြောင့် အဲဒီအနားတဝိုက် နေသူတွေပါ ဘေးလွတ်ရာကို ထွက်ပြေးကြရတယ်လို့ ပဲခူးမြို့ခံတဦးက ဗွိအိုအေကို ပြောပါတယ်။

“၅ နာရီ ၂၀ လောက်ကတည်းက စပစ်တာ။ သေဆုံးသူကတော့ လောလောဆယ် ၄ ယောက်လောက်ပဲ အတည်ပြုလို့ရသေးတယ်။ ကျန်တဲ့နေရာမှာလည်း ရှိသေးတယ်။ ဒဏ်ရာရ လူဦးရေက ၄၀ ပတ်ချာလည်လောက်ရှိမယ်။ တချို့တွေ ကျည်တွေထိထားတယ်။ ပေါင်တို့ ပေါင်ရင်းတွေ ခြေသလုံးတွေ လက်ဖျံတွေ အဲ့လိုထိထားတာတွေရှိတယ်။ ဆေးကုလို့ရဖို့ကို ကြိုးစားပေးနေတယ်။ ပစ်တာက မော်တာ ဗုံးသီးနဲ့ ပစ်လိုက်တာ ကျနော်တို့ သိရသလောက်။ အနောက်က မော်တာ အပိုင်းအစတွေရတဲ့သူတွေ ရတယ်ခင်ဗျ။ ဘယ်လောက်ထိ ပြင်းထန်လဲဆိုရင် ဘန်ကာပေါ့နော် သဲအိတ်တွေကာထားတဲ့ဟာတောင်မှ တော်တော် ဝေးဝေးကို လွင့်တယ်ခင်ဗျ။ ကျွန်တော်တို့အခု မြေပြင်မှာကလေ ကျွန်တော်တို့ ပုဏ္ဏစု တာပေါက် အလင်းရောင်တို့ဘက်တွေကိုလည်း အလုံးအရင်းနဲ့ဝင်လာတယ်။ ဝင်လာတော့ မြို့ခံတွေကလည်း လွတ်တဲ့ဘက်တွေ ရွာတွေဘက်ကို အိမ်တွေတံခါးပိတ်ပြီး ပြေးနေပြန်ရော။ ကျနော်တို့လည်း ရပ်ကွက်တွေထဲကို ဝင်လို့ မလွယ်ဘူးဖြစ်နေတယ်။ အခုအခြေအနေက သူတို့က လမ်းပေါ်မှာပါ လိုက်ပစ်နေတယ်။ အခုထိ ပစ်တာ မနားသေးဘူးခင်ဗျ။”

ဧပြီလ ၇ ရက်နေ့ကလည်း မဂ္ဂတစ် ရပ်ကွက်နဲ့ ကပ်လျက်ရှိတဲ့ ကျောက်ကြီးစု ရပ်ကွက်မှာ စစ်တပ်နဲ့ ရဲက ပစ်ခတ်တာကြောင့် ၂ ဦး သေဆုံးကာ ၅ ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့သလို အခု မဂ္ဂတစ်ရပ်ကွက်က အကာအကွယ်တွေနဲ့ ပြုလုပ်ထားတဲ့ သပိတ်စခန်းကို အကြမ်းဖက်မဖြိုခွင်းခင် ရက်ပိုင်းလောက်က အဝေးထိန်းဒရုန်းတွေနဲ့ ထောက်လှမ်းခဲ့ပါသေးတယ်။

ဧပြီ ၇ ရက် ညပိုင်းကနေ ၈ ရက်နေ့ မနက်ပိုင်းအထိ စစ်တပ်နဲ့ ရဲက ပစ်ခတ်တာကြောင့် လူ ၁၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့မှာတော့ ဒီနေ့ တိတ်ဆိတ် ငြိမ်သက်နေပြီး CDM လုပ်သူတချို့ကို ဖမ်းဆီးတာတွေရှိသလို တချို့ကျေးရွာသူ ကျေးရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ဆန္ဒပြတာလည်းမရှိတော့ဘူး။ လူတွေလှုပ်လှုပ်လည်းမရှိဘူး။ ပြီးတော့ သူတို့က ရွာတွေထဲမှာ လက်နက် ဝင်ရှာမယ်ဘာမယ်ဆိုတော့ လူတွေက ရွာထဲတွေလည်း မရှိတော့ဘူး။ ထွက်ပြေးကြတာလေ လက်နက်ရှာမှာ တို့ဘာတို့ သတင်းတွေက ထွက်နေတော့။ ယာယီပါ သူတို့လာမယ်ဆိုတဲ့အချိန်လေးကို ထွက်ပြေးလိုက်ကြ သူတို့ ပြန်သွားမှ ပြန်ဝင် CDM လုပ်တဲ့ ဝန်ထမ်းလေးတွေ ဘာတွေရှာကြဘာကြ အဲ့လိုတော့ရှိတယ်။ တချို့လည်း ခေါ်သွားတယ်။ ပြန်လွှတ်လား ဘာလားဆိုတာတော့ မကြားရဘူး။ ဈေးဆိုင်တွေကလည်း မဖွင့်ရဲကြဘူး။ ဈေးဝယ်တဲ့သူကလည်း မဝယ်ရဲကြဘူးဖြစ်နေတာ။”

စစ်တပ်၊ ရဲတို့နဲ့ အပြန်အလှန် ပစ်ခတ်တာကြောင့် ၁၁ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတဲ့ ကလေးမြို့မှာလည်း အသွားအလာ မရှိသလောက် နည်းနေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“မြို့ထဲမှာ မနက်ပိုင်းတော့ အသွားအလာရှိတယ်။ နေ့လည်ပိုင်းတော့ အသွားအလာ ဘာမှမရှိတောဘူးပေါ့။”

အခုလို စစ်တပ်နဲ့ ရဲက ပစ်ခတ်တာကြောင့် နေ့စဉ် လူသေဆုံးတာရှိနေပေမယ့် မြန်မာနိုင်ငံတဝန်းမှာ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်တာတွေဟာ အားလျော့မသွားပါဘူး။
မြန်မာနိုင်ငံရဲ့ ဒုတိယမြို့ကြီးဖြစ်တဲ့ မန္တလေးမြို့မှာလည်း မြတောင် သပိတ်စစ်ကြောင်း၊ ဆေးသပိတ်၊ ပညာရေးသပိတ် စတဲ့ သပိတ်စစ်ကြောင်းတွေဟာ နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံနဲ့ ှဆန္ဒထုတ်ဖော်နေ သလို မုံရွာ မြစ်ကြီးနား ထားဝယ် စတဲ့မြို့တွေမှာလည်း စစ်ကောင်စီကို ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော်နေကြပါတယ်။

နိုင်ငံတဝန်းမှာ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်လို့ စစ်တပ်နဲ့ ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းတာကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့ထဲကဆိုရင် သေဆုံးသူ ၆၀၀ ကျော်ပြီဖြစ်တဲ့အကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားပါတယ်။

.......................................

တိုက်ရိုက် လင့်ခ်

{{Unicode}}











XS
SM
MD
LG