သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အုပ်ချုပ်မှုအောက် လုံခြုံမှုမရှိကြတဲ့ ပြည်သူများ


စစ်အာဏာသိမ်း (၃)နှစ်ပြည့် နှစ်ပတ်လည်နေ့က ရန်ကုန်မြို့ပေါ်မှာ တွေ့ရတဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)
စစ်အာဏာသိမ်း (၃)နှစ်ပြည့် နှစ်ပတ်လည်နေ့က ရန်ကုန်မြို့ပေါ်မှာ တွေ့ရတဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ ရွေးကောက်ခံအရပ်သားအစိုးရဆီကနေ စစ်တပ်ကအာဏာသိမ်းပိုက်ခဲ့တာ နက်ဖြန် ဖေဖော်ဝါရီ (၁) ရက်ဆို (၄) နှစ်ပြည့်ပါပြီ။ လေးနှစ်အတွင်း ပြည်သူတွေရဲ့ ဘဝတွေ လုံခြုံမှု ပိုမိုကင်းမဲ့လာတယ်လို့ ရန်ကုန်ပါအဝင် မြို့ကြီးတွေမှာ နေထိုင်သူတွေက ပြောကြပါတယ်။ စစ်တပ်ရဲ့ဖိနှိပ်မှုတွေ တိုးလာတာ၊ လက်နက်ကိုင် စစ်ပွဲတွေဖြစ်လာတာနဲ့ ကျပ်တည်းမှုတွေ များလာတာကို ဘယ်တုန်းကမှနဲ့မတူအောင် ကြုံနေကြရတယ်လို့ ပြည်သူတွေက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းအုပ်ချုပ်နေတဲ့ လေးနှစ်အတွင်း ပြည်သူတွေရင်ဆိုင်နေကြရတဲ့ အခက်အခဲတွေအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ အရပ်သားအစိုးရအာဏာကို မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာ မနက်ဖြန်ဆိုရင် (၄) နှစ် ပြည့်သွားပါပြီ။ အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီကလည်း အရေးပေါ်အခြေအနေကို အကြိမ်ကြိမ် သက်တမ်းတိုးပြီး ဆက်လက် အုပ်ချုပ်နေပါတယ်။ ဒီနေ့မှာပဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေးခေါ်ယူပြီး စစ်ကောင်စီက အရေးပေါ်ကာလသက်တမ်းကို နောက်ထပ် ခြောက်လ တိုးလိုက်ပါတယ်။ အခုလို အရေးပေါ် ကာလသက်တမ်းတိုးတာဟာ အခုတခါနဲ့ဆို (၇) ကြိမ်ရှိသွားပါပြီ။ အခုလို စစ်ကောင်စီ အုပ်ချုပ်နေတဲ့ကာလအတွင်း ပြည်သူတွေဘက်ကတော့ တဦးချင်းရဲ့ လွတ်လပ်ခွင့် တွေဆုံးရှုံးနေသလို အဆင့်ဆင့်သော အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေ၊ တရားဥပဒေကင်းလွတ်မှုတွေကြောင့် မြို့ပေါ်မှာတောင် ကျီးလန့်စာစား နေထိုင်နေရတယ်လို့ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်က ဒေသခံတဦးက ပြောပြပါတယ်။

“စိတ်သက်သာရာလုံခြုံမှုကမရှိဘူးလေ။ လုံခြုံမှုမရှိတာက အပေါ်ကတမျိုး အောက်ခြေကတမျိုးနဲ့၊ တမျိုးပြီးတမျိုးပြောင်းနေတော့ လုံခြုံမှုမရှိတော့ဘူးလေ။ စိုးရိမ်ကြောင့်ကြမှုရှိတာပေါ့။ အောက်က ငယ်သားတွေကထင်ရာစိုင်းနေတာ။ အရင်အာဏာမသိမ်းခင်က ဒီလို အဖြစ်မျိုးမရှိခဲ့ဘူး။ အာဏာသိမ်း ပြီးတော့ အောက်ကတမျိုး၊ အပေါ်ကမသိဘဲလုပ်ချင်ရာလုပ်နေရော။ ဟိုလူ့လည်းကြောက်ရ၊ ဒီလူ လည်း ကြောက်ရတယ်။ စီးပွားရေးတွေလည်းမကောင်းဘူးဆိုတော့ လက်လုပ်လက်စားတွေ အခြေအနေတွေကပိုဆိုးလာတယ်။ ကားပေါ်မှာဆို ခါးပိုက်နှိုက်တွေကပေါ်တင်နှိုက်လိုနှိုက်။ ခါးပိုက်နှိုက်လို့မရရင် ပေါ်တင်ခြိမ်းခြောက်တာ။ အဲလိုတရားဥပဒေမရှိသလိုပေါ့နော်။ ဘယ်နေရာ တိုင်ရမလဲမသိ ဘယ်ကိုဘယ်လိုတိုင်ရမလဲ၊ ဘယ်နေရာလဲမသိ အဲလိုတွေစိုးရိမ်ပူပန်နေရတာ။”

အရင် စစ်အုပ်ချုပ်မှုတွေကို ကြုံခဲ့ဖူးတဲ့ ပြည်သူတယောက်ကလည်း အခုစစ်ကောင်စီအုပ်ချုပ်နေတဲ့ (၄) နှစ်အတွင်း အရင် တခါမှမကြုံဘူးတဲ့ မလုံခြုံမှုကို ခံစားနေရတယ်လို့ ပြောပြပါတယ်။

“စစ်တပ်အာဏာသိမ်းတဲ့ (၄) နှစ်တာကာလကတော့ ဖြတ်သန်းခဲ့တဲ့ဘဝတလျှောက် ဘယ်တုန်းကမှ မကြုံရတဲ့အန္တရာယ်တွေ ခြိမ်းခြောက်မှုများစွာ တွေ့ရတဲ့ (၄) နှစ်ပဲ။ ကျနော်တို့ဆို သက်တမ်း ၆၀ ကျော် ခဲ့ပြီ။ အများကြီးကြုံခဲ့ရတယ်။ ကိုယ်တိုင်လည်း အရေးအခင်းဖြစ်နေရာတွေ သွားလာဖြတ်သန်းခဲ့ရ တယ်။ ဒါပေမယ့်အခုလိုကာလ အန္တရာယ်တွေ၊ ဘေးမျိုးစုံတွေ ကြုံရတဲ့ကာလမျိုးမရှိပါဘူး။ လူမလုံခြုံမှု၊ စိတ်မလုံခြုံမှု၊ စည်းစိမ်ဥစ္စာမိသားစု အရာရာမလုံခြုံဘူး။ ဒီထပ်မလုံခြုံတဲ့ဘဝမျိုး နောက်ထပ်ကောရှိသေးရဲ့လားလို့ စဉ်းစားစရာဖြစ်လာတယ်။ မရှိပါစေနဲ့တော့လို့လည်း ဆုတောင်းပါတယ်။”

အရင်ကတည်းက ရှိနေတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ၊ စစ်အာဏာသိမ်းမှုကို လက်မခံချင်သူတွေ ဖွဲ့ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်ကြား ဖြစ်နေတဲ့ တိုက်ပွဲတွေလည်း မြန်မာနိုင်ငံ အနှံ့မှာ ဖြစ်နေပါတယ်။ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်ထဲက မြို့ကြီးတော်တော်များများအပါအဝင် နိုင်ငံမှာ အချက်အခြာကျတဲ့မြို့တွေက စစ်စခန်းတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတပ်တွေ သိမ်းယူခဲ့ပါတယ်။ မြို့ပေါင်း ၉၀ ကျော်လောက်ကို စစ်တပ်က လက်လွှတ်ဆုံးရှုံးခဲ့တယ်လို့ မြန်မာ့အရေး သုတေသနလုပ်တဲ့ အဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။ နေရာအနှံ့တိုက်ပွဲတွေကြောင့် အဲဒီဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုတွေကလည်း ကြီးမားနေပါတယ်။ လုံခြုံမှုဆိုတာကတော့ မရှိသလောက်ပဲလို့ နေအိမ်ဆုံးရှုံးခဲ့တဲ့ ရေဦးမြို့ခံ ပြည်သူတယောက်က VOA ကို အခုလို ပြောပါတယ်။

“မလုံခြုံမှုကတော့ပြည်သူတယောက်အနေနဲ့ဆို စစ်ကြောင်းထိုးမှာတွေကြောက်တယ်။ လေယာဉ်နဲ့ ဗုံးကြဲမှာတွေ ကြောက်တယ်။ အဲလိုတွေ ကြောက်တာပေါ့။ သူတို့လက်ထက်မှာမလုံခြုံဘူး။ သူတို့ အာဏာသိမ်းလို့ ပထမဆုံးဆုံးရှုံးတာ ကျနော်တို့လွတ်လပ်မှုပေါ့။ နောက် စစ်ကြောင်းထိုးခံရရင် အိမ်တွေဘာတွေမီးရှို့တော့ အိမ်တွေဆုံးရှုံးရတယ်။ တချို့ဆို အသတ်ခံရတယ်။ ဒါတွေကတော့ နောက်ဆုံးအနေနဲ့ ဆုံး ရှုံးရတာတွေပေါ့။”

စစ်ပွဲတွေ ကျယ်ပြန့်လာနေတာနဲ့အတူ စစ်ကောင်စီက လူငယ်တွေကို မဖြစ်မနေ စစ်မှုထမ်းဖို့ အတင်းအကြပ် စစ်သားစုဆောင်းနေပါတယ်။ ဒီအခြေအနေမှာ လူငယ်တွေသာမက မိဘတွေ စိုးရိမ်ပူပန်နေကြရတာကို မိခင်တယောက်က ခုလို ပြောပြပါတယ်။

“ဘယ်လိုစိုးရိမ်ကြောင့်ကျမှုတွေနဲ့ဖြတ်သန်းရလဲဆိုတော့ ကျမတယောက်တည်းအမြင်ပေါ့နော်၊ ဟိုတနေ့ကဆို ကျမအပြင်ကိုသွားတယ်။ ကလေးကျောင်းပို့ပြီးတော့ လက်ဖက်ရည်ဆိုင်သွားတယ်။ အဲဒီမှာ breakfast (မနက်စာ) စားမယ်ပေါ့။ အဲဒီအချိန်မှာ ကျမသွားနေကျဆိုင်မှာ စစ်ကားတစီးရပ်ထားတယ်။ ပုံမှန်ဆိုရင် အဲဒီစစ်ကားကမရှိဘူးပေါ့နော်။ အဲလိုမျိုးဖြစ်တဲ့အခါကျတော့ ‘ဟယ်၊ ဘာလို့အဲဒီကားက ရပ်နေတာလဲ-‘ သူရှိနေတေညါ ကိုယ်က ဆက်စားရမလိုလို ပြန်ရတော့မလိုလို အဲဒီလိုမျိုးပေါ့နော်။ ဘေးနားမှာ သူတို့ရှိနေရင်ကို ကိုယ့်စိတ်က ဘယ်လိုပြောရမလဲ မလုံခြုံဘူး။ ဘာများဖြစ်လို့လဲ၊ ငါတို့ကိုပဲ ဘာလာလုပ်တာလဲ ဆိုတဲ့စိတ်က အမြဲတမ်းခံစားနေရတယ်ပေါ့နော်။ စစ်မှုထမ်းဥပဒေ ထွက်လာတယ်၊ ကျမမှာ သားတယောက်သမီးတယောက်ရှိတယ်။ သားကတော့ နိုင်ငံခြားကို လွှတ်လိုက်ပြီဆိုတော့ လုံခြုံသွားပြီ။ သမီးက အခုမှ ၁၇ နှစ်ဆိုတော့ သူ့အတွက် ဘာဆက်လုပ်ရမယ် ဆိုတာ မသိဘူးပေါ့နော်။ အဲလိုမျိုးက ပူနေတာပေါ့နော်၊ မိခင်တယောက်အနေနဲ့။”

အခုလို စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေတဲ့ ကာလတောက်လျှောက် ပြည်သူတွေဟာ အလုပ်အကိုင် အဆင်မပြေမှုတွေ၊ စီးပွားရေးကျပ်တည်းမှုတွေ လုံခြုံရေးစိုးရိမ်စိတ်တွေနဲ့ ဖြတ်သန်းနေကြရပါတယ်။ စစ်ကောင်စီဘက်ကတော့ နိုင်ငံတဝန်းဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်ရင်၊ လက်နက်ကိုင် တော်လှန်နေတဲ့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့တွေကိုပဲ အပြစ်ဖို့လေ့ရှိပါတယ်။

Forum

XS
SM
MD
LG