သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘောလုံးဘုရင် Pele အတွက် ဂုဏ်ပြုဝမ်းနည်းစကားတွေ ဆိုနေကြ 


၁၉၆၈ စက်တင်ဘာလက ကစားခဲ့တဲ့ ဘောလုံးပွဲစဉ်တခုအတွင်း ပီလီရဲ့ နောက်ပြန်ကန်ချက်ကို တွေ့ရစဉ်
၁၉၆၈ စက်တင်ဘာလက ကစားခဲ့တဲ့ ဘောလုံးပွဲစဉ်တခုအတွင်း ပီလီရဲ့ နောက်ပြန်ကန်ချက်ကို တွေ့ရစဉ်

{Zawgyi/Unicode}

ဒီဇင်ဘာ ၂၉ ရက်၊ ကြာသပတေးနေ့က ကွယ်လွန်သွားတဲ့ Brazil နိုင်ငံက ကမ္ဘာ့ဘောလုံးအကျော်အမော်ကြီး ပီလီ (Pele) အတွက် ကမ္ဘာ့ခေါင်းဆောင်တွေအပါအဝင် ဝမ်းနည်းစကားတွေ ပြောကြားနေကြပါတယ်။ သူ့ကွယ်လွန်တဲ့အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက် သတ်မှတ်ကြောင်း Brazil သမ္မတ Jair Bolsonaro ကကြေညာခဲ့ပါတယ်။ ပီလီဟာ အားကစားကနေတဆင့် လူတွေကို သူမတူအောင် စုစည်းနိုင်တဲ့သူအဖြစ် အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတဟောင်း Barack Obama တို့က Twitter လူမှုကွန်ရက်ပေါ်မှာ ရေးသား ဂုဏ်ပြုခဲ့ကြပါတယ်။

အူမကြီးကင်ဆာ ရောဂါခံစားနေရတဲ့ ပီလီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး ဆေးရုံတက် ကုသမှု ခံယူနေခဲ့ရာက ကြာသပတေးနေ့က အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာပါ။ သူ့အတွက် ဈာပန အခမ်းအနားကို သူ့မွေးရပ်ဖြစ်တဲ့ Santos မြို့က သူဘောလုံးပွဲတွေကစားခဲ့တဲ့ ဘောလုံးကွင်းကြီးမှာ တနင်္လာနဲ့ အင်္ဂါနေ့တွေကျရင် ကျင်းပဖို့ စီစဉ်ထားပါတယ်။ သူ့ရဲ့ရုပ်အလောင်းကိုလည်း Santos မြို့မှာပဲ မြှုပ်နှံ သင်္ဂြိုဟ်မှာပါ။

ကမ္ဘာကျော် ဘောလုံးသမား ပီလီဟာ Brazil ဘောလုံးအသင်းအတွက် ကမ္ဘာ့ဖလားဆု ၃ ကြိမ်ရအောင် ကစားပေးခဲ့သူဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ်မှာ Brazil က Santos ကလပ်အသင်းမှာ စတင် ကစားခဲ့ပြီး နောက်တစ်နှစ်မှာပဲ နိုင်ငံလက်ရွေးစင် အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ အသက် ၁၇ နှစ်အရွယ်မှာ အသက်အငယ်ဆုံး ဘောလုံးသမားအဖြစ် ကမ္ဘာ့ဖလား ဘောလုံးပွဲတွေမှာ ပါဝင်ကစားခွင့် ရခဲ့ပြီး သူ ပထမဆုံး ဝင်ပြိုင်ကစားတဲ့ ၁၉၅၈ ခုနှစ်မှာပဲ ပထမဆုံး ကမ္ဘာဖလား ရရှိခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်နဲ့ ၁၉၇၀ ခုနှစ်တွေမှာလည်း နောက်ထပ် ကမ္ဘာ့ဖလားတွေကို Brazil နိုင်ငံအတွက် ဆွတ်ခူးပေးခဲ့ပါတယ်။ သူ့ကို ရာစုနှစ်တခုအတွင်းအကောင်းဆုံး ဘောလုံးသမားအဖြစ် ၂၀၀၀ ခုနှစ်မှာ FIFA ကရွေးချယ်ဂုဏ်ပြုခဲ့ပါတယ်။ သူကွယ်လွန်သွားပေမဲ့ သူ့ရဲ့ ဘောလုံးသမိုင်းနဲ့ နာမည်ကတော့ ဆက်လက်ရှင်သန်နေမှာဖြစ်တယ်လို့ လက်ရှိ ဘောလုံးအကျော်အမော်တွေဖြစ်ကြတဲ့ Messi၊ Naymar၊ Mbappe တို့ကလည်း ဝမ်းနည်းခြင်းအထိမ်းအမှတ် လူမှုကွန်ယက်တွေမှာ ရေးတင်နေကြပါတယ်။ Pele ဟာ ဘောလုံးလောက ကနေ အနားယူပြီး နောက်ပိုင်းမှာလည်း Brazil နိုင်ငံရဲ့ အားကစားဝန်ကြီး တာဝန်ကို ထမ်းဆောင်ခဲ့သလို၊ ကမ္ဘာတဝန်း ချို့ငဲ့တဲ့ ကလေးငယ်တွေကို ကူညီရေးနဲ့ အားကစားကဏ္ဍ မြှင့်တင်ရေး သူ့ရဲ့ လုပ်ဆောင်မှုတွေအတွက် ကုလသမဂ္ဂ UNESCO အဖွဲ့ကြီးက Champion for Sports တာဝန် ပေးအပ်ခံခဲ့ရသူဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


{Zawgyi/Unicode}




XS
SM
MD
LG