သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Texas ပြည်နယ်မှာ လူမှောင်ခိုကူးခံရသူ ၈ ဦး သေဆုံး


အမေရိကန်ပြည်ထောင်စု တောင်ပိုင်း Texas ပြည်နယ်မှာ ထရပ်ကားတစီးရဲ့ နောက်တွဲယာဉ်အတွင်း သေဆုံးနေသူ ၈ ဦး ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့ကပြောဆိုပါတယ်။ ဒါဟာဆိုရင် ရွှေ့ပြောင်းနေထိုင်သူ တွေကို မှောင်ခို သွင်းနေရာမှာ ဆိုးရွားတဲ့ ဖြစ်စဉ်တခုလို့ ရဲကပြောပါတယ်။

ကျောင်းနေတဲ့ အရွယ် ကလေး ၂ ယောက် အပါအဝင် အနည်းဆုံး လူပေါင်း ၂၈ ယောက်ကို ကယ်တင် နိုင်ခဲ့ပြီး တနင်္ဂနွေနေ့ စောစောပိုင်းမှာ ဆေးရုံတင်ထားရကြောင်း San Antonio ရဲမင်းကြီး William McManus က ပြောပါတယ်။ အဲဒီအထဲက လူပေါင်း ၂၀ ဟာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါဟာ လူမှောင်ခိုကူးတဲ့ ရာဇဝတ်မှု ဖြစ်ကြောင်း ရဲမင်းကြီး McManus က ပြောပါတယ်။

စနေနေ့မှာ San Antonio မြို့ အပူချိန်ဟာ ၃၈ ဒီဂရီ ဆယ်လ်စီရပ်စ် ရှိနေပြီး၊ ဒီလူတွေဟာ နောက်ထပ် တညသာ ယာဉ်နောက်တွဲ ထဲမှာ ဆက်နေရမယ်ဆိုရင် အသက်ရှင်ကျန်သူ တယောက်မှ ရှိနိုင်မှာ မဟုတ်ကြောင်း ဆန်အန်တိုနီယို မီးသတ်တပ်ဖွဲ့ရဲ့ အကြီးအကဲ Charles Hood ကပြောပါတယ်။

ထရပ်ကား ယာဉ်မောင်းကို ဖမ်းဆီးထားကြောင်း Hood က ပြောပါတယ်။ ဒါပေမဲ့ ယာဉ်မောင်းသူဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ကိုတော့ ရဲတပ်ဖွဲ့က ထုတ်ဖေါ်မပြောသလို၊ ထိခိုက် သေဆုံးသူတွေဟာ ဘယ်နိုင်ငံသားတွေ ဖြစ်တယ် ဆိုတာကိုလည်း မပြောပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG